Monday, June 1, 2026

မိခင်မေတ္တာ ( အခန်း - ၁ )

အခန်း - ၁။ မိုက်သောသား





အခန်း - ၁

အခန်း

မိုက်သောသား

 

အဲဒီအကြောင်းတွေ နောက်ထပ် မပြောပါနှင့်။ ဘယ်တော့မှ မပြောပါနှင့်တော့။ ကျွန်တော်ဒီအယူဝါဒအကြောင်းတွေ ကြားနေရတာ နားခါးလာပြီ။ နောက်ထပ်လည်းမကြားရပါစေနှင့်တော့။ မေမေတို့သာ ကိုယ့်စိတ်ကြိုက် ကိုယ်လုပ်ကြပါ။ ဒါပေမယ့် အိမ်မှာ ဒီလောက်တောင် ကျွန်တော့်အဖို့ နားပူနားဆာဖြစ်အောင် လုပ်နေတာကိုတော့ ရပ်တန်းက ရပ်ပါဆိုတာ ကျွန်တော်အထူးပဲတောင်းပန်ပါရစေ။

ဒါပေမယ့် မေမေ့သား၊ မင်းဖခင်ကြီးကိုသတိရပါ။ သူသေကာနီး မှာ မင်းအတွက် မပျက်မကွက် ပြုလုပ်ပေးဖို့ မှာတမ်းကလေးတစ်ခု ထား ရစ်ခဲ့တယ်။ သူ့ရဲနောက်ဆုံးဆုတောင်းချက်ထဲမှာ မင်းအတွက် ဘယ်လို ထည့်သွင်းဆုတောင်းလိုက်တယ်ဆိုတာလေးကိုတော့ မင်းကို ပြောပါရ စေ။ မေမေ့ကို သူ့အိပ်ရာဘေးမှာခေါ်ပြီး ဆို့နေတဲ့လေသံနှင့်...

မေမေက ကျွန်တော်အလကားပြောနေတယ် မှတ်တယ်ထင် တယ်။ ဒါကြောင့် ဆက်ပြီးတော့သာ ပြောနေ။ ကျွန်တော်အပြီးသတ် ပြောလိုက်မယ်။ဒီနေ့ကစပြီးနောက်ဥပုသ်တစ်ပတ်လောက်မှာကျွန်တော် ပင်လယ်ခရီးထွက်ရပါ့မယ်။ မေမေနှင့်နေရတဲ့ ရက်အနည်းငယ်လေး အတောအတွင်းမှာ ကျွန်တော် စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့်နေစမ်းပါ ရစေ။ အဲဒီလိုနေခွင့်ပြုရင် ကျွန်တော်ကျေးဇူးတင်ပါ့မယ်။

 

ကြီးမားလှသောမိခင်မေတ္တာ

မစ္စစ်ဝီလ်ဆင်သည် ဉာဏ်ပညာအမြော်အမြင်ကြီးခြင်း၊ အကင်း ပါးခြင်းတည်းဟူသော ဂုဏ်ပုဒ်များနှင့်ပြည့်ဝသောမိခင်ကြီးဖြစ်ပေသည်။

ခင်ပွန်းသည်သေဆုံးပြီးနောက် တစ်ဆယ့်ငါးနှစ်တိုင်တိုင် ဆင်းရဲနွမ်းပါး ခြင်းအတိဒုက္ခကို တစ်ကိုယ်တည်း ရင်ဆိုင်တွန်းလှန်နေရသည်နှင့်အမျှ၊ မိမိသားကလေးဟဲရာလ်()အား မိမိနေထိုင်သည့်မြို့ကြီး၏ မကောင်းမှု ပယောဂအမျိုးမျိုးမှ ကင်းဝေးအောင် ကာကွယ်စောင့်ထိန်းခဲ့လေသည်။ သားကလေးအတွက်နေ့ရောညဉ့်ပါဆိုသကဲ့သို့ မပြတ်မလတ်ဆုတောင်းလျက်ရှိလေသည်။

သားကလေးစွပ်စွဲပြောဆိုချက်အရ၊ မိခင်ကြီးသည် စကားများ လွန်းသည်ဟု ထင်မြင်ယူဆဖွယ်ရာရှိသော်လည်း အမှန်မှာထိုအတိုင်း မဟုတ်ပေ။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ ဆို သည့် မိဘဝတ္တရားအတိုင်း မိခင်ကြီးသည် သားငယ်အား အုပ်အုပ်ထိန်း ထိန်းပြုလျက် မိမိစီမံချက်များအတိုင်း တစ်သွေမတိမ်း လိုက်နာဖို့ကို လည်း တိုက်တွန်းခဲ့လေသည်။ ဟဲရာလ်()သည် အချိန်အရွယ်ရောက် လူလားမြောက်လာ၍ ယောက်ျားတို့၏ တာဝန်ကို ယောက်ျားကောင်းပီပီ လွတ်လပ်စွာထမ်းဆောင်ရမည့် ယခုလိုအချိန်တွင် မိခင်ကြီးမှာ စကား ပြော အထူးနည်းပါးလျက်ရှိနေပေသည်။

သူ၏ ဖခင်သေဆုံးချိန်တွင် ဟဲရာလ်()သည် အသက်ရှစ်နှစ် အရွယ်မျှသာ ရှိသေးသည်။ သူမွေးစကပင်လျှင် မိဘနှစ်ပါးက သူ့ကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားကြလေသည်။ သူသည် ငယ်ရွယ် ချိန်တွင် ကျမ်းစာများကို လေ့လာ၍ ကြီးပြင်းလာသောအခါ လောကီ အလုပ်အကိုင်များနှင့် ပရိယေသနဝမ်းစာမရှာဘဲ သူ့ကိုချစ်၍ သူ့အား အပြစ်နွံထဲမှအသက်တော်ကိုစွန့်လျက် ကယ်တင်တော်မူပြီးလျှင် တစ်နေ့ သောအခါ သူ့အား ယုံကြည်သောတပည့်တော်အပေါင်းတို့ကို မိမိထံသို့ သိမ်းဆည်းရန် ဘုန်းတန်ခိုးနှင့် ကြွလာတော်မူမည့် ကိုယ်တော်၏ တရား ရေအေးအမြိုက်ဆေးကို လူတို့အား တိုက်ကျွေးရသည့် ပုဂ္ဂိုလ်ဖြစ်သော ဓမ္မဆရာ၏အလုပ်ကို အသက်ထက်ဆုံးထမ်းရွက်စေရန်မှာ သူ့မိဘများ ၏တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်ပေသည်။ မိဘတို့၏ မျှော်မှန်း ချက်သည် မင်္ဂလာရှိသောမျှော်မှန်းချက် ဖြစ်၍ သူတို့၏ သားကလေး ၌လည်း မိဘတို့၏ မျှော်မှန်းချက်ကို အကောင်အထည်ဖေါ်စေနိုင်မည့် အရည်အချင်းများလည်း ရှိပေသည်။ ဟဲရာလ်()သည် ရုပ်ရည်ချော၍ ငယ်စဉ်တောင်ကျေးကလေးဘဝမှပင် ဘာသာရေးဘက်ကို ကိုင်းရှိုင်း သည့်လက္ခဏာများပြသပေသည်။

တစ်နေ့သောအခါ ထူးဆန်းသော ပြောင်းလဲမှုပေါ်ပေါက်လာလေ သည်။ ဟဲရာလ်() ဖခင်သည် အသက်ကိုပင် အန္တရာယ်ပြုနိုင်သည့် ရောဂါဖြင့်နာဖျားလျက်ရှိ၏။ ထိုကဲ့သို့ လပေါင်းများစွာ လဲလျောင်းနေ သည်တွင် သားကလေးပညာသင်ကြားရေးအတွက် မိမိကုတ်ကုတ်ကတ် ကတ် စုဆောင်းလာခဲ့သော ငွေများဖြင့် ဆက်တိုက် တိုးမြင့်လျက်ရှိသော ကုန်ကျစရိတ်များအတွက် ပေးဆပ်နေရလေရာ နောက်ဆုံးတွင် ထိုငွေ များအားလုံး ကုန်ခန်းသွားလေတော့သည်။ ဤလောကမှ ထွက်ခွာသွားရ မည့်အချိန်နီးကပ်လာသည်ကိုသိမြင်သောအခါ ဇနီးသည်နှင့် သားငယ်ကို အိပ်ရာ ဘေးသို့ခေါ်ယူလျက် ယခင်ကသူတို့ကိုယ်ကို ဘုရားသခင်လက် သို့ ဆက်ကပ်အပ်နှံထားခဲ့သည်ကို သတိရလျက် ကိုယ်တော်၏ အလို တော်နှင့်ညီလျော်လျှင် ဟဲရာလ်()ကို သူတို့ကြံရွယ်ထားသည့်အတိုင်း ခရစ်တော်၏ ဓမ္မကထိကတစ်ယောက် ဖြစ်မြောက်လာရန် ပြုပြင်ပေး တော်မူဖို့ ထာဝရဘုရားသခင်ထံ သုံးယောက်သား ဆုတောင်းကြလေ သည်။

ဘုရားသခင်သည် နားညောင်းတော်မူသလော၊ ကိုယ်တော် သည်တောင်းသောဆုများကို ပြည့်စေတော်မူသလော။ ဤမေးခွန်းများ ကိုမစ္စစ်ဝီလ်ဆင်သည် လွန်ခဲ့သော နှစ်နှစ်အချိန်လောက်မှစ၍ မေးမြန်း လာခဲ့လေသည်။ အကြောင်းဆိုသော် သူမသည် သားငယ်အတွက် အမျိုး မျိုးဆုတောင်းခဲ့ပေပြီ။ မျက်ရည်များလည်း တဖြိုင်ဖြိုင်ကျဆင်းခဲ့ရပြီ။ အမျိုးမျိုးသောကြိုးပမ်းမှုများကိုလည်း ပြုခဲ့ပေပြီ။ သို့သော်ငြားလည်း လောကီပယောဂနှင့်လွှမ်းမိုးမှုများသည် သူမ၏သားငယ်အား ဖြည်းဖြည်း နှင့်မှန်မှန်ပင် ဘာသာတရားမှကင်းကွာစေ၍ နောက်ဆုံး၌ ဘာသာတရား ရေးများကိုပင်ပစ်ပယ်လိုသည့်ဆန္ဒကို တစ်နေ့တခြားပြသလာလေသည်။

 

ရာဇဝတ်ကောင်နှင့်ဝရမ်းပြေးဘဝ

ဤပုံဝတ္ထုစတင်ဖြစ်ပေါ်လာသောအချိန်တွင် ဟဲရာလ်()သည် ယစ်ထုပ်ကြီး၊ ဖဲသမား၊ သူခိုးဟူ၍ သုံးမည်ရ လူဆိုးကြီးဖြစ်လာခဲ့ပေ သည်။ ဘာသာတရားရိုသေမှုကင်းမဲ့ခြင်း၊ နှုတ်ကြမ်းခြင်း၊ သေသောက် ကြူးခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်းတည်းဟူသော မကောင်းမှုဒုစရိုက် များကိုလိုက်စားမှုကြောင့် နံမည်ကြီးလာသည့်အဆုံး၌ မိုက်တွင်းနက်ခဲ့ သော သူ့ဘေးတော်တစ်ယောက်၏ ခြေရာအားနင်းမည့်လက္ခဏာများကို ဟဲရာလ်() တွေ့မြင်ရလေသည်။ ဒုစရိုက်ပြုလုပ်သော သူတို့၏အမျိုး အစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အဘတို့၏ အပြစ်ကို သားတို့၌ဆပ်ပေးစီရင်တော်မူသည်ဟူသော ကျမ်းစကား သည် ဟဲရာလ်() လောလောဆယ်ဘဝ၌ ပြည့်စုံနေသည်ကို စဉ်းစားတွေး တောမိသော မစ္စစ်ဝီလ်ဆင်မှာ စိတ်အားလျော့သည်သာမက ရင်ကျိုးလု မတတ် ဖြစ်နေရှာ၏။

အိမ်နှင့်မဝေးလှသောနေရာ၌ မကြာမီက ဖြစ်ပျက်ခဲ့သောရာဇ ဝတ်မှုအတွက် ဟဲရာလ်()အပေါ်တွင် သင်္ကာမကင်းဖြစ်နေမှုကြောင့် သားအားတစ်ဖန်မိခင်က စကားပြောရပြန်လေသည်။ သားသည် ဤအမှု ၌ပါဝင်နေသည်ကို ယုံမှားသံသယမရှိသောမိခင်မှာ ထိုစကားကို အောင့် အည်းချုပ်တည်းထားရန်မတတ်နိုင်တော့ပေ။ ထိုကြောင့် မပြောမပြီး၊ မတီးမမြည် ဆိုသကဲ့သို့ ပြောရလေတော့သည်။ ထိုကဲ့သို့ပြောကာမှ ပိုမို စိတ်ညစ်ရမည့်အဖြစ်အပျက်တွေ့ကြုံရလေတော့သည်။သူတော်ကောင်း တစ်ယောက်ဖြစ်လာဖို့ကိစ္စကို သူ့အားနောင်ဘယ်အခါမျှ ထပ်မံမပြော ဆိုရန် သားက မိခင်အားပြောလေသည်။ ထိုသို့ထပ်မံပြောဆိုရန်လည်း မိခင်တွင် အခွင့်အလမ်းများစွာ ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆို သော် ဟဲရာလ်()ကမဝေးတော့သည့် အနာဂတ်ကာလတွင် သူသည် ပင်လယ်ခရီးထွက်ရန် ကြံရွယ်ထားကြောင်းကို ပြောပြီးဖြစ်၏။ ပင်လယ် ခရီးကို ယိုးမယ်ဖွဲ့၍ပြောသော်လည်း အမှန်မှာသူသည် ဥပဒေစက်ကွင်းမှ ရှောင်တိမ်းခြင်းမျှသာ ဖြစ်ကောင်းဖြစ်ပေမည်။

ဪမေမေ့သား၊ မေမေ့သား။ သားလေးဟာ စိတ်ထားမြင့် မြတ်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ လူကလေးဖြစ်လာဖို့ မေမေအကြိမ် ကြိမ်အခါခါဆုတောင်းခဲ့ပါတယ်။ သာသနာ့ဝန်ထမ်းတစ်ယောက်အဖြစ် ရွေးကောက်တော်မူပါလို့လည်း ဘုရားသခင်ထံ ဆုတောင်းမိပါတယ်။ လောကီနှောင်ကြိုးများမှ ကင်းလွတ်ရအောင်လည်း မေမေအစွမ်းရှိသ လောက် ကြိုးပမ်းခဲ့ပါတယ်။ အဲဒီဆုတောင်းချက်များ၊ ကြိုးပမ်းမှုများ အတိုင်း ပြည့်စုံလာလိမ့်မယ်လို့လည်း မျှော်လင့်ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် အခုမှာတော့ သားလေးဟာ ရာဇဝတ်ကောင်၊ ဘာသာတရား မရှိတဲ့ လူဆိုးလူယုတ်မာ ဖြစ်နေပါပကောလား။ မင်းဟာဒီဘာသာအယူ ဝါဒကို မုန်းတီးတယ်။ မေမေကိုလည်း မင်းရဲ့အဆိုးဆုံးရန်သူတစ်ဦးရယ် လို့ သဘောထားနေပြီ။ ဪ၊ သားလေး၊ ဟဲရာလ်() သားရတနာ ကလေး၊ မင်းကိုမေမေစွန့်ပစ်ရတော့မှာလား။

ခရစ်ယာန်ဘာသာအယူဝါဒက ပေးကမ်းထားသည့် မျှော်လင့် ချက်များ ဖွင့်ပြပြောဆိုခြင်းကို ဟဲရာလ်()သည် လက်မခံဘဲ ခေါင်းမာ စွာငြင်းဆန်ပြီးသည်နောက် မိခင် မစ္စစ်ဝီလ်ဆင်သည် ဝမ်းနည်းပက်လက် ဖြစ်ကာ အထက်ပါအတိုင်း မိမိကိုယ်ကိုညည်းညူပြောဆိုနေလေသည်။

 

မိခင်အိပ်မက်

သူ၏မိခင် ဝမ်းနည်းကြေကွဲစွာဖြင့် မျက်ရည်ကျလျက်ရှိစဉ် ဟဲရာလ်()သည် အရက်သောက်လျက်နေလေသည်။ သူ့သူငယ်ချင်း အပေါင်းအဖေါ်များနှင့်အလွန်အကြူး မူးရူးပျော်ပါးလျက် မကြာမကြာ သူနှင့်ပတ်သက်၍ မိဘများထားရှိသော မျှော်လင့်ချက်ကို ကျယ်လောင် စွာ ရှုတ်ချပြောဆိုသံကိုလည်း ကြားရလေသည်။ သူသည်အရက်မူးလျက် ပါးစပ်မှလည်း ကြမ်းတမ်းစွာ ရေရွတ်နေ၏။ ထိုတွင်မကဘဲ ဘုရားသခင် ဆိုသောပုဂ္ဂိုလ်ရှိလျှင် သူ့အားလာရောက်ဒဏ်ခတ်ဖို့ ခေါ်ဖိတ်လျက်နေ လေသည်။ ဤအခြေအနေတိုင်အောင် ဟဲရာလ်()သည် ဆိုးသွမ်းလျက် ရှိပေပြီ။

ဘုရားသခင်သည် နားညောင်းတော်မူသလော။ ကိုယ်တော်သည် တောင်းသောဆုများကို ပြည့်စုံစေတော်မူသလော။ မိခင်တစ်ဦး၏ ဆု တောင်းပတ္တနာသံများကိုမကြားဘဲ နေခဲ့ပါသလော။ လွန်ခဲ့သောအချိန်၌ မိဘများ၏ကြိုးပမ်းချက်၊ အနစ်နာခံချက်နှင့် ဘာသာတရားဆည်းကပ်မှု၊ ယုံကြည်ကိုးစားမှုတို့သည် အချည်းနှီးဖြစ်ခဲ့ပြီလော။

သားကိုချစ်ခင်သောမိခင်အတွက် ထိုအချိန်သည် အကယ်အမှန် မှောင်မိုက်အတိ ကျရောက်သော အချိန်ဖြစ်သတည်း။ သားအတွက် ရတက်မအေးရသော ဝန်ထုပ်ကြီးကြောင့် နွမ်းနယ်ပင်ပန်းလျက် အား တက်စရာအကွက်ဆိုလျှင် လုံးဝမတွေ့ရသေးသော မိခင်ကြီးသည် လဲ လျောင်းအိပ်ပျော်သွားလေသည်။

အိပ်ပျော်နေခိုက်၊ အိပ်မက်တစ်ခုကို မြင်မက်လေသည်။ မစ္စစ် ဝီလ်ဆင်သည် ကမ္ဘာသစ်တွင် ရောက်ရှိနေသည်။ ထိုကမ္ဘာသစ်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည်ဖြစ်သောကြောင့် အမင်္ဂလာ အထိမ်းအမှတ်လက္ခဏာဟူ၍ မတွေ့မြင်ရတော့ပေ။ အပြစ်ဒုစရိုက်နှင့် ၎င်း၏ဆိုးကျိုးများကိုလည်း ထိုကမ္ဘာသစ်မှ ထာဝစဉ်ဖယ်ရှင်းပြီး ဖြစ် လေပြီ။ ကယ်တင်ရှင်ဖြစ်သောခရစ်တော်ကို မစ္စစ်ဝီလ်ဆင်သည် ဖူးမြင်ရ ၏။ ခေတ်ကာလအဆက်ဆက်မှ သိမ်းဆည်းကယ်တင်ထားသော မရေ မတွက်နိုင်သော သန့်ရှင်းသူတို့ကိုလည်း တွေ့မြင်ရလေသည်။ ထိုသူတို့ သည် လက်ထဲ၌ သံလွင်ခက်နှင့်စောင်းများကို ကိုင်ထားကြ၏။ ထိုအခြင်း အရာများကို တွေ့မြင်ရပြီးမှ သားလေးအတွက် စိတ်၌ အလိုမပြည့် ရတက်မအေးဖြစ်တော့မည့်ဆဲဆဲ၌ သူမ၏ ဘေးနားတွင် မိမိခင်ပွန်းရပ် နေသည်ကို တွေ့မြင်ရလေသည်။ ခင်ပွန်းသည် ရွှင်ရွှင်လန်းလန်း ပြည့် ပြည့်ဖြိုးဖြိုးရှိလျက် သူမအားစိုက်ကြည့်ကာ ဟဲရာလ်() တစ်ယောက် ဒီမှာရောက်နေပြီလေ ဟု အားပါးတရပြောလေသည်။

ဟုတ်ကဲ့၊ ကျွန်တော် ဒီမှာ ရှိပါတယ်ဖေဖေ ဟူသော နားဝင် ချိုလှသည့်စကားကို သူတို့ချစ်သည်းညှာထံမှ ကြားရကြ၏။ ထိုနောက် ဟဲရာလ်()သည် သူ့ရှေ့မှာ ရပ်လျက်နေလေသည်။ ထိုအချိန်တွင် သူ သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောခရစ်တော်၏ ပုံသဏ္ဌာန်နှင့် ထပ်တူ ထပ်မျှဖြစ်သောသဏ္ဌာန်ကို ဆောင်လျက်နေလေသည်။

ဪ၊ ဟဲရာလ်() သားလေးဟဲရာလ်() ဘုရားသခင်၏ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ကိုယ်တော်သည် မေမေရဲ့ဆုတောင်း သံကို နားညောင်းတော်မူပြီ။ တောင်းသောဆုကိုလည်း ပြည့်စုံစေလေပြီ။ သားလေးဒီနေရာကိုရောက်လိမ့်မယ်လို့ မေမေမထင်မိဘူး။ ဘုရားသခင် ဟာ သားလေးကိုဘယ်လိုတွေ့ရှိပြီး ဘယ်လိုကယ်ယူတော်မူခဲ့သလဲ။

 

မိခင်မျဉ်းသားထားသောကျမ်းစာ

မေမေ၊ ကျွန်တော်ပင်လယ်ခရီးထွက်သွားစဉ်က ကျွန်တော့် ပစ္စည်းများကြားထဲမှာ မေမေဝှက်ထည့်ပေးလိုက်တဲ့ မှတ်သားထားသော ကျမ်းစာကိုမှတ်မိပါသလား။ အဲဒီကျမ်းစာအုပ်ထဲမှာ မေမေရေးသားထား တဲ့ အမှာစကားများနဲ့ မေမေမျဉ်းသားထားသော ကျမ်းချက်များရဲ့ ဆုံးမ စကားတွေဟာ ကျွန်တော်ရဲ့ခိုင်မာလှတဲ့စိတ်နှလုံးကို ပျော့ပျောင်းစေပြီး

ဘုရားသခင်ထံကျွန်တော်ရဲ့ကိုယ်ကို ဆက်ကပ်အပ်နှံတော့မှ ကျွန်တော့် မှာ စိတ္တသုခရရှိပါတော့တယ်။ ဘုရားသခင်သည် ကျွန်တော့်ကို မချီခဲ့ တော်မူပြီ။ ကျွန်တော့်အား မှန်သောလမ်းသို့ ပို့ဆောင်တော်မူပါပြီ။ ကျွန်တော့်ကို သာယာသော ဤရွှေပြည်ရပ်ဌာနီကိုလည်း ပို့ဆောင်တော် မူခဲ့ပါပြီ။

မစ္စစ်ဝီလ်ဆင်သည် အဘယ်မျှကြာကြာ အိပ်ပျော်သွားသည်ကို မသိပါ။ သို့သော်အိပ်ရာမှ နိုးလာသောအခါ အချိန်သည် ညဉ့်နက်သန်း ခေါင်ကျော်ကျော်ရှိနေပေပြီ။ ထိုအချိန်တွင် သူမ၏ အခန်းဆီသို့ ရှေးရှု၍ လာနေသော ဟဲရာလ်()၏ခြေသံကိုကြားသယောင်ယောင်ရှိလေသည်။ သို့ရာတွင် ဤလေးလံ၍ဟုတ်နိုးနိုးထင်ရသော ခြေသံသည် ဤအကြိမ် တွင် အဘယ် ကြောင့်သူမ၌ ရှေးကကဲ့သို့ စိတ်သောကရောက်စေမှုကို မဖန်တီးသနည်း။ သူမ၏အိမ်ထောင်ကို ဖျက်ဆီးလျက်ရှိသော ဤအဖြစ် ဆိုးကြီးကို အဘယ်ကြောင့်ပိုက်ထားနိုင်သနည်း။

မစ္စစ်ဝီလ်ဆင်သည် အိပ်မက်များကို ယုံကြည်သူမဟုတ်ပါ။ ဘဝင်ကျစရာကောင်းလှသော သူမ၏ မြင်မက်သော ရူပါရုံကိုလည်း ဘုရားသခင်ကပေးသည်ဟူ၍မထင်မှတ်။ သို့ငြားသော်လည်း မေတ္တာ အရင်းခံထား၍ ဆောင်ရွက်အပ်သော လုပ်ငန်းတစ်ခုကိုကား ဤအဖြစ် အပျက်မှတွေ့မြင်သိရှိရ၏။ သူမအတွက် မျှော်လင့်ချက်များသော အခြေ ခံ အကြောင်းတစ်ရပ်ကိုလည်းကောင်း၊ အဘယ်အရာမဆို ဖြစ်နိုင်ရမည် ဟူသော အမြင်မျိုးကိုလည်းကောင်း ရရှိလေသည်။  ရရှိသောအကြံဉာဏ် ကို လက်တွေ့ ကျင့်သုံးရန် အကြံထုတ်လေသည်။

ခြိုးခြိုးခြံခြံနေထိုင်၍ စုဆောင်းခဲ့သော ငွေလေးကို ကိုင်လျက် မြို့ထဲသို့သွားရောက်ကာ ဟဲရာလ်()အတွက် ကျမ်းစာတစ်အုပ်ကို မစ္စစ် ဝီဆင်သည် ဝယ်ယူခဲ့လေသည်။ ငွေပြတ်သွားသောအခါ အသုံးပြုဖို့ဟူ၍ ချန်မထားတော့ဘဲ ရှိသမျှသော ငွေလေးနှင့်အကောင်းဆုံး ကျမ်းစာတစ် အုပ်ကိုဝယ်လေသည်။ သား၏အသက်သည် သူမ၏ အသက်ထက် အဖိုး ထိုက်သည်မဟုတ်ပါလော။ ပထမဆုံးကျမ်းဖြစ်သော ကမ္ဘာဦးကျမ်းမှအစ ပြု၍ နောက်ဆုံးကျမ်းဖြစ်သော ဗျာဒိတ်ကျမ်းအထိ ကြား၌ရှိသော ကျမ်း များမှ တစ်နေ့သောအခါတွင် သား၏ စိတ်နှလုံးကို ထိခိုက်ဆွဲဆောင်နိုင် မည့် ကျမ်းပိုဒ်ရှိသမျှကို အထူးဂရုစိုက်ကာ မျဉ်းသားထားလေသည်။ အဘယ်ကျမ်းပိုဒ်များအား မျဉ်းသားထားသည်ကို ဤနေရာတွင် မပြော လိုသေးပေ။ သို့သော် ဉာဏ်အမြော်အမြင်ရှိလျက် သားကိုချစ်၍ သား အတွက် အမြဲမေတ္တာပို့သသော မိခင်သာလျှင် သားအား သောတာပန် တည်စေနိုင်သောတရားကိုပေးနိုင်သည့် ဤလုပ်ငန်းကို ကြံစည်လုပ်ကိုင် နိုင်သည်ဟူသော အချက်ကိုသာ မှတ်ချက်ချရန် တော်လောက်ပေပြီ။

မစ္စစ်ဝီလ်ဆင် မှတ်သားထားသော ကျမ်းပိုဒ်များသည် အခြေခံ အဓိက အချက်ကြီးနှစ်ချက်နှင့်သက်ဆိုင်ပေ၏။ ၎င်းတို့မှာ- သခင်ယေရှု သည် ပြည့်ဝစုံလင်သော ကယ်တင်ရှင်ဖြစ်တော်မူသည်ကို ယုံကြည်ခြင်း နှင့် ကိုယ်တော်၏ ပညတ်တော်ရှိသမျှတို့ကို စောင့်ရှောက်လိုက်နာခြင်း ဖြစ်၏။ ကျမ်းစာထဲ၌ ဖေါ်ပြပါရှိသော တစ်ဦးတည်းသောမေရှိယ (ကယ် တင်ရှင်) ဘုရားသခင်သည် သခင်ယေရှုပင် ဖြစ်သည်ကိုလည်းကောင်း၊ ကိုယ်တော်သာလျှင် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသော အရှင်ဖြစ် တော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ပုရောဖက်များအားဖြင့် လူတို့အား သတိပေးဆိုဆုံးမသည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ရှေးဘိုးဘေးတို့နှင့် ပက်ပင်းတွေ့ဆုံလျက် စကားပြောတော်မူသည်ကို လည်းကောင်း၊ သိနာတောင်ပေါ်မှာ ပညတ်တော်ကို ပေးတော်မူသော အရှင်သည် ကိုယ်တော်ပင်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ကတိထား တော်မူသော ခါနာန်ပြည်သို့ ဣသရေလလူမျိုးကို ပို့ဆောင်တော်မူသော အရှင်သည် ကိုယ်တော်ပင်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ အာဒံ၊ ဧနောက်၊ နောဧ၊ အာဗြဟံ၊ မောရှေ၊ ဒါဝိဒ် စသောပုဂ္ဂိုလ်ကြီးများနှင့် ယှဉ်တွဲလမ်းလျှောက်စကားပြောတော်မူသောအရှင်သည် ကိုယ်တော်ပင် ဖြစ်သည်ကိုလည်းကောင်း မစ္စစ်ဝီလ်ဆင်သည် သိရှိပြီးဖြစ်၏။ သခင် ယေရှုသည် ကမ္ဘာဦးကပင် အသေသတ်ခံသော သိုးသငယ် ဖြစ်သော ကြောင့် ကရာနီးကုန်းအကြိုခေတ်နှင့် ကရာနီကုန်းအပြီး ခေတ်နှစ်ခုစလုံး တွင် လူအပေါင်းတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရ ကြ၏။ သူမအတွက်မူ ကျမ်းစာတစ်အုပ်လုံးသည် အပြစ်သားတို့၏ မိတ်ဆွေဖြစ်သော သခင်ယေရှု၏ အတ္ထုပ္ပတ္တိပင်ဖြစ်ချေ၏။

အကယ်၍ ဟဲရာလ်()သည် ကျမ်းစာကို ဖွင့်ကြည့်ခဲ့သော် သူသည် ၎င်းအတ္ထုပ္ပတ္တိ တစ်လျှောက်လုံးတွင် ခရစ်တော်ကိုတွေ့ရှိရသည် သာမက ကိုယ်တော်၏ စကားသံကိုကြားရပြီးလျှင် ကိုယ်တော်၏ မေတ္တာ တော်ကိုလည်းသိရှိရပြီးနောက် ကိုယ်တော်အတွက် ဆောင်ရွက်စရာများ ကို ဆောင်ရွက်ပေးဖို့ မစ္စစ်ဝီလ်ဆင်သည် အလိုရှိပေသည်။ ထိုကြောင့် ပညတ်တော်ဆယ်ပါးက တောင်းဆိုထားသည့်အချက်များကို ပေါ်လွင် အောင် သူမအနေဖြင့် အထူးဂရုစိုက်ပြုလုပ်ပေးရမည်မှာ ဓမ္မတာပင်ဖြစ် ပေသည်။ အကယ်၍ ခရစ်တော်သည် ကိုယ်တော်တိုင် ၎င်းပညတ်တော် များကို မိန့်မြွက်မှာကြားခဲ့ပြီးနောက် ၎င်းတို့ကိုလူ၏ စိတ်နှလုံး၌ ကမ္ဗည်း ထိုးထားစေရန် အသေခံတော်မူခဲ့သည်မှန်လျှင် ၎င်းပညတ်တော်များ သည် လူတို့ကယ်တင်ခြင်းခံစားမှုအတွက် အလွန်အရေးပါအရာရောက် သည် မဟုတ်တုံလော။ ထိုကြောင့် မိမိ၏ သားလေးသည် သခင်ယေရှုထံ မိမိကိုယ်ကို ဆက်ကပ်အပ်နှံဖို့ တိုက်တွန်းရာတွင် ထွက်မြောက်ရာကျမ်း အခန်းကြီး ၂ဝ ကိုအဓိကထား၍ ညွှန်ပြပြောဆိုရလေသည်။

ရေးနေရင်း မျက်စိမှကျဆင်းလာသော မျက်ရည်စက်များဖြင့် စွန်း ထင်းနေသော စာအုပ်၏မျက်နှာဖုံးအတွင်းခံစက္ကူလွတ်တွင် မစ္စစ်ဝီလ် ဆင်သည် အောက်ပါစာကလေးကို ရေးသားထားလေသည်။

မေမေ့ ချစ်သား

မေမေသားကိုချစ်ပါသည်။ သားအပေါ်မှာ မေမေဘယ်တော့မှ မေတ္တာမပျက်ပါ။ ဒါပေမယ့် သားကို အနန္တမေတ္တာနှင့်ချစ်တဲ့ ပုဂ္ဂိုလ် တစ်ပါးရှိပါသေးသည်။ ထိုပုဂ္ဂိုလ်သည် ယေရှုပင်တည်း။ သားသည် ကိုယ်တော်ကို ယခုအခါ မချစ်သေး။ သို့သော်လည်း ကိုယ်တော်သည် အဘယ်မျှကောင်းမြတ်တော်မူသောအရှင်ဖြစ်သည်ကို သားသည် သိမြင် တွေ့ရှိ၍ ကိုယ်တော်ထံသားသည် မိမိကိုယ်ကို အပ်နှံဆက်ကပ်ထားစေ ရန် မေမေဆုတောင်းမေတ္တာပို့သလျက်ရှိပါသည်။ ဤစာအုပ်သည် ကိုယ် တော်ထံမှလည်းဖြစ်၏။ မေမေ့ထံမှလည်းဖြစ်၏။ ကိုယ်တော်၏ မျက်နှာ နှင့် မေမေ့မျက်နှာကို ထောက်ပြီး ၎င်းကို ဖတ်ကြည့်ပါ။ ၎င်းအတွင်း၌ ပါရှိသောကတိတော်များသည် စိတ်ချရပါသည်။ ၎င်းကတိတော်များကို သား၏စိတ်ထဲ၌သိုမှီးထားလျှင် သားအားသန့်ရှင်းစင်ကြယ်ခြင်း၊ ဝိညာဉ် ခွန်အားကြီးထွားခြင်းနှင့်အောင်မြင်ခြင်း အကျိုးကျေးဇူးများကို ပေးပါ လိမ့်မည်။ ထိုနောက် သားသည် မတုပနိုင်သော စိတ်ပျော်ရွှင်မှုကို ရရှိပါ လိမ့်မည်။ သားသည်လည်း သူတစ်ပါးအတွက် ကောင်းကျိုးတစ်ရပ် ဖြစ် လာလိမ့်မည်။ သားအတွက်အသက်ကို စွန့်တော်မူသော သား၏မိတ်ဆွေ ကြီးယေရှုကိုလည်း စိတ်ပျော်ရွှင်မှု ဖြစ်စေလိမ့်မည်။ နောင်မဝေးတော့ သည့်ကာလတွင် သားသည် မေမေ့ကိုတစ်ယောက်နှင့် တစ်ယောက် ခွဲခွာမှုကင်းသောအရပ်တွင် တွေ့ရှိရပေလိမ့်မည်။

ချစ်လှစွာဖြင့်

မေမေ

ဟဲရာလ်()သည် အိမ်မှထွက်ခွာလုချိန်တိုင်အောင် မှတ်သား ထားသောကျမ်းစာသည် မထင်ရှားသောနေရာ၌ မြုပ်လျက်နေ၏။ တစ်နေ့သောအခါ ဟဲရာလ်()သည် ကိစ္စအသေးအဖွဲတစ်ခုကြောင့် အပြင်သို့ သွားနေခိုက်တွင် မိခင်သည် ထိုကျမ်းစာကိုသား၏ သေတ္တာ ထောင့် တစ်ထောင့်၌ ထည့်ထားပေးလိုက်လေသည်။

သွားတော့မယ်၊ မေမေ။

မစ္စစ်ဝီလ်ဆင်သည် မကြာသေးမီကပင် နံနက်ဘုရားဝတ်ပြုပြီး ဖြစ်သည်။ စိတ်အားတင်းလျက် သွားပေတော့၊ သားလေးရေ ဟု ပြော ရင်း သားလေးအား ယုယစွာ ပိုက်ဖက်ထားလေသည်။ မျက်ရည်များကို မျိုသိပ်၍ပြုံးသောမျက်နှာထားကိုဆောင်လျက်ရှိလေသည်။

ထိုနောက်ခွဲခွာကာနီး၌ မိခင်တို့က တီးတိုးမှာကြားတတ်သော စကားများကို သားအား တီးတိုးမှာကြားသော်လည်း ဟဲရာလ်()သည် တစ်ခွန်းမျှပြန်မပြောဘဲ ကတိုက်ကရိုက်နှင့်အိမ်ပေါ်မှ ဆင်းသွားလေ တော့သတည်း။

  


အခန်း - ၂

အခန်း

ဘာသာတရားကြည်ညိုသောမာလိန်မှူးတစ်ဦး၏ဆုတောင်းပြည့်ခြင်း

 

မေလအတွင်းသာယာသောနေ့တစ်နေ့တွင် ဟဲရာလ်()ဝီလ်ဆင် ရိုးရိုးသင်္ဘောသားအဖြစ် လိုက်ပါစီးနင်းလာသော ယိုကိုဟားမား သင်္ဘောကြီးသည် အမေရိကန်ပြည် ဂိုလ်ဒင်းဂိတ်ခေါ် စံဖရန်စစ္စကိုမြို့မှ သြစတြေးလျပြည်၊ မဲလ်ဘုန်းမြို့သို့ ခုတ်မောင်းလျက်ရှိ၏။ ဟဲရာလ်() အတွက် ထိုနေ့သည် စိတ်လေးလံထိုင်းမှိုင်းသောနေ့ဖြစ်၏။ ကြမ်းကြမ်း တမ်းတမ်းနေရထိုင်ရသောဘဝသည် သူ့အတွက် ဝါကြွားဂုဏ်ယူစရာဖြစ် သည်ဟု ယူဆစရာရှိသော်လည်း ဟဲရာလ်() အတွင်းစိတ်တွင် မေ့လျော့ဖျောက်ဖျက်ပစ်၍မရနိုင်သော လူငယ်လူရွယ်နှင့်စပ်ဆိုင်သော သံယောဇဉ်သည် ကိန်းအောင်းငြိတွယ်လျက်ရှိနေလေသည်။

သင်္ဘောကြီးသည် မိမိအား မောင်းနှင်သောစက်နှင့်အုပ်ထိန်း သော တက်မတို့၏အလိုသို့ လိုက်လျောနေရသည့်အလား ကမ်းစပ်မှခွာ၍ ပစိဖိတ်သမုဒ္ဒရာဘက်သို့ ဦးတည်ကာ ထွက်လာစဉ် ကမ်းစပ်သည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်စပြုသောအခါ ဟဲရာလ်() စိတ် တွင် နှစ်ပေါင်းများစွာ အထက်က တစ်ကြိမ်တစ်ခါမျှပင် စိတ်မကူးမိသော မိခင်အရိပ်အာဝါသ၏ တန်ဖိုးကို တစိုးတစိစိတ်ကူးမိလေသည်။ အဘယ် ကြောင့် ဤစိတ်ကူးမျိုး ပေါ်ပေါက်လာသည်ကို သူကိုယ်တိုင်ပင် အဖြေ ရှာမရသော်လည်း ယခုအချိန်တွင် သူသည် မိခင်နှင့်ဝေးမှန်းမသိ ဝေးလာ လေပြီ။ သူ့စိတ်ကူးတွင် မိခင်သည် ထူးခြားသော အသွင်ကို ဆောင် လျက်ရှိလေသည်။ သူ မိခင်သည် နဂိုအားဖြင့်လှပသော ရုပ်အဆင်း ရှိသောအမျိုးသမီးတစ်ဦးဖြစ်ပေသည်။ အကယ်၍သာ သူသည် သင်္ဘော ဦးကို အပြန်လမ်းသို့လှည့်ပေးနိုင်မည်ဆိုပါက လှည့်ပေး၍သင်္ဘောပေါ်မှ ခုန်ချကာ အိမ်သို့ သုတ်ချီတင်လျက် သွားလိုသောဆန္ဒများပင် သူ့စိတ်၌ ပေါ်ပေါက်လာလေသည်။

အမှန်အားဖြင့် ဤစိတ်ကူးသည် ယာယီမျှသာ ပေါ်ပေါက်လာ သော စိတ်ကူးဖြစ်သော်လည်း မိခင်နှင့်သားအား ချည်နှောင်ထားသော သံယောဇဉ်ကြိုးသည် လုံးဝပြတ်တောက်မသွားသေးကြောင်းကို ပြသ ပေသည်။ ဤသံယောဇဉ်ဖြင့်လည်း ဟဲရာလ်()သည် သူ့အား ရစ်ပတ် ထားသည့်ဒုစရိုက်မကောင်းမှုတို့မှ ရုန်းကန်ထွက်စေရန် ဘုရားသခင် သည် ပြုပြင်တော်မူမည်။

စီးဆင်းလာသောမျက်ရည်များကို လျင်မြန်စွာ သုတ်လျက် သူ့ အတွက် မိခင်တောင်းထားသော ဆုများကိုသူ့ စိတ်မှ ဖျောက်ဖျက်ပစ်ရန် ဟဲရာလ်()သည် စိတ်ပိုင်းဖြတ်လေသည်။ ယောက်ျားတစ်ယောက်လုံး လုပ်နေပြီး ကလေးစိတ်သဘောထားတွေ ဖျောက်ဖျက်ပစ်စမ်းပါ ဟဲရာလ်()ရယ် ဟု သူ့ကိုယ်သူဆုံးမပြောဆိုလေသည်။ ထိုစိတ်ပြဌာန်း ချက်သည်လည်း အောင်မြင်တော့မလိုလိုဖြစ်နေ၏။

 

ဟဲရာလ်()ကျမ်းစာတွေ့ပြီ

ယိုကိုဟားမား သင်္ဘောသားများသည် လူမျိုးစုံဖြစ်၏။ အားလုံး လောက်ပင် သေရည်သေရက်သောက်သောသူ၊ ညစ်ညမ်းသော စကားကို ပြောဆိုသောသူ၊ ဘာသာတရားမဲ့သောသူများဖြစ်ကြ၏။ ထိုလူသိုက်နှင့် ဟဲရာလ်()သည် အသွင်တူ၍သာလျှင် အိမ်သူဖြစ်လာခဲ့ပေသည်။

အလို၊ ဒါကဘာပါလိမ့် ဟဲရာလ်()သည် သူအလိုရှိနေသော အင်္ကျီတစ်ထည်ကို သင်္ဘောသားများ အဝတ်အစားထည့်သော သေတ္တာ ထဲ၌ထည့်ထားသည့် သူ့အဝတ်အစားများတွင် လှန်လှောရှာ၍ ဆွဲထုတ် လိုက်သောအခါ အထုပ်တစ်ထုပ်သည် ကြမ်းပေါ်သို့လွင့်စဉ်ကျလာလေ သည်။

ငါလည်းဒီအထုပ်တစ်ခါမှ မတွေ့ဖူးပါလား ဟု ပြောဆိုလျက် အထုပ်ကိုကောက်ယူ၍ ကပျာကယာဖြေကြည့်လေသည်။

ကျမ်းစာပါကလား။ ငါ့ကိုမိခင်ကြီးက ဒီလိုစာအုပ်မျိုးဖတ်တဲ့ လူမိုက်များ အောက်မေ့နေသလားမသိဘူး။ ဒါပေမယ့် ဒီစာအုပ်ကြည့် ရတာတော်တော်ကောင်းပုံရတယ်။ ဘယ်လောက်များပေးရပါလိမ့်မလဲ။ ဟာ၊ ထူးဆန်းတာလေးကတော့ ငါ့လိုယစ်ထုပ်ကြီး၊ အလစ်သမား တစ်ယောက်ဟာ ကျမ်းစာပိုက်ပြီး သင်္ဘောလိုက်သကိုး။ သင်္ဘောသား တွေကို ငါကပဲဓမ္မကထိကကြီးလုပ်ပြီး တရားရေအေးအမြိုက်ဆေး တိုက် ကြွေးရတဲ့အလုပ်ကိုတောင်းရရင် ကောင်းမလားမသိဘူး။

ဟဲရာလ်()သည် ကျမ်းစာထဲတွင် ဘယ်အရာများရေးသားထား သည်ကို သိရှိရုံမျှဟူသော အာသီသဖြင့် ၎င်းကျမ်းစာကို ဖွင့်ကြည့်လေ၏။ ဖွင့်ဖွင့်ချင်း မျက်စိတန်းမိသောစကားလုံးများသည် မြင်နေကျမိခင်၏ လက်ရေးဖြင့် ရေးသားထားသည်ကို တွေ့ရှိရ၏။ ထိုစကားလုံးများမှာ- မေမေ့ချစ်သား ဖြစ်၏။ လည်ချောင်းထဲတွင် အလုံးကြီးတက်လာ၏။ ရုတ်တရက်ပင် မိမိကလေးဘဝကိုပြန်လည်သတိရ၏။ ထိုစဉ်ကသူသည်

အပြစ်ကင်း၏။ ယခု အတော်ကြာကြာပင် စွန့်ပယ်ထားပြီးဖြစ်သော မိခင် ချစ်ဖွယ်သော စကားများကို ထိုစဉ်က နေ့တိုင်းလိုလို ကြားရ၏။ မျက်ရည်များတို့သည် နောက်တစ်ဖန်သူ၏ ပါးပြင်ပေါ်သို့ စီးကျလာ၏။ သူ့စိတ်အင်အားပျော့မှုကို အခြားသင်္ဘောသားတစ်ဦးက တစေ့တစောင်း တွေ့မြင်မည်ကို စိုးရိမ်သောကြောင့် သူ့မျက်နှာကို လူမရှိသည့်ဘက်သို့ လှည့်ထားလေသည်။

သို့သော်လည်း စာအုပ်၏ မျက်နှာဖုံးအတွင်းခံ စက္ကူလွတ်၌ ရေးသားထားသောမိခင်၏ အမှာစကားလေးအား ဖတ်လိုသော ဆန္ဒကို ကား သူမလွန်ဆန်နိုင်ပေ။ ကျမ်းစာကိုအောက်သို့မချ၊ လွှင့်မပစ်သေးဘဲ စာမျက်နှာများကို ခပ်သုတ်သုတ်လှန်ကြည့်ရာတွင် မိခင်၏ ကြင်နာသော လက်ဖြင့်မျဉ်းသားထားသောကျမ်းချက်များကိုတွေ့ရှိလေသည်။ ၎င်းမျဉ်း သားထားသောကျမ်းချက်များ၏ အနီးကွက်လပ်၌လည်း ဆုံးမစကား လေးများရေးသားထားသည်ကိုတွေ့ ရှိရ၏။

ဒီစာအုပ်ကိုငါမလိုချင်ပါဘူး။ ငါသွားတဲ့နေရာတိုင်းလိုက်ပြီး ဒီစာ အုပ်ကခြောက်လှန့်နေဦးမှာလား ဟုဆိုကာ ကျမ်းစာအုပ်ကို သေတ္တာ ထဲပစ်ချ၍ သေတ္တာအဖုံးကိုဆောင့်ပိတ်ပြီးလျှင် ညဉ့်အိပ်ရာဝင်လေတော့သည်။

ပင်လယ်၌မီးလောင်ခြင်း

ဟဲရာလ်() သင်္ဘောထွက်လာသည်မှာ တစ်လမျှ ရှိလေပြီ။ ထိုအချိန်ကာလအတွင်း သွားနေရသောခရီးမှာ ကြမ်းတမ်းခက်တရော် ရှိလှပေသည်။ အဘယ်ကြောင့်ဆိုသော် ပင်လယ်သည် ထိုအချိန်တွင် ကြမ်းတမ်း၍ တစ်ကြိမ်နှစ်ကြိမ်မက သင်္ဘောသည် ပျက်မည့်ဘေးနှင့် ရင်ဆိုင်ရလေသည်။ သင်္ဘောသားတိုင်းလောက်ကပင်လျှင် ယခုအကြိမ် သင်္ဘောလမ်းသို့ ချောချောမောမောဆိုက်ကပ်ခဲ့သော် နောက်တစ်ကြိမ် တွင် သင်္ဘောမလိုက်တော့ဘဲ အခြားလုပ်ငန်းအားဖြင့်ဝမ်းစာရှာရန် သစ္စာ ပြုကြလေသည်။ (ဒုက္ခသည်လူတို့အား သာလွန်ကောင်းမွန်သောအရာ များကိုသာ တွေးတောလက်လှမ်းစေသည်မဟုတ်ပါလော။) ယခုသင်္ဘော ကုန်လှောင်ခန်းမှ မီးစတင်လောင်ကျွမ်းလေသည်။

ယိုကိုဟားမား သင်္ဘောသည် ရေနံဆီအမြောက်အမြားတင် ဆောင်လာ၏။ ၎င်းကိုမီးလောင်ကျွမ်းလျှင် သင်္ဘောနှင့်လိုက်ပါလာသော လူဟူသမျှ သေကျေပျက်စီးကြမည်မှာ မုချပင်ဖြစ်၏။ သင်္ဘောပေါ်၌ ပါလာသောမီးသတ်အဖွဲ့ဝင်တို့သည် ထိုမီးမှ မီးတောက်များ ၎င်းရေနံဆီ သိုထားရာနေရာသို့ ကူးစက်မသွားနိုင်အောင် ကြိုးစား၍ ငြိမ်းသတ်ကြ ၏။

ထိုသင်္ဘောကိုအုပ်ထိန်းရသော မာလိန်မှူးဆိုသူသည် ခရစ်ယာန် တစ်ယောက်ဖြစ်၍ စကားအပြောအဆိုနည်းပြီးလျှင် သူ့လက်အောက်၌ ရှိသော သင်္ဘောသားအများ၏ကြည်ညို၊ ယုံကြည်၊ လေးစားမှုကိုရရှိသော ပုဂ္ဂိုလ်ဖြစ်ပေသည်။ သူသည် ယဉ်ကျေးသိမ်မွေ့၏၊ သတ္တိရှိ၏၊ ခပ်သိမ်း သောအရာတို့၌ ချိန်ချိန်ဆဆရှိ၏။ သင်္ဘောသားများနှင့်ဆိုလျှင် ရေနှင့်ဆီ တမျှကွာခြား၏။ ဤအလုပ်ကိုလုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ် ကျော်မျှရှိပေပြီ။ ပင်လယ်၌ မီးလောင်ခြင်းဒုက္ခနှင့် ရင်ဆိုင်ရသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်၏။

မီး၊မီး ဆိုသောအော်ဟစ်သံသည် မာလိန်မှူး မန်းအား စိတ် ဓါတ်ကောင်းကောင်းထားရန် လှုံ့ဆော်လိုက်သကဲ့သို့ဖြစ်၏။ ရင်ဆိုင်နေ ရသောအန္တရာယ်သည် သူ့အား စိတ်ဓါတ်ပျက်ပြားစေလောက်အောင် ကြောက်မက်ဖွယ်ဖြစ်သော်လည်း သူသည် တည်ကြည်သော စိတ်နှင့် ဖျတ်လတ်လျင်မြန်စွာဖြင့် သင်္ဘောသားအသီးအသီးအား တာဝန်လွှဲအပ် ထားလေသည်။ ယခုကဲ့သို့ မာလိန်မှူး မန်း၏ ခိုင်မာသောစိတ်ဓါတ်ကို တွေ့မြင်ကြရသောသင်္ဘောသားတို့သည် ယုံကြည်စွာဖြင့် မီးကိုဝိုင်းဝန်း ငြိမ်းသတ်ကြလေသည်။ အထူးသဖြင့် ဟဲရာလ်()ဝီလ်ဆင်သည် မာလိန် မှူး၏ သူရသတ္တိနှင့်ယုံကြည်မှုကို သတိပြုမိလိုက်လေသည်။

သို့ရာတွင် ရုတ်တရက်မာလိန်မှူးမန်းသည် ပျောက်သွားလေ၏။ ထိုသို့ပျောက်သွားပြီး ရှေ့စဉ်နောက်စဉ်အချိန်လေးမှာပင် ရုတ်တရက် ပေါ်ပေါက်လာသော အခြားအရေးကြီးသောကိစ္စတစ်ခုကြောင့် မာလိန် မှူး မန်း၏ အကူအညီကိုရယူရန် မာလိန်မှူးမန်းကို တရုတ်တရက်မတွေ့ သောအခါ ဟဲရာလ်()ဝီလ်ဆင်အား အခေါ်ခိုင်းရလေသည်။

ကြောက် ကြောက်ရွံ့ရွံ့နှင့် ဟဲရာလ်()သည် မာလိန်မှူး မန်း၏ အခန်းဆီသို့ ခပ်သုတ်သုတ်သွားလေသည်။ တံခါးသည် သူရောက်ချိန်၌ ဟနေသည်ကိုတွေ့ရှိရသည်တွင် အပြင်မှ မာလိန်မှူးအား အော်ဟစ်ခေါ် မည်အပြုတွင်အခန်းတွင်းမှထွက်ပေါ်လာသောအသံကြောင့်ဟဲရာလ်() သည် ငြိမ်နေလေသည်။ သူဘာသံကို ကြားရသနည်း။

 ကြားရသော အသံကား ဆုတောင်းသံဖြစ်သည်။

သေချာရအောင် ဟဲရာလ်()သည် ဟနေသော တံခါးကို အသာ ဖွင့်၍ အခန်းတွင်းသို့ ချောင်းကြည့်လိုက်သောအခါ မာလိန်မှူးသည် ဒူးထောက်လျက် သူ့ကျမ်းစာအုပ်သည် သူ့ရှေ့၌ အပွင့်သားရှိနေ၍ သူ၏ မျက်နှာသည်လည်း အပေါ်သို့မော့လျက်နေသည်ကို တွေ့ရလေသည်။

သင်္ဘော၏ စက်သံများကြောင့်လည်းကောင်း၊ သင်္ဘောပေါ်မှ ထွက်ပေါ်လာသော အသံဗလံများကြောင့်လည်းကောင်း၊ မာလိန်းမှူး သည် ဟဲရာလ်()၏ခြေသံကို မကြားမိသည်အလျောက် ဆုကိုသာ တောင်းမြဲ တောင်းလျက်ရှိရာ ထိုအဖြစ်အပျက်ကို တွေ့မြင်ရသော ဟဲရာလ်()မှာ ဘာမျှမလုပ်နိုင်ဘဲ ဆိတ်ငြိမ်စွာ နားထောင်နေရလေ တော့သည်။

 

မာလိန်မှူးမန်း၏ဆုတောင်းပြည့်ခြင်း

ဆုတောင်းချက်သည် ပြည့်စုံခြင်းသို့ ရောက်ရှိပေသည်။ ထိုသို့ မပြည့်စုံနိုင်ရန်လည်းအကြောင်းမရှိပေ။ ဆုတောင်းချက်မှာ- ဘုရားသခင် သည် ထားရှိတော်မူသော ကတိတော်များအတိုင်း သေဘေးနှင့်ရင်ဆိုင် နေရသော သင်္ဘောသားများ၏အသက်ကို ကယ်မချမ်းသာပေးတော်မူရန် ဖြစ်၏။ ထိုဆုတောင်းချက်မှာ ဟဲရာလ်()အတွက်လည်း ဖြစ်၏။ သူသည်လည်း အခြားသင်္ဘောသားများနည်းတူ သေဘေးနှင့်ရင်ဆိုင်နေရ ပေသည်။ ဟဲရာလ်()သည် ဆုတောင်းတတ်သူကို တွေ့ရှိရသည်မှာ အကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်၏။ သူစိတ်ထဲ၌ ဤကဲ့သို့ တွေ့ရှိရ ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိလေသည်။

မာလိန်မှူး မန်း ကိုးကားပြောဆိုသောဘုရားသခင်၏ ကတိတော် ကို ဆာလံကျမ်း၊ ၁၀၇:၂၃-၃၁ တွင် တွေ့ရှိနိုင်ပေသည်။ အဆိုပါ ကတိ တော်သည် သူ့အတွက် ထိုကဲ့သို့သော အချိန်မျိုးတွင် အားကိုးအားထား ပြုစရာဖြစ်လေသည်။ လေပြင်းမုန်တိုင်းနှင့်ဖြစ်စေ၊ မီးလောင်မှုနှင့် ဖြစ်စေ ရင်ဆိုင်ရသော်လည်း ပူပင်စရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူတို့ကို ဆင်းရဲဒုက္ခထဲမှ ထုတ်ဆောင်၍ အလို ရှိရာသင်္ဘောဆိပ် သို့ပို့ဆောင်တော်မူမည်။ မာလိန်မှူးမန်း၏ ဆုတောင်း ချက်တွင် ကိုးကားတောင်းဆိုသည့် ဟဲရာလ်()ကြားရသော ဘုရားသခင် ကတိတော်သည် ဤကတိတော်ပင်ဖြစ်သည်။

ထူးခြားချက်တစ်ခုမှာ- သူမ၏ သားအားပေးလိုက်သော ကျမ်းစာ မစ္စစ်ဝီလ်ဆင်မျဉ်းသားထားသော ကျမ်းချက်များတွင် ဤကျမ်းချက် သည်လည်းအပါအဝင်ဖြစ်ပေသည်။

မာလိန်မှူး၏ ဆုတောင်းချက်သည် ပြည့်စုံခြင်းသို့ ရောက်ရှိ သလား။

ဟဲရာလ်()သည် ခေတ္တမျှသာ စောင့်ရပေမည်။ မာလိန်မှူး မန်း သည် ဆုတောင်းရာမှထ၍ ဘေးအန္တရာယ်များလှသော သူ့တာဝန်ကို ထမ်းရွက်ရန် ကတိုက်ကရိုက် ထွက်အလာတွင် ဟဲရာလ်()နှင့်တွေ့၍ ဟဲရာလ်()ကလည်း သူပြောစရာရှိသောသတင်းကို ပြောဆိုပြီး သူ့ တာဝန်ကို ထမ်းရွက်ရန် အပြေးအလွှားထွက်သွားလေသည်။

မီးကိုရဲရဲရင့်ရင့်နှင့်ငြိမ်းသတ်ကြသော်လည်း မီးသည် မငြိမ်းဘဲ အရှိန်ပြင်းထန်လာလေတော့သည်။ သင်္ဘောအတွက် မျှော်လင့်ချက် ကင်းမဲ့ပြီဟုထင်ရပေသည်။ မိနစ်အနည်းငယ်အတွင်း ပါလာသော ရေနံ ကုန်များကို မီးကူးစက်လောင်ကျွမ်းဖို့သာ ရှိတော့သည်။ ထိုသို့လောင် ကျွမ်းလျှင် သင်္ဘောသည်စုံးစုံးမြုပ်သွားပေတော့မည်။

ထိုအခြေအနေတွင် ဒိန်း ဟူသော ကျယ်လောင်သည့်ပေါက်ကွဲ သံတစ်ခုပေါ်ထွက်လာ၏။ သင်္ဘောသားများသည်လည်း များစွာ တုန် လှုပ်ချောက်ချားကုန်၏။ ရေနံများကို မီးစွဲလောင်နေပြီကို မသိကြပေ။ ခရစ်ယာန်ဘာသာဝင်တစ်ဦးအတွက် ဘုရားသခင်ပြုပြင်စီမံတော်မူသည် ဟုဆိုရလောက်အောင် အံ့ဖွယ်သောအရာတစ်ခုသည် ဖြစ်ပျက်လေပြီ။ ရေနွေးငွေ့ပိုက်လုံးကြီးတစ်လုံးသည် ပေါက်ကွဲ၍ ၎င်းမှအငွေ့ တထောင်း ထောင်း ထအောင်ပူလောင်နေသော ရေနွေးများသည် ဒုက္ခအကြီး အကျယ်ဆိုက်ရောက်မည့်အချိန်တွင် ရေနံများထားရာ သင်္ဘောကုန် လှောင်ခန်းထဲသို့ စီးဝင်လေသည်။ လူ့မျက်စိဖြင့်မမြင်နိုင်သော လက်၏ ပြုပြင်မှုကြောင့် မည်းနက်သော မီးခိုးလုံးများသည် ဖြူသောရေနွေးငွေ့ အဖြစ်သို့ပြောင်းလဲသွားသည်ကို တွေ့မြင်ကြရသော မီးသတ်သမားများ မှာ သင်္ဘောကြီးအကယ်အမှန်ပင် ချမ်းသာရပြီကို သိမြင်လာကြ၏။

ဤအဖြစ်သနစ်အားလုံးသည် အလွန်ပင် အံ့သြဖွယ်ကောင်းသော ကြောင့် သင်္ဘောသားအားလုံးက မိမိတို့၏ အံ့သြခြင်း၊ ကျေးဇူးတင်ခြင်း ကိုပင် မျိုသိပ်မထားဘဲ ထုတ်ဖေါ်ပြောဆိုကြသေးသည်။

အနေအထိုင်အပြောအဆိုတို့၌ ကြမ်းတမ်းလှသော ပက်မိုရန် ဆို သော အိုင်ယာလန်ပြည်သားသင်္ဘောသားကပင် ဤကိစ္စ၌ ဘုရားသခင် ပြုပြင်မှုပါမပါကို မာလိန်မှူးအား မေးမြန်းလိုက်သေးသည်။

မာလိန်မှူး မန်းသည် ဘုရားတရားရေး၌ စိတ်အားထက်သန်မှုနှင့် ပတ်သက်၍ အယူအဆများ လွဲချော်ကောင်းလွဲချော်ပေမည်။ အကြောင်း ဆိုသော် သူယုံကြည်သော ခရစ်ယာန်ဘာသာ အယူဝါဒအကြောင်းကို သူ့ငယ်သားများအား သွန်သင်ဟောပြောရန်မလိုဟု သူယူဆ၏။ သူ့သွန် သင်မှုအားဖြင့် မဟုတ်ဘဲ သူ့အနေအထိုင်ကို ကြည့်ခြင်းအားဖြင့် ငယ် သားများက သူ့ဘာသာရေးယုံကြည်မှုကို သိရှိကြစေရန် သူပိုမိုအလိုရှိ ပေသည်။

သို့ရာတွင် ယခုအခါ သူယုံကြည်နေသော ဘာသာအယူဝါဒကို ဖွင့်ဟပြောဆိုရကော့သည်။ ထိုကြောင့်သူက၊ မိတ်ဆွေတို့၊ ဒီရေနွေး ငွေ့ပိုက်လုံးကြီးကို မဟာတန်ခိုးရှင်ဘုရားသခင်၏ လက်တော်ဖြင့် ဖေါက် ခွဲလိုက်လေပြီ။ ပိုက်လုံးကြီးသည် အလိုအလျောက် ပေါက်ကွဲသည် မဟုတ်ပါ။ ဆုတောင်းသံကိုကြားသည်သာမက ၎င်းဆုတောင်းချက် အတိုင်း ပြည့်စုံစေသော မဟာတန်ခိုးရှင် ဘုရားသခင်ရှိတော်မူတယ်။ ပင်လယ်ခရီးထွက်သောသူတို့အား ကယ်မရန်ကတိထားတော်မူတယ်။ ယနေ့ ထိုကတိတော်အတိုင်း ဆောင်ရွက်တော်မူသည်ကို တွေ့မြင်ကြရ ပြီ။

ဟဲရာလ်()သည်နားထောင်နေစဉ် သူ၌ရှိသော မိခင်မျဉ်းသား မှတ်သားထားသည့် ကျမ်းစာအုပ်က သူ့အား ကယောင်ချောက်ချား ဖြစ်စေလေသည်။

ဒါပေမယ့်၊ မာလိန်မှူး၊ ခင်ဗျားပြောသွားတဲ့ စကားတွေကို ခင်ဗျားကိုယ်တိုင်ယုံကြည်ပါရဲ့လား ဟု ပက်ဆိုသူက ထပ်မံမေးမြန်း လိုက်လေသည်။

အိုမိတ်ဆွေ၊ ကျုပ်ပြောခဲ့တဲ့အတိုင်း ကျုပ်ဟာ နှစ်ပေါင်းများစွာ ကပင် ယုံကြည်ခဲ့ပေတယ်။"

ဒါပေမယ့်၊ ခင်ဗျားအဲဒီသဘောတရားတွေကို ဘယ်ကသွားရပါ သလဲ။ ကျွန်တော်တို့လို လူသားတွေကို ကြည့်ရှုစောင့်ထိန်းမယ်လို့ ဘုရားသခင်က ဘယ်မှာပြောထားပါသလဲ။

ပက်ရယ်၊ ကျုပ်မိခင်ကောင်းကြီးက ကောင်းကင်ဘုံမှာရှိတဲ့ ဘုရားသခင်ကို ဆုတောင်းဖို့သင်ပေးတယ်။ ၎င်းပြင် ဘုရားသခင်ကိုယ် တိုင်၏ အကူအညီနဲ့ သူကောင်းကြီးများက ပြုပြင်ရေးသားထားတဲ့ ကျမ်းစာကို ဖတ်ဖို့ကိုလည်း သင်ပေးသေးတယ်။ အဲဒီကျမ်းစာထဲမှာ ကျုပ်တို့ရှိသမျှကို ဘုရားသခင် ပိုင်ဆိုင်ကြောင်း၊ ကျုပ်တို့သည် ကိုယ် တော်၏ စကားတော်ကို နားထောင်ရမည်ဖြစ်ကြောင်း၊ ကိုယ်တော်သည် ကျုပ်တို့ကို ကြည့်ရှုစောင့်ထိန်းမည်ဖြစ်ကြောင်းများကို ဘုရားသခင်က အမိန့်တော်ရှိထားပေတယ်။ သင်္ဘောစီးလျက် ပင်လယ်ကူးသွားတဲ့ သူ တွေဟာ အတိဒုက္ခနှင့်ရင်ဆိုင်ကြရတဲ့အခါ အဲဒီဒုက္ခမှသူတို့ကို ကယ်တင် တော်မူမယ်ဟု မိန့်တော်မူထားပါတယ်။ ပက်၊ မင်းဟာအဲဒီ ကျမ်းစာကို တစ်ခါမှမမြင်ဖူးဘူးလား။

ကျွန်တော်တစ်ခါမှ မမြင်ဖူးသေးပါ။ ကျွန်တော် ဒီစာအုပ်ကို ကြည့်ချင်လှပါတယ် ဟုပြန်ဖြေလေသည်။

 

မိခင်၏သံယောဇဉ်သည် သားသွားရာသို့လိုက်လျက်ရှိခြင်း

ဟဲရာလ်()ဝီလ်ဆင်သည် စိတ်မချမ်းမသာဖြစ်ရပြန်သည်မှာ သူ့ မိခင်၊ ဘုရားသခင်၊ ကျမ်းစာ၊ ပြည့်စုံသောဆုတောင်းချက် ဤလေးမျိုး ကိုသူ့ စိတ်မှဖျောက်ဖျက်၍မရပေ။ သူ့မှာ မိခင်ကောင်းရှိသည် မဟုတ်ပါ လော။ ထိုမိခင်က သူ့အားဘုရားသခင်ကို ယုံကြည်ဖို့၊ ထိုဘုရားသခင်ထံ ဆုတောင်းဖို့ သွန်သင်ဆုံးမဖူးသည် မဟုတ်ပါလော။ ကျမ်းစာကိုလည်း ဖတ်၍ ၎င်းကျမ်းစာ၌ပါရှိသော ဆုံးမသြဝါဒများကို လိုက်နာစောင့်ရှောက် ဖို့ကိုလည်း မကြာခဏနားချဖူးသည် မဟုတ်ပါလော။ ဤအရာများတွင် မက သား၏ ကောင်းရာကောင်းကြောင်းဖြစ်စေမည့် မြောက်မြားစွာသောအခြားဆုံးမသြဝါဒများကိုပေးခဲ့ပေသည်။

ထိုနေ့တွင်သင်္ဘောပေါ်၌ရှိသမျှသောသူတို့၏အသက်ကို ချမ်းသာ ရာရစေသည့် ဘုရားသခင်၏ ကတိတော်ဖေါ်ပြသော ကျမ်းချက်ကို သူ အခန်းထဲသို့ သွားရောက်ဖတ်ကြည့်ရန် မာလိန်မှူး မန်း၏ ခေါ်ဖိတ်ခြင်း ကို ပက်မိုရန်နှင့်အလုပ်ခွင်မှအားလပ်ခွင့်ရသော အခြားသင်္ဘောသားတို့ သည် လက်ခံလိုက်ကြလေသည်။ ဟဲရာလ်()သည်လည်း လိုက်ပါသွား လေသည်။

ကျမ်းစာသည် တံခါးအနား၌ရှိသော စားပွဲပေါ်တွင် ပွင့်လျက်သား ရှိ၏။

ဟောဟိုမှာ မိတ်ဆွေတို့၊ ကျုပ်မိခင်က ကျုပ်အားမြတ်နိုးရမယ် လို့မှာထားတဲ့စာအုပ်ဟာ အဲဒီစာအုပ်ပဲ ဟု မာလိန်မှူးက လက်ညှိုး ထိုးပြရင်းပြောလေသည်။ ဟောဒီမှာပေါ့၊ မီးကိုငြိမ်းသတ်ပြီး မိတ်ဆွေ တို့နဲ့ကျုပ်ရဲ့အသက်ကို ကယ်ဆယ်ခဲ့တဲ့ကတိတော် ဟု ပြောရင်း သူ အတော်ကြာကြာကပင် အားကိုးအားထားပြုခဲ့သော ကျမ်းချက်ကိုဖတ်ပြ လေသည်။

ဟဲရာလ်()သည် မာလိန်မှူး၏ မျက်နှာကို ကြည့်လိုက်၏။ အဘယ်မျှချစ်ဖွယ်ဖြစ်ဘိသနည်း။ သန့်သန့်ရှင်းရှင်းရှိလှ၍ ကြမ်းတမ်း ခြင်းလည်းကင်း၏။ ရိုးဖြောင့်ခြင်း၊ စေတနာကောင်းခြင်း၊ မြင့်မြတ်ခြင်း ဖြစ်သော ကောင်းခြင်းသုံးဖြာလက္ခဏာ မျက်နှာကို နေရာတကာတွင် တွေ့ရှိနိုင်ပေသည်။ ထိုမှတစ်ပါးလည်း မာလိန်မှူးသည် အပြောသမား မဟုတ်၊ အလုပ်သမားဖြစ်သည်သာမကကူညီတတ်သည်။ အဘယ်အရာ မဆို စိတ်ရောကိုယ်ပါဆောင်ရွက်လေ့ရှိသည်။

မာလိန်မှူး၏အဖြစ်သနစ်သည် ခရစ်ယာန်ဘာသာ၏ သြဝါဒများ ကို လက်တွေ့ပြသသော အဖြစ်သနစ်ဖြစ်သည်ဟုဆိုလျှင် လွဲလိမ့်မည်

မဟုတ်ပေ။ သူ့အခန်းထဲသို့ လာရောက်ကြသည့် ကြမ်းတမ်းသော သင်္ဘောသားတို့ပင်လျှင် သူ့ဘဝကို များစွာ နှစ်သက်သဘောကျလာကြ ၏။ ဟဲရာလ်()သည်လည်း သဘောကျ၏။ သို့ရာတွင် သူစိတ်ပြောင်း လဲ မှုရှိလိမ့်မည်လော။

ဟဲရာလ်()တွင် အမျိုးမျိုးသော စိတ်လှုပ်ရှားမှုများ ပေါ်ပေါက် လျက်ရှိလေသည်။ အကောင်းဘက်ကို တစ်လှည့်၊ အဆိုးဘက်ကိုတစ် လှည့်နှင့်စိတ်သည် အမျိုးမျိုးယိမ်းယိုင်လျက်ရှိလေသည်။

ငုံဆေးများကို သူ့ပါးစပ်တွင် ကပျာကယာအပြည့်ငုံ၍ မာလိန်၏ အခန်းတွင်းမှ သူ့နေရာဆီသို့ သုတ်ခြေတင်ထွက်သွား၏။ သူ့ သေတ္တာကို ဆွဲဖွင့်၍ မိခင်က ထည့်ပေးလိုက်သောကျမ်းစာကို ထုတ်ယူပြီးလျှင် မာလိန်မှူးဖတ်ပြသော ကျမ်းချက်ကို လိုက်ရှာလေသည်။ နောက်ဆုံး၌ ၎င်းကျမ်းချက်ကို သူတွေ့လေသည်။

၎င်းကျမ်းချက်၏ အနားကွက်လပ်တွင် မိခင်ကရေးသားထား သည်မှာ- ဤကျမ်းချက်၌ပါရှိသော ကတိတော်သည် သားကို လေပြင်း မုန်တိုင်းဘေး၊ မတော်တဆဖြစ်ပျက်တတ်သောဘေးများမှ အသက်ချမ်း သာရစေရန် သားအတွက်ပင်လယ်ခရီးတွင် အားကိုးအားထားဖြစ်ပါစေ လို့ မေမေအစဉ်ပဲ ဆုတောင်းမေတ္တာပို့သနေပါမည်။

ဟဲရာလ်()သည် ကျမ်းစာကိုပိတ်၍ ဒေါသနှင့်၎င်းကို ကြမ်းပေါ်

သို့ ပစ်ချလိုက်လေသည်။ ဒေါသထွက်ရခြင်းအကြောင်းမှာ- သူသည် မိခင်၏ သံယောဇဉ်မှထွက်ပြေး၍ မလွတ်သောကြောင့်ဖြစ်သည်။

အတွေ့အကြုံတစ်ခုလုံးသည် သူ့အတွက် အိပ်မက်သဖွယ်ဖြစ်နေလေ၏။

ဟဲရာလ်()သည် ကျမ်းစာအုပ်ကို တစ်ဖန်ကောက်ယူပြန်၍ ယခုအခါ သူကောင်းကျိုးအတွက် မျဉ်းသားထားသော အထက်က သူဖတ်ဖူး သည့် ကျမ်းပိုဒ်များကို ပြန်လည်ဖတ်ရှုလေသည်။ ထိုသို့ပြုလုပ်ရာတွင် သူ ဂရုစိုက်၍ မှတ်သားလိုက်သော နောက်ဆုံးကျမ်းချက်သည် ထွက်မြောက် ရာကျမ်း၊ ၂၀း၈-၁၁ ဖြစ်သည်။ ဤကျမ်းချက်၏ အနားကွက်လပ်တွင် မိခင်က ရေးသားထားသည်မှာ- ဘုရားသခင်၏ ပညတ်တော်ရှိသမျှကို ရိုသေပါ။ အထူးသဖြင့် စတုတ္ထပညတ်ကို ဂရုစိုက်ရိုသေပါ။ ထိုသို့ပြုလျှင် သင့်အားဖြောင့်မတ်ဖြူစင်စွာထားရှိနိုင်သော ဘုရားသခင်သည် သင့်စိတ် ဝိညာဉ်၌ ကိန်းဝပ်တော်မူမည်။

ဟဲရာလ်()ဝီလ်ဆင်အဖို့မှာ သူ့မိခင်စောင့်ရှောက်သော ဥပုသ် နေ့သည် စက်ဆုပ်ဖွယ်ရာအကောင်းဆုံးဖြစ်၏။ ဘုရားသခင်အတွက် သီးသန့်ထားသော အချိန်ဆိုသည့်စကားကို သူသည်ရွံရှာသည်။ ၎င်း ဥပုသ်နေ့နှင့်သက်ဆိုင်သောဝိနည်းများကို သူသည် စိုးစဉ်းမျှမကြိုက်ပေ။ ထိုကြောင့် ကျမ်းချက်များနှင့်အနားကွက်လပ်တွင် ရေးသားထားသော စကားများကို တွေ့မြင်သည်နှင့်တစ်ပြိုင်နက် ရှေးကဘာသာရေး မုန်းတီး စိတ်တို့သည် သူ့စိတ်တွင်း၌ပြန်လည်ပေါ်ပေါက်လာလေသည်။ သူ့ဒေါသ ကို မချုပ်တည်းနိုင်သောကြောင့် ဆဲဆိုရေရွတ်ကာ ထခုန်လျက် ပွင့်နေ သောတံခါးဆီသို့ ကျမ်းစာအုပ်ကို ယူသွား၍ ပင်လယ်ထဲတွင် ဝေးရာသို့ အရှိန်နှင့်လွှင့်ပစ်လိုက်လေသည်။

ကိုင်း၊ ဒီလောက်ဒုက္ခပေးတဲ့ကျမ်းစာ၊ ကိစ္စချောရော မဟုတ် လား ဟုပြောဆိုပြီးနောက် ချီးမွမ်းထိုက်သောအရာကို ပြုလုပ်လိုက်ရပြီ ဟု တွေးထင်လျက် ဟဲရာလ်()သည် သင်္ဘောကုန်းပတ်ပေါ်တွင်လမ်း လျှောက်နေလေသည်။

  


အခန်း - ၃

အခန်း

အိမ်မှသတင်းဆိုးရရှိခြင်း

 

          “ဪ၊ မေမေ၊ မေမေဟု သူ့ပါးစပ်မှတမ်းတပြောဆိုလိုက်သော အခါ ဟဲရာလ်()ဝီလ်ဆင်သည် ကာလီဖိုးနီးယားမြို့မှ သူငယ်ချင်း တစ်ယောက်က ရေးသားပေးပို့လိုက်သောစာကို လက်၌ ကိုင်ထားရင်း ဟိုနိုလူလူစာတိုက်တွင် မတ်တတ်ရပ်လျက်ရှိပေသည်။ ထိုစာမှာ အောက် ပါအတိုင်းဖြစ်၏။

 

သူငယ်ချင်းဟဲရာလ်()

မင်းအိမ်ကိုပြန်လာလိမ့်မယ်လို့ တို့မျှော်နေတာရက်များလည်း အတော်ကြာညောင်းသွားပြီ။ မင်းအိမ်ပြန်လာနေပြီလို့တို့တစေ့တစောင်း ကြားရတော့ မင်းရဲ့မိခင်ကြီးနေထိုင်မကောင်းဖြစ်နေတုန်း မင်းကြည့်ရှု ပြုစုဖို့အချိန်တော့ရောက်လာမှာပဲဆိုတဲ့ ယုံကြည်ချက်ကြောင့် တို့တတွေ အားတက်မိပါတယ်။

“       လွန်ခဲ့တဲ့ဥပုသ်သုံး၊လေး၊ငါးပတ်လောက်တုန်းက မင်းရဲ့မိခင်ကြီး ဟာ အဆုတ်အအေးမိတဲ့ရောဂါ ဖိစီးနှိပ်စက်မှုကိုခံရပါတယ်။ သူလည်း ပျောက်အောင်အတော့ကို ကြိုးစားရှာတယ်။ ဒါပေမယ့် မင်းအတွက် ပူပန်သောကဖြစ်တာကတစ်မျိုး၊ ငွေရေးကြေးရေး အဆင်မပြေတာက တစ်ဖုံဆိုတော့ သူ့မှာ အဲဒီတောင်ကို မကျော်နိုင်ဖြစ်ပြီး လွန်ခဲ့တဲ့ ကြာသပတေးနေ့ကပဲ သေဆုံးသွားရှာတယ်။

မင်းရဲ့မိခင် နောက်ဆုံးမှာသွားတာကတော့ မင်းဆီကိုငါက စာ ရေးဖို့၊ စာရေးတဲ့အခါလည်း မင်းအိမ်ကထွက်အသွားမှာ မင်းရဲ့ သေတ္တာ

ထဲ သူထည့်ပေးလိုက်တဲ့လက်ဆောင်ကို မမေ့ဖို့အကြောင်းကြားဖို့ပါဘဲ။ ဒါကြောင့် မင်းရဲ့မိခင်က ဘာကိုဆိုလိုတယ်ဆိုတာ မင်းအသိပဲမဟုတ် လား။ ငါ့ကိုတော့ အဲဒီဟာဘာလဲဆိုတာတော့ ဖွင့်မပြောပေမယ့် အဲဒီ ပစ္စည်းကလေးကို သူ့မှာရှိသမျှပိုက်ဆံကလေးနဲ့ ဝယ်ယူရတဲ့အကြောင်း တော့ပြောသွားတယ်။

စကားမစပ်၊ သူငယ်ချင်းမို့ပြောရဦးမယ်၊ မင်းဟာတို့ဆီက ထွက် သွားတဲ့နေ့ကစပြီး ငါလည်းအနေအထိုင်တွေ အားလုံးပြောင်းလဲပစ်လိုက် ပြီ။ အရက်သောက်တာတွေ၊ လောင်းကစားတာတွေ၊ မကောင်းစကား ပြောတာတွေ ငါအားလုံးစွန့်ပစ်လိုက်ကုန်ပြီ။ ငါအခုခရစ်ယာန်တစ် ယောက်ဖြစ်လာပြီ။ ငါလည်း အဲဒီလိုမကောင်းတဲ့အကျင့်တွေကို ရပ် တန်းက ရပ်လိုက်တဲ့နေ့ကစပြီး စိတ်ကိုပျော်နေတာပဲ။

မင်းကိုဘုရားသခင်မစပါစေ၊ မင်းမှာအခုလို မိခင်ကြီး သေဆုံး သွားရှာရတဲ့နစ်နာမှုအတွက် စိတ်အားတော့မလျှော့ပါနဲ့။ ခရစ်တော်ကို အသက်နဲ့လဲပြီးချစ်ပါ၊အဲဒီလိုဆိုရင် မင်းရဲ့မိခင်နဲ့နောက်တစ်ဖန်ပြန်လည် တွေ့ဆုံခွင့်ရဦးမယ်။

ဒီစာကိုလည်းစွန့်ပြီး ဟိုနိုလူလူကိုရေးလိုက်တာပဲ။ မင်းရမှရပါ့ မလားဆိုတာ ငါစိတ်ထဲမှာတော့ တထင့်ထင့်ပဲ။

မင်းနဲ့အရက်သောက်ဘက်ဟောင်း၊ အခုတော့ ဒီအကျင့်တွေမှလွတ်ပြီ၊ ကျွတ်ပြီဖြစ်တဲ့-

ဟောင်းဝပ်၊ဟပ်()မင်း

 

ဟုတ်ပေသည်။ ဟဲရာလ်()သည် အိမ်သို့ ပြန်လာလျက်ရှိပေ သည်။ သူအိမ်မှထွက်သွားသည်မှာလည်း နှစ်ပေါင်းများစွာ ကြာညောင်း ခဲ့ပေပြီ။ ထိုမျှကြာရှည်သော ကာလအတွင်း သူသည် ကမ္ဘာအနှံ့အပြား လှည့်ခဲ့ရာတွင် သြစတြေးလျ၊ တရုတ်ပြည်၊ တောင်အာဖရိက၊ တောင် အမေရိကနှင့် ဥရောပတိုက်တို့သို့လည်း ရောက်ရှိခဲ့ပေသည်။

ထိုသို့ခရီး ထွက်နေချိန်တွင် ဟဲရာလ်()သည် အရက်သောက် ခြင်း၊ မကောင်းသော စကားပြောဆိုခြင်းများကို လျှော့သည်မရှိဘဲ တိုး၍သာ ပြုလုပ်လေသည်။ သို့သော်လည်း မိခင်နှင့်တစ်ဖန်ပြည်လည် တွေ့ဆုံသောနေ့တွင် ထိုစရိုက်များကို စွန့်ပစ်တော့မည်ဟု စိတ်ကူးထား ပေသည်။ ဆုံးမစကားပြောဆိုသော ဘုရားသခင်၏ အသံတော်ကို တိတ် စေရန် ဟဲရာလ်()သည် သူ၏လှပသော ကျမ်းစာအုပ်ကို ရေထဲသို့လွှင့် ပစ်ခဲ့လေပြီ။ သို့ရာတွင် သူ့အဖို့မှာလွန်ခဲ့သည့်အချိန်တွင် စိတ်ငြိမ်သက် သာယာမှုကို တစ်ရက်တစ်နာရီမျှပင် မတွေ့ ခဲ့ရပေ။

မိခင်က မေတ္တာလက်ဆောင်အဖြစ် ပေးထားသော ကျမ်းစာကို ဒေါသနှင့်ဖျက်ဆီးစေသည့် ရက်စက်သော ကျေးဇူးကန်းမှုသည် သူသွား သောနေရာတိုင်းသို့လိုက်၍ သူလုပ်သမျှတို့တွင် ဆုံးရှုံးမှုကိုသာ ဖန်တီး ပေးနေဟန်ရှိပေသည်။

ဟဲရာလ်()အဖို့မှာ ဟိုနိုလူလူရောက်လျှင်ပင် သူ့အိမ် တံခါးဝသို့ ရောက်ရှိပြီဟု ထင်မှတ်၏။ မိခင်နှင့် ပြန်လည်တွေ့ဆုံရမည့်အရေးကို တွေးမိတိုင်း နှစ်ထောင်းအားရခြင်းဖြစ်မိလေသည်။ ကျမ်းစာတစ်နေရာ၌ ဖေါ်ပြပါရှိသော သားဆိုးပေလေးကဲ့သို့ အိမ်ရောက်လျှင် မိခင်ကြီးအား ဝန်ချတောင်းပန်မည့် စကားလုံးတို့ကို ကြိုတင်တွေးတောထားလေ သည်။ မိခင်နှင့်ပြန်လည်တွေ့ဆုံရလျှင် မိခင်နှင့်သူကျေအေးရာကျေအေး ကြောင်း ပြုလုပ်နိုင်လိမ့်မည်ဟု သူယုံကြည်ပေသည်။

ထိုကြောင့်အိမ်မှရေးလိုက်သောစာကို သူ့လက်ဝယ်ရောက်ရှိချိန် တွင် သူအဘယ်မျှကျေနပ်ဝမ်းမြောက်သည်ကို နားလည်နိုင်ပေသည်။

သို့ရာတွင် စာအတွင်း၌ ပါရှိသောသတင်းသည် သူ့အတွက် အဘယ်မျှစိတ်ပျက်ဖွယ်ဖြစ်ဘိသနည်း။ လွန်ခဲ့တဲ့ကြာသပတေးနေ့ကပဲ သူ့မိခင်သေဆုံးသွားရှာတယ်ဆိုသောစကားများသည် သူ့အဖို့ မိုးကြိုး အပစ်ခံလိုက်ရဘိသကဲ့သို့ဖြစ်၏။ သူသည် ငေးမှိုင်နေတော့၏။ စာသည် သူ့လက်ထဲမှလွှတ်ကျသွား၏။

ဪ၊ မေမေ၊ မေမေဟု ပါးစပ်ကထွက်သွားလေသည်။ သူ့ အနားမှာ သူစိမ်းတစ်ရံဆံတွေ ဝိုင်းအုံနေသည်ကိုလည်းကောင်း၊ သူ့ဝမ်း နည်းခြင်းကို လျှို့ဝှက်မျိုသိပ်ထားရမည်ကိုလည်းကောင်း သူသတိပင် မရတော့ပေ။ ထိုနောက်ဆက်လက်၍ မေမေက ကျွန်တော့်ကို ကူညီ လိုတဲ့ဆန္ဒရှိတယ်၊ ကူညီဖို့အခွင့်အလမ်းလည်းရှိခဲ့ပါတယ်၊ ဒါပေမယ့် အခု တော့မေမေကိုယ်တိုင်မရှိတော့ပြီဟု တီးတိုးညည်းညူလေသည်။

 

ယူကျုံးမရဖြစ်ခြင်းသည်ပိုမိုဆိုးမိုက်စေသည်

ဟဲရာလ်()သည် သူ့ လက်မှ ကျသွားသောစာကို ကောက်ယူ၍ လမ်းမကို ရေးကြီးသုတ်ပျာဖြတ်ကျော်ပြီးလျှင် ရေလယ်၌ ကျောက်ချ ထားသော သင်္ဘောကြီးဆီသို့သွားရန် ကူးတို့သင်္ဘောကလေးတစ်စီးကို တက်စီးလေသည်။

ဟဲရာလ်()ဝီလ်ဆင်၊ မင်းအခု ဘာလုပ်မလဲ။ မင်းဟာလူအဖိုး တန်တစ်ယောက်ဖြစ်သင့်တဲ့အတိုင်း ထိုသို့သော လူဖြစ်ဖို့ကြိုးစားမလား၊ သို့မဟုတ်ရင်လည်း မင်းကိုယ်ကိုမင်းစွန့်ပစ်လိုက်တော့မလား။နောက် တစ်နေ့ထွက်တော့မည့်သင်္ဘောကြီးပေါ်သို့ ကူးတို့သင်္ဘောမှ ကူးတက် လိုက်သည်နှင့်တစ်ပြိုင်နက် အထက်ပါ မေးခွန်းများကို နတ်ကောင်း နတ်မြတ်များက သူ့အား တီးတိုးမေးလိုက်သည်ကို သူသည်ကြားလိုက် သလိုလိုဖြစ်သွားလေသည်။

ဟဲရာလ်()သည် အဖြေကို ချက်ချင်းပင်ပေးသော်လည်း ၎င်း အဖြေသည် ယုတ်ညံ့သောစိတ်သဘောထားမှ ဖြစ်ပွားပေါ်ပေါက်လာ သော အဖြေဖြစ်ပေသည်။

ဟဲရာလ်()သည် သူ့အကြံအစည်ကို အကောင်အထည်ဖေါ်နိုင် တော့မည်မဟုတ်သောကြောင့် သူ့စိတ်ကိုသူ မထိန်းနိုင်မသိမ်းနိုင်ဖြစ် လာကာ တာဝန်မဲ့သော အလုပ်များကို ရံဖန်ရံခါပြုလုပ်မိလေတော့သည်။ ဘုရားသခင်ဆိုသော ပုဂ္ဂိုလ်ရှိကြောင်းကို သူသည်ဝန်ခံပေသည်။ ထိုသို့ ဝန်ခံခဲ့သည့်အတိုင်း မိခင်နှင့်အတူ နေထိုင်သောအခါ လူကောင်းတစ် ယောက်ဖြစ်ဖို့ရန် ကြံစည်ထားပေသည်။ သို့ရာတွင် ဤအကြံအစည် ပျက်ပြားမှုသည် သူ့ဒေါသကိုလှုံ့ဆော်လိုက်သလိုဖြစ်ရကား ရှေးကထက် အဆပေါင်းများစွာ ယုတ်မာရန် သူသည် စိတ်ပြဋ္ဌာန်းလေတော့သည်။

ဘုရားသခင်ဆိုတာမရှိဘူး၊ ငါသူ့ကိုမုန်းတယ်၊သူလည်းငါ့ကိုမုန်း

တယ်။ ဒါကြောင့်မို့သာ ငါ့မိခင်ကို ငါအလိုရှိတုန်းအချိန်မှာ ငါ့ဆီကလုယူ သွားတယ်။ အို၊ ဘုရားသခင်ဆိုတာရှိရင် ဟဲရာလ်()ဝီလ်ဆင်ဆိုတဲ့ ကောင်က သူ့ထက်သာအောင် လုပ်နိုင်တယ်ဆိုတာငါပြမယ်။ ငါ့ကိုမှန် တာလုပ်ခွင့်မပေးရင် ငါ့မဟုတ်တာတွေချည်းပဲလုပ်ပြမယ်။

ထိုနေ့မှစ၍ ဟဲရာလ်()သည် သူ့စိတ်ပြဌာန်းချက်ကို အကောင် အထည်ဖေါ်ရာတွင် အောင်မြင်နေဟန်ရှိလေသည်။ အဘယ်ကြောင့် ဆိုသော် စံဖရန်စစ္စကိုမြို့သို့ ပြန်ရောက်သောအခါ သူသည်ကာမဂုဏ် ကျူးလွန်ခြင်း၊ ရာဇဝတ်ကျူးလွန်ခြင်းဖြင့်သာ အချိန်ဖြုန်းလေတော့ သည်။ သူပေါင်းသောသူငယ်ချင်းများမှာ မြို့တွင် စည်းကမ်းဥပဒေကို ကျူးလွန် ချိုးဖေါက်ရာ၌ ပြိုင်ဘက်မရှိသော ဆိုးပေများ၊ သူများ အသက်သတ်ဖို့ လက်မနှေးသောရာဇဝတ်ကောင်များသာဖြစ်ကြသည်။

 

လူသတ်မှုဖြင့်အဖမ်းခံရခြင်း

ဟိုနိုလူလူမြို့သို့ ဟဲရာလ်()ထံ စာရေးပေးပို့သော ဟောင်းဝပ်၊ ဟပ်()မင်းသည် နံနက်သတင်းစာ ခရွန်းနီးကလ်ကို ဖတ်ရှုနေရာ အောက်ပါသတင်းခေါင်းစဉ်ကို ဖတ်မိလေသည်။

မစ်ရှင်ခရိုင်လူသတ်မှု။ သင်္ဘောသားဖြစ်သောဟဲရာလ်()ဝီလ် ဆင်ကို မသင်္ကာမှုဖြင့် ဖမ်းဆီးထားခြင်း။ ဖမ်းဆီးရမိထားသူမှာ လူသတ် သမားလက်ဟောင်းဟုရဲဘက်မှယူဆခြင်း။

မစ္စတာဟပ်()မင်းသည် မျက်နှာ၌ သွေးမရှိအောင်ပင် စိုးရိမ် ကြောင့်ကြဖြစ်လျက် သတင်းစာကိုလက်မှ လွှတ်ချလိုက်လေသည်။ လူ သတ်သမားလက်ဟောင်း။ဤစွပ်စွဲချက်မှန်ကန်ကြောင်းကို သူသိပေ သည်။ အကြောင်းဆိုသော်၊ နှစ်ပေါင်းများစွာအထက်က ဓါးပြမှုတစ်ခု တွင် ဟဲရာလ်()လည်း ပတ်သက်ဖူးလေသည်။ ယခုတစ်ဖန်ဟဲရာလ်() သည် ရာဇဝတ်မှုကို ဆက်လက်ကျူးလွန်ပြန်သည်။ သူဘာလုပ်ရမည် နည်း။

သူ့စိတ်ကယောက်ကယက်ဖြစ်မှုကို သူ့ဇနီးသိမည်စိုးရိမ်သော ကြောင့် မစ္စတာဟပ်()မင်းသည် ကပျာကယာအင်္ကျီဝတ်၍ ဦးထုပ် ဆောင်းကာ အိမ်မှထွက်သွားလေသည်။

အုတ်ကလင်မြို့တွင် မစ္စတာဟပ်()မင်း၏အိမ်သည် အကောင်း ဆုံးလည်းဖြစ်၊ အပျော်ရွှင်ဆုံးလည်းဖြစ်သောအိမ်ဟု အသိအမှတ်ပြုကြ ပေသည်။ မစ္စတာဟပ်()မင်းကိုယ်တိုင်လည်း ထိုမြို့တွင် သစ္စာသမာဓိ ရှိသောသူ၊ အောင်အောင်မြင်မြင်ရှိသော ကုန်သည်ကြီးဟူ၍ လူသိနတ် ကြားဖြစ်ပြီးလျှင် ကြီးပွားချမ်းသာခဲ့သည်မှာ သူ့ဆိုးယုတ်သော လမ်းစဉ် ကို စွန့်ပယ်၍ ခရစ်ယာန်တရားများ သက်ဝင်ယုံကြည်ကျင့်သုံးသော နေ့ကတည်းကပင် ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးအားဖြင့် သူတစ်ပါးအား ပြစ်မှားခဲ့သမျှကိုလည်း ဝန်ချတောင်းပန်တန်တောင်းပန်၊ အလျော်ပေး တန်ကအလျော်ပေး၍ အကြွေးဆပ်စရာရှိသည်ကိုလည်း အရင်းနှင့်အတိုး ပါ ပေးဆပ်ခဲ့လေသည်။

ထိုကြောင့်မစ္စတာဟပ်()မင်းတွင်အဘယ်ပူစရာရှိသေးသနည်း။ ပူပင်စရာရှိပေသည်။ ဟဲရာလ်()အတွက်ပင်။ သူ့မိတ်ဆွေဟောင်းကြီး ဟဲရာလ်()ကို ဒုစရိုက်လမ်းကြောင်းမှ ရွေးနုတ်ဖို့သာမကဘဲ သူနှင့် လက်တွဲကာ ကောင်းမှုကုသိုလ်ပွားများမည့် လုပ်ငန်းများကို ထမ်းရွက် စေဖို့ ဆောင်ရွက်ရာတွင် ဘုရားသခင်သည် သူ့အား ကူညီလိမ့်မည်ဟု သူယုံကြည်ပေသည်။ ဟဲရာလ်()သည် သူ့မြို့ သူ ရွာသို့ပြန်လာပေပြီ။ သို့ရာတွင် ယခင်ကထက် ဆိုးသွမ်းနေလေသည်။ အကယ်၍သာ သူ့ဘဝ ကိုပြုပြင်မှု၊ မွမ်းမံမှုမရှိလျှင် မစ္စတာဟပ်()မင်းက သူ့အတွက် ထားရှိ သောရည်ရွယ်ချက်သည် အကောင်အထည်ပေါ်လာနိုင်မည်မဟုတ်ပေ။

စံဖရန်စစ္စကိုမြို့သို့ရောက်ရောက်ချင်း မစ္စတာဟပ်()မင်းသည် အကျဉ်းသမားနှင့်တွေ့ရန် ရဲဌာနသို့ ခပ်သုတ်သုတ်သွား၍ သူ့နာမည်ကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အလွယ်တကူတွေ့ခွင့်ရလေသည်။ မစ္စ တာဟပ်()မင်းသည် သူ့မိတ်ဆွေဟောင်းကြီးတွင် များစွာသော ပြောင်း လဲမှုကို တွေ့မြင်ရလေသည်။ ရက်စက်ကြမ်းကြုတ်သော အသွင်ကို ဟဲရာလ်()သည် ဆောင်လျက်ရှိသည်။ သို့သော်လည်းအသက်ရှင် သေးလျှင် မျှော်လင့်ချက်ရှိသည်ဆိုသောစကားသည် ဟဲရာလ်()ကို လမ်းကောင်းထဲသို့ ပြန်လည်ရောက်ရှိစေဖို့ကြိုးပမ်းရန် သူ့ကို အားတက် စေလေသည်။ ထိုကြောင့်ဟဲရာလ်()သည် ဤအခြေအနေသို့ ရောက်ရှိ နေသော်လည်း သူကဟဲရာလ်()ကို ယုံကြည်မှု မရှိသေးကြောင်း၊ ဟဲရာလ်()ဒုက္ခရောက်နေချိန်တွင် သူသည်တတ်နိုင်သမျှ ကူညီစောင့် ရှောက်မည်ဖြစ်ကြောင်းကို ဟဲရာလ်()အား ပြောပြလေသည်။

စုံစမ်းမေးမြန်းကြည့်သောအခါ ဟဲရာလ်()သည် ၎င်းလူသတ် မှုတွင် ကိုယ်ထိလက်ရောက်ကျူးလွန်သူမဟုတ်ပေ။ ပေါ်ပေါက်လာသော အခြေအနေအရ ဖမ်းဆီးခြင်းမပြုလျှင် မဖြစ်သောကြောင့် သူ့အား ဖမ်းဆီးချုပ်နှောင်ရလေသည်။ ဟဲရာလ်()ရရှိမည့် ပစ်ဒဏ်ကို ပေါ့နိုင် သမျှပေါ့စေရန် မစ္စတာဟပ်()မင်းသည် ကြိုးပမ်းလေသည်။

မစ္စတာ ဟပ်()မင်းသည် သူ့ရည်ရွယ်ချက်အောင်မြင်ရန် အဆင့် ဆင့်ဆောင်ရွက်ခဲ့ပုံများကို အကျယ်တဝင့် ပြောရန်မလိုပေ။ ဟဲရာလ်() ဝီလ်ဆင်သည် နယ်နှင်ဒဏ်ငါးနှစ်ရရှိသည်ဟု သိရလျှင် တော်လောက်ပေ ပြီ။ ထိုငါးနှစ်ကုန်ဆုံး၍ ပြည်တော်ပြန်လာသောအခါမှာလည်း သူ့အလုပ် ရှင်များထံမှ စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာတင်ပြရမည်။

ဤပြစ်ဒဏ်သည် ဟဲရာလ်()ဝီလ်ဆင်အား တိုင်းပြည်မဲ့လူ အဖြစ်ရောက်စေသောကြောင့် သူ့အတွက် အတော်ပင်အခံရခက်လှပေ သည်။ သို့ရာတွင် မစ္စတာဟောင်းဝပ်၊ ဟပ်()မင်း၏ အားပေးမှုကြောင့် ၎င်းပြစ်ဒဏ်ကို အသာတကြည်လက်ခံရန် သန္နိဌာန်ချလေသည်။

ပြည်နှင်ဒဏ်ခံရန် ဟဲရာလ်()သည် ဥပုသ်တစ်ပတ်အကြာတွင် စံဖရန်စစ္စကိုမြို့မှ ယိုကိုဟားမားသို့ တက်မည့် တင်ရိုမာရူသင်္ဘော တွင် ရိုးရိုးသင်္ဘောသားအဖြစ် လိုက်ပါရမည် ဖြစ်၏။ သို့ရာတွင် ထို သင်္ဘောကို အုပ်ချုပ်သော မာလိန်မှူးမှာ သူ့မိတ်ဆွေဟောင်း မာလိန် မှူး မန်းပင်ဖြစ်သည်ကို သူသည်ရိပ်စားမိခြင်းမရှိချေ။

 

အခြားမျဉ်းသားထားသောကျမ်းစာအုပ်

ဟဲရာလ်()သည် စံဖရန်စစ္စကိုမြို့ သို့အုတ်ကလင်မြို့ရှိ မစ္စတာ ဟပ်()မင်း၏နေအိမ်မှထွက်ခွာသွားလေသည်။ နောက်တစ်နေ့သူစီးနင်း လိုက်ပါရမည့်သင်္ဘောသည် စံဖရန်စစ္စကိုမြို့ ဆိပ်ကမ်းတွင် ဆိုက်ကပ် ထားလေသည်။ ဟဲရာလ်()သည် အုတ်ကလင်မြို့၏ ပင်လယ်ဆိပ်ကမ်း တံတားရှိခရီးသည်များ စောင့်ဆိုင်းသော ခန်းမကြီးကို ဖြတ်ကျော်သွား သောအခါ အခမဲ့လက်ကမ်းစာဝေငှထားသော စင်တစ်ခုကိုတွေ့မြင် ရလေသည်။ ထိုစင်၏ အခန်းတစ်ခုတွင် ကျမ်းစာတစ်အုပ်ရှိလေသည်။ ထိုကျမ်းစာသည် သူ့မိခင်က သူ့အား လက်ဆောင်ပေးဖူးသော ကျမ်းစာ နှင့်တထေရာတည်းဖြစ်နေသောကြောင့်လည်း သူသည်အံ့သြမိပေသည်။

ထိုကျမ်းစာအုပ်ကိုဆွဲယူ၍ ဖွင့်ကြည့်သောအခါ ၎င်းသည်လည်း မျဉ်းသားထားချက်များရှိသည်ကို တွေ့မြင်ရလေသည်။ မျဉ်းသားထား ချက်များရှိရုံသာမက သူလွှင့်ပစ်ခဲ့သော ကျမ်းစာအုပ်နှင့် ထူးမခြားနား မှတ်သားထားသည်ကိုလည်း တွေ့မြင်ရလေသည်။

သူသည် ကူးတို့ သင်္ဘောကလေးကို စောင့်နေသည်ကိုလည်း ကောင်း၊ ရာဇဝတ်မှုအတွက် ပြည်နှင်ဒဏ်ခံရသည်ကိုလည်းကောင်း၊ လူ ဖြစ်ရှုံးလောက်အောင် ဆိုးသွမ်းနေသည်ကိုလည်းကောင်း ဟဲရာလ်() သည် မေ့လျော့ကာ အနီးရှိ ထိုင်ခုံတွင်ထိုင်ပြီး ထိုကျမ်းစာကိုအစမှအဆုံး၊ အဆုံးမှအစ၊ ခေါက်တုံ့ခေါက်ပြန်ရှာဖွေကြည့်လေသည်။ ဟုတ်ပေသည်။ ထိုကျမ်းစာ၌ မှတ်သားထားချက်များသည်လည်း သူလွှင့်ပစ်ခဲ့သော ကျမ်းစာထဲမှ မှတ်သားထားချက်နှင့် အများအားဖြင့် တူညီလေသည်။ ထွက်မြောက်ရာကျမ်း၊ ၂၀း၈-၁၁ နံဘေးကွက်လပ်တွင် ဤစကားများ ကို ရေးသားထား၏။ ဥပုသ်နေ့ကို ဘုရားသခင်ကောင်းချီးပေးခြင်းသည် ဥပုသ်နေ့၌ ဘုရားသခင်ရှိတော်မူခြင်းတည်း။ ဥပုသ်နေ့ကို စောင့်ရှောက် သောသူ၏စိတ်နှလုံး၌ ဘုရားသခင် ကိန်းဝပ်တော်မူ၏။ ထိုသို့သောသူ သည် ဥပုသ်နေ့ကို စောင့်ရှောက်ရန် လိုလားလိမ့်မည်။ ဟေရှာယအနာ ဂတ္တိကျမ်း၊ ၅၈:၁၃။သူ့မိခင်ကြီး ရေးသားထားသောစကားများနှင့် အရေးအသားများသည် သဘောအားဖြင့် များစွာ တူညီလှပေသည်။ ဆာလံကျမ်း၊ ၁၀၇:၂၃-၃၁ ကိုလည်း မင်နီဖြင့် မျဉ်းသားထားရာ မိခင်ကြီး ကပေးဖူးသော ကျမ်းစာတစ်အုပ်လုံးတွင်လည်း ဤကျမ်းချက်တစ်ချက် တည်းကိုသာ မိခင်က မင်နီဖြင့်မျဉ်းသားထားလေသည်။

ဟဲရာလ်()၏စိတ်သည်များစွာထကြွလှုပ်ရှားလာ၏။ မျက်ရည် တစ်ပေါက်သည် သူ့ပါးပြင်သို့ လိမ့်ဆင်းလာလေသည်။ သူ့အတွက် ဘဝ အသစ်သည် သူ့ရှေ့၌ ပေါလောပေါ်လာလေသည်။ ထိုအခြေအနေတွင် သူ့ မိခင်သည် သူ့အား တစ်ဖန်စကားပြောပြန်၍ သူ့မိခင်မြတ်နိုး ယုံကြည် သော သခင်ခရစ်တော်ကလည်း သူ၏ ဆိုးညစ်သော စိတ်နှလုံးကို ဆွဲ ဆောင်တော်မူသည်။

ဒီကျမ်းစာလေ၊ အိုမေမေ၊ ကျွန်တော်သွားတဲ့နေရာကိုယူသွား နိုင်သလား၊ ဒီကျမ်းစာမပါရင် ကျွန်တော် ဘယ့်နဲ့သွားနိုင်ပါတော့မလဲ၊ ကျွန်တော့်အဖို့ ဒီကျမ်းစာကို မျဉ်းသားမှတ်သားထားတာဟာ မုချပဲ။ ဒီကျမ်းစာကိုမေမေပဲ မျဉ်းသားထားတာလားဟု ဟဲရာလ်()သည် ဟု သူ့ ကိုယ်ကိုသူကျယ်လောင်စွာ ပြောဆိုလေသည်။

၎င်းစာအုပ်စင်နောက်ကွယ်ရာမှ ထွက်ပေါ်လာသော အသံတစ် သံက မိတ်ဆွေ၊ အဲဒီကျမ်းစာယူသာသွား၊ မင်းအတွက် မျဉ်းသားထား တာပဲ။ အဲဒီမှာပါရှိတဲ့သမ္မာတရားကို မင်းသိရှိနားလည်ရုံသာမက ခရစ် တော်ရဲ့ တပည့်တော်ကောင်းတစ်ယောက်ဖြစ်လာနိုင်ဖို့ ဘုရားသခင်က မောင်မင်းကို ကောင်းချီးပေးပါစေဟု ဆိုလေသည်။

ကြောက်ရွံ့တုန်လှုပ်ချောက်ချားစွာနှင့်ဟဲရာလ်()သည် ထိုအသံလာသည့်ဘက်သို့လှည့်ရာ ထပ်မံ၍ နှစ်သိမ့်စကားများကြားရပြန်သည်။ ထိုစကားများကိုပြောဆိုသောသူသည် သူ့အပေါ်တွင် ကြင်နာသော ဖခင် ကဲ့သို့လည်းကောင်း၊ မိတ်ဆွေကောင်းတစ်ယောက်ကဲ့သို့လည်းကောင်း သူ့အားပြုံးလျက်ကြည့်နေလေသည်။

ဟဲရာလ်()သည် ကတိုက်ကရိုက်ထ၍ ထိုလူကြီးကို ပြောဆို သည်မှာ ခင်ဗျားတကယ်ပြောတာလားခင်ဗျား။ ကျွန်တော် ဒီကျမ်းစာ ကိုယူသွားနိုင်ပါသလား။ ဒါပေမယ့် ကျွန်တော့်မှာစာအုပ်ဖိုးပေးဖို့ပိုက်ဆံ တစ်ပြားမျှမရှိဘူး။

ပိုက်ဆံကိစ္စမရှိပါဘူး၊ ကျုပ်ဟာဘုရားသခင်၏ နှုတ်ကပါဌ် တော်ကိုမြတ်နိုးတဲ့အဖွဲ့ဝင်တစ်ဦးပါ။ ဒိပြင်လည်း အဲဒီကျမ်းစာထဲမှာ ပါရှိတဲ့သမ္မာတရားကို တစ်ကမ္ဘာလုံးသို့ ဖြန့်ချိဖို့အာရုံပြုလျက်ရှိပါတယ်။ သမ္မာတရားပါရှိတဲ့ ဒီကျမ်းစာဟာလည်း ၎င်းကို လိုအင်ဆန္ဒရှိတဲ့ပုဂ္ဂိုလ် တစ်ဦးရဲ့လက်ထဲရောက်သွားတယ်ဆိုရင် ကျုပ်နဲ့ လုပ်ဖေါ်ဆောင်ဘက် တွေကလည်း ဝမ်းသာကြမှာပါပဲ။ ဒါပေမယ့် မောင်မင်းခုနကပြောတဲ့ တခြားမျဉ်းသားထားတဲ့ စာအုပ်ဆိုတာက ဘာကိုပြောချင်တာလဲ သိပ် သိချင်မြန်းချင်တဲ့လူပဲလို့လဲမထင်ပါနဲ့။

ဟဲရာလ်()သည် မိတ်ဆွေကောင်းတစ်ယောက်နှင့် တွေ့နေရ ပေသည်။ ထိုကြောင့် ဝမ်းနည်းကြေကွဲစွာဖြင့် သူ့မိခင်၊ ကျမ်းစာနှင့် ဘုရားသခင်တို့ကို သူရန်မူခဲ့ပုံ၊ အထူးသဖြင့် မိခင်က အနစ်နာခံ၍ မေတ္တာ လက်ဆောင်အဖြစ်ပေးခဲ့သော ကျမ်းစာတစ်အုပ်ကို ရေထဲသို့ လွှင့်ပစ်ပုံ အလုံးစုံကိုပြောပြလေတော့သည်။

သူတို့နှစ်ဦးတွေ့ဆုံရသည်မှာ ခေတ္တခဏပင်ဖြစ်သည်။ သို့ရာတွင် ဤမျှတိုတောင်းသော အချိန်ကလေး၌ ဟဲရာလ်()သည် ကယ်တင်ခြင်း အကြံတော်ကို အရိပ်အမြွက်မျှ တွေ့မြင်သွားရလေသည်။ သူသည် ဘုရား သခင်၏ ပညတ်တော်ကိုလည်း ပြည့်ပြည့်စုံစုံ တွေ့မြင်ရသည်။ ၎င်းပြင် ခရစ်တော်ကို ဘေးဒဏ်မှကယ်တင်ရွေးနုတ်သော အရှင်အဖြစ် တွေ့မြင်ရပေသည်။

ထိုမိတ်ဆွေနှင့်တူသောသူ၊ဖခင်နှင့်လည်းတူသောသူက ဟဲရာလ် ()အတွက် ဆုတောင်းပေးလေသည်။ ထိုဆုတောင်းချက်ကို ဟဲရာလ်() သည် ဘယ်တော့မျှမမေ့နိုင်ပေ။ သူ့စိတ်၌အစွဲကပ်ဆုံး စကားမှာ- အို၊ ထာဝရဘုရား၊ ဤသူငယ်အား ခပ်သိမ်းသောဒုစရိုက် အလေ့အကျင့်များ နှင့်ကင်းဝေးစေ၍ ကိုယ်စိတ်ချမ်းသာခြင်းကို ပေးသနားတော်မူပါ။ဤဆုတောင်းချက်သည် သူ့အတွက် အဆန်းဖြစ်နေသည်။ သို့ရာတွင် သူကြာရှည်စွာသတိရဖို့ပင်။

မောင်မင်း၊ ဘယ်သင်္ဘောနဲ့လိုက်မလို့လဲဟု ထိုလူက ခွဲခွာ ရင်း ဟဲရာလ်()ကိုမေးလေသည်။

တင်ယိုမာရူသင်္ဘောနဲ့ပါ။

ဒါဖြင့်ဟန်ကျသားပဲ၊ ဒီသင်္ဘောကနက်ဖြန်ထွက်မယ်၊ ကျုပ်မိတ်ဆွေတချို့လည်း အဲဒီသင်္ဘောနဲ့လိုက်မယ်။ မောင်မင်းဟာ သူတို့နဲ့တွေ့ဖြစ်အောင်တွေ့ပါ၊ အဖေါ်ရတာပေါ့။

သူယခုမြတ်နိုးပြီဖြစ်သော ကျမ်းစာကိုကိုင်လျက် ဟဲရာလ်() သည် ကူးတို့သင်္ဘောကလေးပေါ်သို့ မကြာမီရောက်ရှိသွားလေသည်။ သူ အတွက်ထူးခြားမည့်တွေ့ကြုံစရာတွေများစွာရှိသေးသည်။

 


အခန်း - ၄

အခန်း

သုခလမ်းသို့

 

ဟိုအရင်တစ်ခါက ဒီစံဖရန်စစ္စကိုမြို့ကနေပြီး ယိုကိုဟားမား သင်္ဘောနဲ့မဲလ်ဘုန်းမြို့ကို ငါသွားဖူးတာ ရှစ်နှစ်တောင်ကြာသွားပြီ။ ရှစ် နှစ်ကလည်းကြည့်ရတာ ခဏကလေးလိုပဲဟု ဟဲရာလ်()သည် သူ့ ကိုယ်ကိုသူပြောလေသည်။ တင်ယုမာရူသင်္ဘောသည် ဆိပ်ခံဘောမှ ခွာ၍ စံဖရန်စစ္စကို ပင်လယ်ကွေ့ဆီမှ ဝေးလှသော ဂျပန်ပြည်ဘက်သို့ ဦးတည်ကာ ခုတ်မောင်းသွားလေသည်။

ရှစ်နှစ်လောက်တုန်းက မေလ၏ နံနက်မှာ အရက်သမား၊ ရာဇ ဝတ်ကောင်၊ ခေါင်းမာတဲ့လူ၊ စိတ်ပျော်ရွှင်မှုဆိုလို့ လုံးဝမရှိတဲ့လူဆိုးတစ် ယောက်ဖြစ်တဲ့ငါဟာ ဥပဒေစက်ကွင်းက လွတ်ကင်းဖို့၊ မိခင်ရဲ့ဖျောင်း ဖျပြောဆိုမှုတွေမှ လွတ်ကင်းဖို့ သင်္ဘောနဲ့လိုက်သွားတာကို ငါကောင်း ကောင်းမှတ်မိပါသေးတယ်။

အကြောင်းတစ်ခုခုရဲ့ဂြိုဟ်မွှေမှုကြောင့် ငါဟာ အိမ်နဲ့မိခင်ကြီး ဆီပြန်ချင်တဲ့စိတ်တွေ ပေါ်ပေါက်လာတာရယ်၊ အဲဒီစိတ်တွေကိုဖျောက် လိုက်တဲ့အဆုံးမှာ ငါဟာ အရက်တွေကိုသောက်၊ မဟုတ်တာတွေကို ပြော၊ လူဆိုးသူဆိုးတွေနဲ့ပေါင်းနဲ့ပဲ အချိန်ဖြုန်းခဲ့တာတွေကို သတိရသေး တယ်။

အဲဒီငါလိုက်သွားတဲ့ သင်္ဘောကြီးဟာ ရေလယ်မှာ မီးစွဲလောင် တဲ့အခါ တို့သင်္ဘောသားတွေ အသက်ချမ်းသာရာချမ်းသာကြောင်းဆိုပြီး မာလိန်မှူးက ဘုရားသခင်ထံဆုတောင်းနေတာကို ငါက သွားတွေ့မိ လိုက်တဲ့အဖြစ်သနစ်တွေကို ကောင်းကောင်းမှတ်မိပါသေးတယ်။

နောက်သတိရတာတစ်ခုရှိသေးတယ်။ ငါအရူးထပြီး ကျမ်းစာ အုပ်ကိုရေထဲသို့ လွှင့်ပစ်တဲ့ကိစ္စကလေးပဲ။ အို၊ ဘုရားသခင်၊ ကျွန်တော့် ကို ကယ်မတော်မူပါ။ ဘာဖြစ်လို့အဲဒီလိုလုပ်မိပါလိမ့်၊ အဲဒီဟာကို လုံးဝ သတိမရဘဲနေချင်ပါဘိ။

အခုလည်း ငါဟာ ခရီးထွက်ရဦးမယ်။ ငါထွက်ချင်လို့တော့ မဟုတ်ဘူး။ မထွက်ဘဲနေလို့မရဘူး။ အခုငါအမေရိကန်ပြည်က ထွက်ရ မယ်။ ငါဟာ ယုံကြည်ကိုးစားလောက်တဲ့ နိုင်ငံသားတစ်ယောက် ဖြစ် ကြောင်း လက်တွေ့ပြနိုင်မှ ပြည်တော်ပြန်ဝင်ရမယ်။ ငါ့မှာလည်း အမေ မရှိတော့ဘူး၊ မိတ်ဆွေလည်းရှိတော့မှာ မဟုတ်ပါဘူး။

မိတ်ဆွေလား၊ တစ်ဦးတော့ရှိတယ်၊ သူကတော့ကျမ်းစာပဲ၊ ငါ့ အတွက်ဆိုတော့သူကမိခင်လိုပဲ။သူကတော့ငါ့ကိုလူကောင်းတစ်ယောက် ဖြစ်လာအောင် ကူညီပြုပြင်ပေးပါလိမ့်မယ်လို့တော့ ယူဆရတာပဲ။

ဟိုပင်လယ်ဆိပ်ကမ်းတံတားမှာ တွေ့ဆုံစကားပြောလိုက်ရ တဲ့ လူကြီးကတော့ လူကောင်းကြီးပါပဲ။ ငါရဲ့လိုဘကို သူနားလည်ပုံရ တယ်။ သူဆုတောင်းပေးနေတုန်းက ငါ့စိတ်ကို တစ်ခုခုက မိမိရရဆွဲကိုင် ထားသလိုပဲ။ သူက ငါ့ကို ကျမ်းစာအုပ်ယူသွားခွင့်ပေးတော့ ငါတော့ ဒီတစ်ခါ လူကောင်းသူကောင်းဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ် လိုက်တာပဲ။ ဒီစိတ်ပိုင်းဖြတ်ချက်အတိုင်း ဖြစ်မြောက်နိုင်လိမ့်မယ်လို့ လည်း ထင်တာပဲ

ဒါပေမယ့် ဒီလူကြီးက ရယ်စရာကောင်းတာတွေပြောလိုက်သေး တယ်။ ငါလည်းအဲဒါတွေ မကြားဖူးပါဘူး။ ဩော်၊ ကြားဖူးသားပဲလေ။ ငါ့မိခင်ကြီးကတောင် တစ်ခါပြောသံ ကြားဖူးလိုက်သေးတာပဲ။ အဘွား ကြီးက ဘုရားသခင့်ပညတ်တော်ရှိသမျှကို စောင့်ရှောက်လိုက်နာရမယ် တဲ့။ နောက်ပြီးတော့လည်း ပညတ်တော်က သတ္တမနေ့ကိုဥပုသ်နေ့အဖြစ် စောင့်ရမယ်လို့ ပြောထားသားနဲ့၊ ဘာဖြစ်လို့ တချို့ခရစ်ယာန်တွေက တနင်္ဂနွေနေ့ကိုစောင့်ကြမှန်းမသိဘူးလို့တောင် ပြောသေးတယ်။ ဒါပေ မယ့် ငါ့ကိုကျမ်းစာအုပ်ပေးလိုက်တဲ့ လူကြီးကတော့ ငါ့မိခင်ကြီးပြောတဲ့ သတ္တမနေ့ဥပုသ်ကို စောင့်တယ်။

ထူးဆန်းတဲ့ကိစ္စတစ်ခုကတော့ သူ ငါ့ကိုပေးတဲ့ ကျမ်းစာအုပ်ပဲ။ ပထမအချက်ကတော့ သူပေးတဲ့ ကျမ်းစာအုပ်ဟာ ငါလွှင့်ပစ်လိုက်တဲ့ ကျမ်းစာအုပ်နဲ့ တထေရာတည်းပဲ။ မျဉ်းသားမှတ်သားထားပုံချင်း တူ တယ်။ မှတ်သားထားတဲ့ ကျမ်းချက်ချင်းလည်းတူတယ်။ အဲဒီကျမ်းချက် တွေရဲ့အနားကွက်လပ်မှာ ရေသားထားချင်းလည်း တူတယ်။ မင်အရောင် ကလည်းတစ်မျိုးတည်းပဲ။ နောက်ပြီးနှစ်အုပ်စလုံးရဲ့မျက်နှာဖုံးအတွင်းခံ စက္ကူလွတ်မှာ ရေးသားထားတဲ့ အမှာစကားကလေးတွေကလည်း ခြား နားတယ်လို့မရှိဘူး။ ဒါပေမယ့်........

အဲဒါဘာလဲဟဲရာလ်()သည် ယခုအခါ ကျယ်လောင်သော အသံနှင့် ပြောလေသည်။ သူ့အားအပ်နှင်းထားသည့် အရေးကြီးသော တာဝန်ကို (သင်္ဘောရှေ့ပိုင်းကုန်းပတ်တွင် တာဝန်ချထား၏) စဉ်းစား တွေးတောရင်း သူ၏ရှေ့ဖြစ်နောက်ဖြစ်များကိုလည်း ပြန်လှန်စဉ်းစား နေရာမှ စိတ်ချောက်ချားသော အသံဖြင့် ပြောသောစကားပြောသံကိုကြားရလေသည်။

ဟဲရာလ်()သည် လှမ်းကြည့်လိုက်သော်လည်း အသံရှင်ကို မတွေ့ရသောကြောင့် သူအထင်လွဲသည်ဟူ၍သာ ထင်မှတ်လေတော့ သည်။

နောက်တစ်ကြိမ် ထိုအသံကိုကြားရပြန်လေသည်။ ဤအကြိမ် တွင် ဟဲရာလ်()သည် တံတားဘက်သို့ လှည့်ကြည့်လိုက်ရာ မတ်တတ် ရပ်နေသော မာလိန်မှူး မန်းကို တွေ့လေသည်။

  

မာလိန်မှူးမန်းက ဟဲရာလ်()ကိုသတိပေးခြင်း

ဟဲရာလ်()တွေ့ရသောသူမှာ အကယ်ပင် ယိုကိုဟားမားသင်္ဘောတွင် မာလိန်မှူးအဖြစ် အမှုထမ်းခဲ့သော မန်းပင်ဖြစ်သည်။ ယခု အခါတွင် မန်းသည် ပစိဖိတ်သမုဒ္ဒရာတွင် ခုတ်မောင်းသွားလာနေသော လူစီးသင်္ဘောကို ဦးစီးကြိုးကိုင်သူအဖြစ် အမှုထမ်းနေပေသည်။

ဟဲရာလ် ()ဝီလ်ဆင်သည် ဆရာဟောင်းကို ပြန်တွေ့ရာတွင် သူ့စိတ်ကိုပင် မချုပ်တည်းနိုင်လောက်အောင် ဝမ်းသာမိတော့သည်။ အခေါက်၌ ပင်လယ်ခရီးထွက်လာရာတွင် သူသည် လူကောင်းသူကောင်း ဘဝကို တက်လှမ်းစေမည့်လျှို့ဝှက်မှုကို သင်ကြားရမည်ဖြစ်ကြောင်း၊ ဤကိစ္စကို အကောင်အထည်ဖေါ်နိုင်စေရန် တံတားပေါ်၌ရပ်နေသောသူ က ကူညီလိမ့်မည်ဖြစ်ကြောင်း တစ်ခုခုကသူ့အားကြား ပြောလိုက်ဟန် ရှိ၏။

ရက်များ အတော်ကြာညောင်းသော်လည်း သူရိုသေကိုင်းရှိုင်း သော ပုဂ္ဂိုလ်ကြီးနှင့်တွေ့ ဆုံနှုတ်ဆက်ခွင့် မရရှိသေးပေ။ နောက်ဆုံးတွင် အလုပ်ကိစ္စကြောင့် တစ်ဦးနှင့်တစ်ဦးတွေ့ ခွင့်ရရှိသည်တွင် ဟဲရာလ်() သည် ပြေး၍ မာလိန်မှူး၏ လက်ကိုဆုပ်ကိုင်ထားလေသည်။

မာလိန်မှူးမန်းခင်ဗျား၊ ခင်ဗျားနဲ့အတူတူ တစ်ခါသင်္ဘောစီးခွင့်ရတဲ့အတွက် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းပါတယ်။

မာလိန်မှူးမန်းကလည်း ဟဲရာလ်() လက်ကိုပြန်လည်ဆုပ် ကိုင်ထားလေသည်။ သို့ရာတွင် ဟဲရာလ်() မျက်နှာတွင် စိတ်ရှုပ် ထွေးနေသော အမူအရာကို မာလိန်မှူးမန်းသည် တွေ့မြင်ရလေသည်။

ဘယ့်နဲ့မောင်မင်း၊ မင်းဘာဖြစ်လို့ ဘုရားသခင်ကို ကျေးဇူးတင် စကားတွေပြောရတာလဲ။ မောင်မင်းဟာ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်း မှုမရှိဘူးဆိုတာ ကျုပ်အသိသားပဲ။

ဟုတ်ပါတယ်၊ မာလိန်မှူးခင်ဗျား။ မှန်တယ်လို့ သိတဲ့လမ်းကို လျှောက်လမ်းဖို့ ကျွန်တော်ကြိုးစားနေတာ အတော်ကြာပြီ။ ယိုကို ဟားမားသင်္ဘောပေါ်မှာ မီးလောင်တုန်းက ခင်ဗျားဘုရားသခင်နဲ့ တွေ့ရသလို၊ ကျွန်တော်လည်း အခုဘုရားသခင်နဲ့ တွေ့လိုတဲ့ဆန္ဒရှိပါ တယ်။ ကျွန်တော့်အမေဟာ ဘုရားသခင်ကိုသိသလို၊ နောက်ပြီး အလို တော်အတိုင်း အစစအရာရာဆောင်ရွက်သလို ကျွန်တော်လည်းပြုလုပ် လိုပါတယ်။ ကျမ်းစာနဲ့ ၎င်းအထဲမှာပါရှိတဲ့ ဘုရားသခင့်ကတိတော်များ အကြောင်းအား ခင်ဗျားက ကျွန်တော့်ကို ပြောပြခဲ့တာ သတိရပါသေး သလားခင်ဗျား။

အေး၊ အဲဒီအဖြစ်အပျက်တွေကို အစအဆုံးသတိရပါသေးတယ်။ ဒါပေမယ့် အဲဒီအဖြစ်အပျက်တွေမှ မောင်မင်းဟာကောင်းကျိုးရရှိခဲ့တယ် ဆိုတာကတော့ ကျုပ်မှတ်မိသလောက်ပြောရရင် ဘာတစ်ခုမျှမရှိပါဘူး။

ဟုတ်ပါတယ်၊ မာလိန်မှူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့မှာ ပဲ ကျွန်တော်ဟာ ကျွန်တော့်ချစ်မိခင်ကြီးပေးတဲ့ ကျမ်းစာကိုတောင် ပင်လယ်ထဲ လွှင့်ပစ်လိုက်သေးတယ်။ အဲဒီကျမ်းစာကိုလည်း မိခင်ကြီးက ကျွန်တော့်အတွက်ဆိုပြီး တချို့ကျမ်းချက်တွေကို မျဉ်းသားပေးလိုက် တယ်။ အဲဒီမှတ်သားထားတဲ့ ကျမ်းချက်တွေထဲမှာ ခင်ဗျားပြောတဲ့ ကျွန်တော်တို့ကိုမီးဘေးက ကယ်မတယ်ဆိုတဲ့ကျမ်းချက်လည်းပါတယ်။"

ဒါပေမယ့်၊ မာလိန်မှူးမန်းခင်ဗျား။ ကျွန်တော့်မှာ တခြား ကျမ်း စာတစ်အုပ်လည်း ရှိပါသေးတယ်။ အဲဒီကျမ်းစာလည်းပဲ မျဉ်းသားထား တဲ့ကျမ်းချက်တွေရှိတယ်။ ဆာလံကျမ်းထဲက ကျမ်းချက်ရယ်၊ ပညတ် တော်ဆယ်ပါးရယ်၊နောက်တခြားကျမ်းချက်တွေ တစ်ပြုံတစ်ခေါင်းကြီး ကို မှတ်သားထားပါတယ်။

နေပါဦးမောင်မင်း၊ အဲဒီကျမ်းစာကို မင်းဘယ်ကရလာသလဲဟု ကြင်နာစိတ်ရှိသော မာလိန်မှူးကမေးလေသည်။

ဟဲရာလ်()သည်လည်း သွားလေသူမိခင်ကြီး၏ ဝမ်းနည်းကြေ ကွဲဖွယ်သေဆုံးသွားမှု၊ သူ၏ ပေယျာလကန်နေထိုင်မှု၊ အဖမ်းခံရမှု၊ ပြစ် ဒဏ်ခံရမှု၊ ကျမ်းစာကို တွေ့ရှိမှုနှင့်အုတ်ကလင်မြို့၏ သင်္ဘောဆိပ်ကမ်း တံတားတွင် အခမဲ့စာပေဝေငှသော လူကြီးနှင့်တွေ့ ဆုံမှုတို့ကိုပြောပြ လေသည်။

ဪ၊ ဟုတ်သားပဲ၊ အဲဒီမင်းပြောတဲ့လူကြီးကို ကျုပ်သိပါတယ်။ သူကတနင်္ဂနွေနေ့မှာ ဥပုသ်မစောင့်ဘဲ စနေနေ့မှာ ဥပုသ်စောင့်တဲ့လူထူး လူဆန်းတစ်ယောက်ပေါ့။ ကျုပ်တို့ရဲ့ ဒီသင်္ဘောမှာလည်း စာဖတ်ခန်း ရှိတယ်။ အဲဒီစာဖတ်ခန်းထဲမှာ ခရီးသည်နဲ့ သင်္ဘောသားတွေရဲ့ အကျိုး အတွက်ဆိုပြီး စာရွက်စာတမ်းတွေ မြောက်မြားစွာ ထားရှိပါတယ်ဟု မာလိန်မှူးက ဟဲရာလ်()ကိုပြောလေသည်။

မာလိန်မှူးခင်ဗျား၊ ကျွန်တော်ကအဲဒီကျမ်းစာကို ကောက်ယူပြီး ဖတ်ကြည့်နေတုန်း အဲဒီလူကြီးကတွေ့သွားတယ်။ ကျွန်တော်ကကျမ်းစာ ကိုလိုချင်ပုံပြတော့ သူကလည်း ကျွန်တော့်ဆန္ဒပြည့်စေလိုတဲ့အနေနဲ့ ကျမ်းစာအုပ်ကိုပေးလိုက်ပါတယ်။ သိပ်သဘောကောင်းတဲ့လူကြီးပဲဗျာ။

ကျွန်တော်ရဲ့စိတ်နေသဘောထားကို သူနားလည်မှုရှိတယ်။ ကျွန်တော် က ကျွန်တော်ဘယ်အထိ မိုက်တွင်းနက်နေကြောင်း သူ့ကိုပြောပြတဲ့အခါ သူက မျက်ရည်တွေလည်လာပြီး ကျွန်တော့်အကျင့်ဆိုးတွေရဲ့ အနှောင် အဖွဲ့မှ ကျွန်တော့်ကိုလွတ်ကင်းစေပြီး ခရစ်တော်၏ ငြိမ်သက်ခြင်းရပါစေ လို့ ဆုတောင်းပေးတယ်။ သူက ကျွန်တော့်ကို ပြောပြသမျှတွေဟာ သူတော်စဉ် သူတော်မြတ်အဖြစ်ကို ဆောင်ကျဉ်းနိုင်တဲ့ လမ်းထဲတွန်းပို့ ပေးလိုသလိုပဲ။ ကျွန်တော်လည်း အဲဒီလိုလူတစ်ယောက်ဖြစ်လာအောင် ကြိုးစားဖို့ သန္နိဌာန်ချတော့တာပဲ။ မာလိန်မှူးကြီးကလည်း ဒီကိစ္စမှာ ကျွန်တော့်ကို တဆိတ်လောက်ကူညီပါလားခင်ဗျား။

ခရစ်ယာန်တစ်ယောက်ဖြစ်လာအောင် ကူညီရမယ်ဆိုရင် ကျုပ် အဖို့တော့အဆင်သင့်ပဲ။ ဒါပေမယ့် မောင်မင်းပြောတဲ့ ဟိုလူကြီးရဲ့ ယုံ ကြည်တဲ့အချက်တွေကို ယုံကြည်ရအောင်တော့ ကျုပ်မတတ်နိုင်ဘဲ ရှိ လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကစနေနေ့ကို ဥပုသ်စောင့်တာဟာ မှားနေတယ်လို့ ကျုပ်ယူဆတယ်။ သူ့လိုယုံကြည်တဲ့လူတွေတော့ ဒီ သင်္ဘောမှာ ခရီးသည်အဖြစ် အတော်များများလိုက်ပါလာကြတယ်။ သူတို့ တတွေကတရုတ်ပြည်ကို သွားမယ့်သာသနာပြုဆရာတွေပဲ။ အဲ၊ သူတို့ က မောင်မင်းကို အကူအညီပေးကြပါလိမ့်မယ်။ ဒါပေမယ့် မောင်မင်း သတိထားပါ။ မောင်မင်းရဲ့စိတ်ဆင်ရိုင်းကိုလည်း ထူးခတ်ထားပါ။

ဤကဲ့သို့ပြောဆိုပြီးသည်နောက် မာလိန်မှူးလည်း ရှေ့သို့ဆက် လက်လျှောက်သွားလေ၏။ ဟဲရာလ်()မှာမူ မိမိတာဝန်ကိုဆက်လက် ထမ်းရွက်နေစဉ် သူ့စိတ်အတွင်းဝယ် မေးခွန်းများသည် တစ်ခုပြီး တစ်ခု ဆက်တိုက်ပေါ်ပေါက်လာကြပေသည်။

အဲဒီလူတွေဟာ အယူမှားနေတယ်လို့ဆိုတာ မာလိန်မှူးက ဘာပြောချင်တာလဲ။ သူတို့တတွေဟာ လူထူးလူဆန်းတွေပါဆိုတာက ကော ဘယ်လိုထူးတာလဲ၊ ဘယ်လိုဆန်းတာလဲ။ သူတို့က ငါ့ကိုကူညီ တဲ့အခါမှာ ငါ့စိတ်က ဘယ်လိုဆင်ရိုင်းနဲ့တူလာရမှာတုန်း။ ဟိုငါတွေ့ခဲ့တဲ့ လူကြီးကလည်း သူများတွေကိုဒေါသထွက်အောင်လုပ်လိမ့်မယ်လို့လည်း ငါမယုံကြည်ဘူး။ဤကဲ့သို့ဟဲရာလ်()သည် သူ့ကိုယ်ကိုသူ စောဒက တက်နေလေသည်။



အခန်း - ၅

အခန်း

သာသနာ့ဝန်ထမ်းကောင်း

 

တင်ယိုမာရူသင်္ဘောသည် မိမိသွားရမည့် ပင်လယ်ခရီးကို ထွက်လာသည်မှာ ဥပုသ်တစ်ပတ်မျှရှိလေပြီ။ တစ်နေ့သောအခါ သား သားနားနားလူတစ်ယောက်သည် ဟဲရာလ်()ဆီသို့ တိုက်ရိုက်လာ၍ ခရစ်ယာန်ဟုတ်မဟုတ် ကြင်နာသောလေသံဖြင့် မေးမြန်းလေသည်။ ဤကဲ့သို့အမေးအမြန်းခံရသည်မှာ ဟဲရာလ်() တစ်သက်တွင် အကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်၏။ သူသည်အတော်ပင် အံ့ဩသွား သော်လည်း ယခုကဲ့သို့ တိုက်ရိုက်မေးမြန်းခြင်းကိုသဘောကျပေသည်။

ကျွန်တော် ခရစ်ယာန်မဟုတ်ပါဘူးခင်ဗျား၊ ဒါပေမယ့် ခရစ် ယာန် ဖြစ်သင့်မဖြစ်သင့်ဆိုတာကိုတော့ စဉ်းစားဆဲပါ။ ခင်ဗျားနာမည် ကလေးတဆိတ်လောက်သိပါရစေ။

ကျုပ်နံမည်ကအင်ဒါဆင်လို့ခေါ်ပါတယ်။

ခင်ဗျားလည်း တရုတ်ပြည်ကို သွားမယ့် သာသနာ့ဝန်ထမ်း တစ်ဦးပဲလား။

ဟုတ်ပါတယ်၊ မောင်မင်းက ဘာဖြစ်လို့ ဒီလိုမေးရသလဲ။

မာလိန်မှူးမန်းကဒီသင်္ဘောပေါ်မှာ သာသနာပြုဆရာတချို့လိုက် ပါလာတယ်ပြောတာနဲ့ ကျွန်တော်ကလည်း သာသနာပြုဆရာတစ်ဦးဦးနဲ့ တွေ့ချင်နေပါတယ်။ ကျွန်တော် မေးမြန်းချင်တာလေးတွေ ရှိလို့ပါ။ ကျွန်တော့်ဆီမှာ အုတ်ကလင်ပင်လယ်ဆိပ်တံတားက လူကြီး တစ် ယောက်ကပေးလိုက်တဲ့ကျမ်းစာတစ်အုပ်ရှိပါတယ်။ အဲဒီကျမ်းစာအုပ်ထဲ

မှာ မျဉ်းသားမှတ်သားထားချက်တွေ ရှိပါတယ်။ အဲဒီမှတ်သားထားချက် တွေကလည်း ကျွန်တော့်ခရစ်ယာန်မိခင်ကြီးက ကျွန်တော့်ကိုပေးလိုက် တဲ့ ကျမ်းစာအုပ်ထဲက မှတ်သားချက်တွေအတိုင်း မှတ်သားထားပါတယ်။ ကျွန်တော့်မိခင်ကြီးကပေးတဲ့ ကျမ်းစာကိုတော့ ကျွန်တော်ခရစ်ယာန် အယူဝါဒကို မကြိုက်တာနဲ့ ပင်လယ်ထဲလွှင့်ပစ်ခဲ့ပြီ။ အခုကျွန်တော့်ဆီမှာ ရှိတဲ့ ကျမ်းစာအုပ်အသစ်ထဲက မှတ်သားထားချက်တွေက ကျွန်တော်ရဲ့ အိမ်၊ ကျွန်တော့်မိခင်ကြီးဆိုဆုံးမသွားတဲ့စကားတွေကို ပြန်လည်သတိရ စေပါတယ်။ ကျွန်တော်လည်း အဲဒါကြောင့် အခုခရစ်ယာန်တစ်ယောက် ဖြစ်လာဖို့ ဘယ်လိုအစပြုဆောင်ရွက်ရမယ်ဆိုတာကို နည်းပေးလမ်းပြ လုပ်နိုင်တဲ့လူတစ်ဦးနဲ့တွေ့လိုပါတယ်။

မောင်မင်းက ဟဲရာလ်()ဝီလ်ဆင်လို့ခေါ်တဲ့လူငယ်လား။

ဟုတ်ကဲ့ခင်ဗျား၊ ဒါနဲ့ကျွန်တော့်နာမည်ကို ဘယ့်နဲ့သိသလဲ ခင်ဗျား။

ဘယ်လိုသိသလဲဆိုတာကတော့ အတော်ကလေးကို ထူးဆန်း တယ်။ ပြောပြရဦးမယ်။ အုတ်ကလင်မြို့က ကျုပ်မထွက်လာမီရက် အနည်းငယ်လောက်က စံဖရန်စစ္စကို ထုတ်သတင်းစာတစ်စောင်ထဲမှာ

ဟဲရာလ်()ဝီလ်ဆင်ဆိုတဲ့လူငယ်လေးရဲ့အမှုနဲ့ ပတ်သက်တဲ့သတင်း ဖတ်ရပါတယ်။ သတင်းအရဆိုရင် အဲဒီလူငယ်လေးဟာ ပြစ်မှုတစ်ခု ကြောင့် ပြည်နှင်ဒဏ်ငါးနှစ်ခံရတယ်လို့ သိရပါတယ်။ သတင်းထောက် များကလည်း ပြစ်ဒဏ်ယုတ်လျော့စေရာတွင် အထောက်အပံ့ဖြစ်တဲ့ အကြောင်းတွေအပြင် မိခင်ကောင်းကြီးရဲ့ သေဆုံးကာနီး သားအတွက် ဆုတောင်းချက်၊ မိတ်ကောင်းဆွေကောင်းများကလည်း ဒီလူငယ်ဟာ ပြောင်းလဲပြီးသူ့ကို ဘုရားသခင့်လက်သို့အပ်နှံထားတဲ့မိဘနှစ်ပါးအတွက် ဂုဏ်ယူစရာဖြစ်လာမယ့် အကြောင်းတွေကိုပါ ထည့်သွင်းဖေါ်ပြကြသေး တယ်။

နောက်တစ်ခုကတော့ ဒီလူငယ်ကလေးဟာ တင်ယိုမာရှုခေါ် တဲ့ ကျုပ်အရှေ့တိုင်းပြည်အသွားစီးသွားမယ့်သင်္ဘောပေါ်မှာ လိုက်ပါမယ့် အကြောင်းလည်း ဖေါ်ပြထားတယ်။ ဒါကြောင့် ကျုပ်က ဒီလူငယ်နဲ့ ရအောင်တွေ့ဆုံပြီး ကူညီနိုင်သလောက်ကူညီဖို့ စိတ်ပိုင်းဖြတ်လိုက်ပါ တယ်။

ဟဲရာလ်()သည် သူ့မိတ်ဆွေသစ်ကို သေသေချာချာကြည့်ရှု လေသည်။ အဘယ်ကြောင့်ဆိုသော် မာလိန်မှူးက စိတ်ဆင်ရိုင်း၏ အလို သို့ အရမ်းလိုက်မပါရန် သတိပေးစကားပြောထားသည်မဟုတ်ပါလော။ သို့သော်ငြားလည်း၊ မစ္စတာအင်ဒါဆင်မှာ နှစ်လိုဖွယ်သော မျက်နှာရှိ၏။ စေတနာအရင်းခံသောအသုံးအနှုန်းများကိုအသုံးပြု၏။တစ်ကိုယ်ကောင်း စိတ်ဟူ၍လည်း စိုးစဉ်းမျှရှိပုံမရချေ။ ထိုကဲ့သို့သောပုဂ္ဂိုလ်နှင့် တွေ့ ဆုံရသည်မှာ အလွန်ကုသိုလ်ထူးသည့်လက္ခဏာမျိုး ဖြစ်ပေါ်နေတော့သည်။

ခင်ဗျားကျွန်တော့်မိခင်ကြီးနဲ့တော့ မသိဘူးပေါ့။ ကျွန်တော့်မိခင် က ကျမ်းစာပြောသမျှ အကုန်လိုက်နာဖို့ စိတ်ထက်သန်ပြီး ကျွန်တော့်ကို တောင် အဲဒီတရားတွေ လိုက်နာစောင့်ရှောက်ဖို့အစဉ်ပဲ တိုက်တွန်းလေ့ ရှိတယ်။ အရင်တုန်းကတော့မိခင်ကြီးက စံဖရန်စစ္စကို မှာနေပါတယ်။

မောင်မင်းမိခင်ရဲ့ငယ်နာမည်က ဟဲလင်လို့ခေါ်ပါသလား ဟု မစ္စတာအင်ဒါဆင်က မေးသည်။

ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ဒါဖြင့်ခင်ဗျားသိတာပေါ့နော်။

မောင်မင်းရယ်၊ မင်းမိခင်ဟာ ကျုပ်ရဲ့အသင်းသူပဲ။ ကျုပ်က သင်းအုပ်ဆရာအနေနဲ့ မောင်မင်းရဲ့မိခင်ကြီးက သူ့လမ်းလွဲနေတဲ့ သား ကလေးအကြောင်း မကြာခဏပြောသံကို ကြားဖူးပါတယ်။ နောက်ပြီးသူ့ သားကလေးဟာ တစ်နေ့ကျရင် သခင်ယေရှုကို သိကျွမ်းနားလည်လာစေ ရန် သူအစဉ်ဆုတောင်းကြောင်းကိုလည်း ပြောသံကြားရဖူးပါတယ်။ သူ ကျမ်းစာ တစ်အုပ်ကို ဝယ်တဲ့အကြောင်း၊ အဲဒီကျမ်းစာအုပ်ထဲမှာ သူရေး သားထားတဲ့အမှာစကားများကြောင့် သူမျဉ်းသားမှတ်သားထားတဲ့ ကျမ်း ချက်များအကြောင်း၊အဲဒီကျမ်းချက်များရဲ့ကွက်လပ်နေရာ ရှင်းလင်းချက် ကလေးများရေးသားထားကြောင်းများကို ပြန်လည်ပြောပြဖူးပါတယ်။ အဲဒီ သူရေးသားမျဉ်းသားထားချက်တွေဟာ တစ်နေ့ကျရင်သူ သားရဲ့ စိတ်နှလုံးကို ထိခိုက်လိမ့်မယ်ဆိုတာ ယုံကြည်တဲ့အကြောင်းကိုလည်း ပြောဖူးပါသေးတယ်။ ဒါပေမယ့် သူ့သားဆီက ကျိုးကြောင်းမကြားရတာ ကြာလေတော့၊ သူ့သားဟာပင်လယ်ခရီးမှာပဲ ဖိတ်ဖိတ်စင်စင်ဖြစ်သွား ပြီလို့ ထင်ပြီး စိတ်အားလျှော့ခဲ့ပါတယ်။ သူအသည်းအသန်ဖြစ်ပြီးလဲနေ တော့၊ ပင်လယ်ဆိပ်တံတားမှာမောင်မင်းတွေ့ရတဲ့ကျုပ်တို့ အသင်းတော် သားကြီးကိုခေါ်ပြီး စာပေတွေအခမဲ့ဝေတဲ့နေရာမှာ သူအထက်က မျဉ်း သားမှတ်သားထားဖူးတဲ့အတိုင်း အခြားကျမ်းစာတစ်အုပ်ကို မှတ်သားပြီး ပြထားဖို့မှာ ထားပါတယ်။ ဒါဖြင့် ဟဲရာလ်() မောင်မင်းဟာ အဲဒီအဒေါ် ကြီးရဲ့သားကိုး။

ဟုတ်ပါတယ်ခင်ဗျား၊ ကျွန်တော့်ကိုခရစ်တော်ထံ ရောက်နိုင်ရန် နည်းပေးလမ်းပြလုပ်ဖို့ ခင်ဗျားစေလွှတ်ခြင်းခံရတယ်ဆိုတာ ကျွန်တော် အခုယုံကြည်ပါတယ်။ မစ္စတာအင်ဒါဆင်ရယ်၊ ကျွန်တော် မိုက်မဲခဲ့မှုတွေ ကို ကုသဖျောက်ဖျက်နိုင်တဲ့နည်းလမ်းရှိရင် ကျွန်တော် လိုချင်ပါတယ်။ အခုပဲလိုချင်ပါတယ်။ ကျွန်တော်ဟာ လူမမာ၊ ဘုရားတရားမဲ့တဲ့ဒုစရိုက် ကောင်ပါ။ ကျွန်တော့်ကိုကူညီနိုင်ပါသလားခင်ဗျား။

မစ္စတာအင်ဒါဆင်အဖို့မှာ ဟဲရာလ်()ဝီလ်ဆင်ကို တွေ့ရသည် မှာများစွာအားရဖွယ်လည်းဖြစ်၊ အဆင်လည်းသင့်လှသောကြောင့် ဘုရား သခင်ကတိတော်များ၌ သူ့ယုံကြည်မှုသည် ပိုမိုခိုင်မြဲလာလေသည်။ သူသည်လိမ္မာစွာပြောဆိုဆက်ဆံဆောင်ရွက်မှုဖြင့် ဟဲရာလ်()ကို သခင် ယေရှု၏ခြေတော်ရင်းသို့ ပို့ဆောင်လေသည်။ ဟဲရာလ်()သည် မစ္စတာ အင်ဒါဆင်က ရှင်းလင်းဖေါ်ပြသောတရားဒေသနာကို နားလည် သက်ဝင် ယုံကြည်လျက် လက်ခံလေသည်။ ထိုနောက်သူသည် ပျော်ရွှင်လျက်နေ တော့၏။

ဟဲရာလ်() အတိတ်ရာဇဝင်နှင့်ပြောင်းလဲမှုကို သိရှိလာကြ သော ခရီးသည်နှင့်သင်္ဘောသားတို့က ဟဲရာလ်()ကို မှတ်သားထား တဲ့ကျမ်းစာနှင့်လူ ဟူ၍ ညွှန်ပြပြောဆိုကြလေသည်။

မာလိန်မှူးမန်းသည် ဘုရားတရားရိုသေသော ခရစ်ယာန်ကြီး ဖြစ်သော်လည်း ကျမ်းစာကို ကိုယ်တိုင်ကောင်းစွာ နားမလည်ပေ။ ထို့ ကြောင့် ကျမ်းစာနှင့်ပတ်သက်၍ သဘောထားမှာ အနည်းငယ်ကျဉ်း မြောင်းပေသည်။ ဟဲရာလ်()သည် မစ္စတာအင်ဒါဆင်နှင့် မကြာခဏ တွေ့ဆုံကာ ဘာသာရေးဆွေးနွေးကြောင်းကြားသိရသောအခါ မစ္စတာ အင်ဒါဆင်၏ မှားယွင်းသောဩဝါဒများ ကို ဟဲရာလ်()သည် နား ယောင်ပါသွားမည်ကိုမာလိန်မှူးက စိုးရိမ်တကြီးဖြစ်လာလေသည်။ ထို့ ကြောင့် မစ္စတာအင်ဒါဆင်၏ ဆွဲဆောင်မှုမှ ဟဲရာလ်()လွတ်ကင်းရန် မာလိန်မှူးမန်းသည်ကြိုးပမ်းလေသည်။

ဘာကြောင့် သူဒီလိုလုပ်နေရတာလဲ ဟု ဟဲရာလ်()သည် မာလိန်မှူးမန်းနှောင့်ယှက်မှုကို စဉ်းစားရင်း သူ့ကိုယ်ကိုသူမေးလေသည်။ ကြည့်စမ်း၊ ဒီပုဂ္ဂိုလ်ကောင်းကြီးနှစ်ဦးစလုံးဟာ ရိုးဖြောင့်တာပဲ။ ဒါပေ မယ့် တစ်ဦးကလည်း တခြားတစ်ဦးကိုမှားတယ်လို့ တစ်ယူသန်ဖြစ်နေ ကြတယ်။ မာလိန်မှူးမန်းရဲ့ ဆုတောင်းပြည့်တဲ့အတွက် ငါဟာ အသက် ချမ်းသာရာရခဲ့တယ်လို့ ယုံကြည်တယ်။ မစ္စတာအင်ဒါဆင်အဖို့မှာလည်း သူ့ ဆုတောင်းပြည့်တဲ့အတွက်ကြောင့်သာ ငါခရစ်ယာန်တစ်ယောက် ဖြစ်လာတယ်လို့ယုံကြည်တယ်။ ငါဘာလုပ်ရတော့မလဲ။ နှစ်ဦးစလုံး ရဲ့စကားကိုတော့လိုက်နာလို့မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီနှစ်ခု ဟာပြောင်ပြောင်ကြီးဆန့်ကျင်နေလို့ပဲ။

ဘာပဲဖြစ်ဖြစ်လေ၊ ငါ့အမေက ငါ့ကိုမှာထားတာတွေလုပ်မှာပဲ။ ဘယ်သူဘာပြောပြော ကျမ်းစာကပြောထားတဲ့အတိုင်း ငါလုပ်မှာပဲ။

ကောင်းသောအကြံဖြစ်၏။ လူပြောစကားထက် ကျမ်းစာက ပြောထားသမျှကို လိုက်နာသောသူသည် အသက်ရှင်သော လမ်းကိုလက် လွတ်ခဲ၏။

ဟဲရာလ်()ဖြေရှင်းရမည့် အခြားပြဿနာမှာ ကျမ်းစာကို သိ ကျွမ်းလျက် ပြသောစေတနာနှင့်ကျမ်းစာကို မသိကျွမ်းဘဲနှင့်ပြသော စေတနာတွင် အဘယ်စေတနာက ပို၍ တန်ဖိုးရှိသည်ဟူသော ပြဿနာ ဖြစ်သည်။ မစ္စတာအင်ဒါဆင်နှင့် မာလိန်မှူးမန်းနှစ်ဦးစလုံးပင် စေတနာ ထားသူများဖြစ်ကြပေသည်။ သို့ရာတွင် ကျမ်းစာနှင့်ပတ်သက်သောအသိ ဉာဏ်တွင် တစ်ဦးနှင့်တစ်ဦးမှာ မိုးနှင့်မြေကြီးပမာကွာခြားပေသည်။ အချက်ကိုလည်း ဟဲရာလ်()သည် မကြာမီပင် သိမြင်လာလေတော့ သည်။ ထိုကြောင့် သူ့အဖို့မှာ ကျမ်းစာ၌အားကြီးသောသူ အကြံ ပေးဉာဏ်ပေးစကားကို လိုက်နာသည်ထက် ကောင်းသောအရာကား မရှိ ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအကြံဉာဏ်များကိုလည်း မှန်ကန်သော ဌာနမှဆွဲထုတ်သောကြောင့်ဖြစ်သည်။

မာလိန်မှူးသည် ကျမ်းစာအသိအကျွမ်းတွင် လိုလေသေးရှိသည် မှန်သော်လည်း ဟဲရာလ်()သည် ဥပုသ်နေ့နှင့်ပတ်သက်၍လွဲသော အယူအဆများ ဖြင့် ရှုပ်ထွေးငြိတွယ်နေမည်ကို များစွာစိုးရိမ်လေသည်။ ထိုအဖြစ်မှဟဲရာလ်()ကို လွတ်ကင်းစေရန် သူကြိုးပမ်းမှုများသည် လူငယ်အတွက် ဘုရားသခင်အလိုတော်ရှိသည်ကို လျင်မြန်စွာ အကောင် အထည်ပေါ်ရန် ဆောင်ကြဉ်းလေသည်။

မောင်မင်း (ဤအသုံးအနှုန်းသည် မာလိန်မှူး၏ လက်သုံး စကားဖြစ်၏။) ဥပုသ်နေ့နှင့်ပတ်သက်ပြီး မောင်မင်းသတိထားဖို့ ကျုပ် သညာပေးပါရစေ။

မာလိန်မှူးမန်းခင်ဗျား၊ ခင်ဗျား ဘာကြောင့် ဒီစကားမျိုးပြောရ ပါသလဲ။ စနေနေ့ ဥပုသ်စောင့်ခြင်းနှင့်ပတ်သက်ပြီး ကျွန်တော့်ကို ဘယ်သူက ဘာမှမပြောပါကလား။

အခုမဟုတ်ပေမယ့် တော်တော်ကြာရင် မစ္စတာအင်ဒါဆင်က မောင်မင်းဟာ ခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်ချင်ရင် သူ့အသင်းက စောင့်တဲ့ဥပုသ်နေ့ကို စောင့်ရမယ်လို့ပြောလာလိမ့်မယ်။ တနင်္ဂနွေနေ့ကိုဥပုသ်စောင့်ဖို့ကိုလည်း ကျမ်းစာ၌ဖေါ်ပြထားခြင်းမရှိဘူးလို့လည်းပြောဦး မယ်။ နောက်ပြီးတော့လည်း .....

တနင်္ဂနွေနေ့နှင့်ပတ်သက်ပြီး ဟဲရာလ်()ကြားရသည်မှာ အကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်၏။ ထိုကြောင့်သူသည် ဤအကြောင်း အရာကိုချက်ချင်းပင် စိတ်ဝင်စားလာလေသည်။ ထိုကြောင့် သူက မာလိန်မှူးရယ်၊ တနင်္ဂနွေနေ့အကြောင်း ကျမ်းစာထဲမှာ တကယ်ပဲ ဖေါ်ပြ မထားဘူးလားဟုမေးမြန်းလေသည်။ ခင်ဗျားအကောင်းဆုံး လို့ယူဆ ရင်လည်း မစ္စတာအင်ဒါဆင်က အဲဒီအကြောင်းကိုမပြောမီ ခင်ဗျားက ကျွန်တော့်ကိုကျမ်းစာထဲမှာပြမယ်ဆိုရင်လည်း ကျွန်တော်ဝမ်းသာမှာပဲ။

ကောင်းပြီ၊ ညနေကျုပ်အခန်းထဲလာခဲ့ပါ။ မစ္စတာအင်ဒါဆင်ရဲ့ အသင်းဟာ ဥပုသ်နေ့စောင့်ရှောက်မှုနှင့်ပတ်သက်ပြီး အယူလွဲနေတယ် ဆိုတာကျုပ်ပြမယ်။

 


No comments:

Post a Comment