Thursday, January 22, 2026

အခန်း (၄) တစ်ကိုယ်ရေများ၏ရုန်းကန်မှုအတွက်အဖြေညှိခြင်း


သူသေရင်၊ သူ့ခေါင်းကိုထမ်းမယ့်လူများသည် ယောက်ျားမဖြစ်ရ ဟုအမိန့်ချမှတ်ခဲ့တဲ့ အပျိုကြီးအကြောင်းကြားဖူးပါသလား။ သူအသက် ရှင်စဉ် ယောက်ျားများသည် သူ့ကိုအချစ်မပေးခဲ့တဲ့အတွက် သေလျှင် လည်း သူတို့ရဲ့ကြင်နာမှုကို မလိုအပ်ပါဟုဆိုခဲ့သည်။

အကြောင်းရင်းများ

တစ်ကိုယ်တော်များ၏အမျိုးအစား

ပထမ။ ထိမ်းမြားလက်ထပ်ရန် မျှော်လင့်ဆဲရှိသော တစ်ကိုယ်တော်များ လည်းရှိသည်။တချို့မှာကန့်သတ်မှုရှိသော အခွင့်အရေး၊စည်းမျဉ်းဘောင် အတွင်းဝန်းရံခြင်းခံရသူများသည် အပေါင်းအသင်းမိတ်ဆွေစက်ဝိုင်း ကို ချဲ့ခြင်းဖြင့် အခွင့်အလမ်းများ တိုးမြင့်စေနိုင်မည်။ ကလပ်အသင်းများနှင့် အဖွဲ့အစည်းများတွင် ဝင်ခြင်း၊ ပေါင်းသင်းဆက်ဆံသည့် လှုပ်ရှားမှုများ တွင် ပါဝင်ခြင်း၊ ခရီးသွားခြင်း၊ အဆင့်မြင့်သင်တန်းများ တက်ခြင်းဖြင့် လည်း အထောက်အကူပြုနိုင်မည်။ တချို့က အဝတ်အစား၊ အပြောအဆို၊ စိတ်နေသဘောထားပြုပြင် ပြောင်းလဲခြင်းဖြင့် ပိုမိုဆွဲဆောင်မှုရှိလာနိုင် သည်။

တချို့သောသူများသည် ကြောက်ခြင်း၊ ရှက်ခြင်းတို့ကိုကျော်လွှား ပြီး ပေါင်းသင်းဆက်ဆံရောနှောခြင်းဖြင့်လည်း အခွင့်အရေးများပွင့်လာ နိုင်သည်။ တချို့မှာမူ မိမိကိုယ်သည် မပြည့်စုံကြောင်းကို သတိရလျက် ပြည့်စုံမှုကို ရှာရန်ရပ်ဆိုင်းခြင်း၊ တချို့အရာများသည် အခြေခံအရေးကြီး တဲ့ မရှိမဖြစ်တဲ့ လိုအပ်ချက်များဖြစ်ပြီး အခြားအရည်အချင်းများသည် ရွေးချယ်နိုင်သောအရာများဖြစ်သည်ကို ခွဲခြားသိရှိရန်လည်း လိုအပ်ပါ သည်။

ဒုတိယအမျိုးအစားမှာ လွန်ခဲ့သောအချိန်၌ ကံဆိုးမှုအတွေ့ အကြုံများကြောင့် ထိမ်းမြားခြင်းကို အဟန့်အတားဖြစ်စေသည့် စိတ်ရှိ သောသူများဖြစ်သည်။ တချို့မှာချစ်ကြိုက်သည်ဟု ပြောဆိုပြီးနောက် စွန့်ပယ်ခြင်းခံရသူများ၊ စိတ်ပျက်သူများ၊ နာကြင်မှုကိုခံရပြီး ပြန်လည် ယုံကြည်ရန် ကြောက်ရွံ့သူများဖြစ်သည်။ တချို့မှာအိမ်ထောင်မပြုမီ လိင်ဆက်ဆံမှု၏ အနာရွတ်များ ခံစားရခြင်း၊ အဓမ္မမှု (သို့မဟုတ်) အိမ်ထောင်မှုတားမြစ်ချက်ကို ကျူးလွန်သည့်တွေ့ကြုံခံစားရသူများဖြစ် သည်။

မည်သို့ပင်ဖြစ်ပါစေ၊ လွန်ခဲ့သောကံဆိုးမှုအတွေ့အကြုံများသည် မည်မျှပင်ဆိုးစေကာမူ အနာဂတ်ကို ဖျက်ဆီးရန်မဖြစ်သင့်ပါ။ မနေ့က ဖြစ်ခဲ့တဲ့ အိပ်မက်ဆိုးသည် တောက်ပသောမနက်ဖြန်ရဲ့ မြင်နိုင်သော စွမ်းရည်ကို မဖျက်ဆီးသင့်ပါ။ နှုတ်တော်ထွက်က “နောက်ကျသောအရာ တို့ကို မမှတ်ဘဲ၊ ရှေ့၌ရှိသော အရာတို့ကိုလှမ်းကမ်း၍ --- ဆုကို ရခြင်းငှာ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏” ဟု အကြံပေးသည်ကို တွေ့ရှိရသည်။ (ဖိလိပ္ပိ ၃း၁၃-၁၄)။

တချို့မှာအိမ်ထောင်မပြုဘဲ သေချာစဉ်းစားပြီး ကိုယ်ပိုင်ရွေးချယ် မှုပြုခြင်း၊ လွတ်လပ်မှုကိုနှစ်သက်ခြင်း၊ သက်မွေးဝမ်းကျောင်းအလုပ်တွင် အပ်နှံလုပ်ကိုင်ခြင်း၊ တစ်ကိုယ်တော်တည်းနေခြင်းကို ပို၍နှစ်သက်ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် အပျိုကြီး၊ လူပျိုကြီးများလည်းရှိ သည်။ တချို့မှာလည်း ဘုရားသခင်၏ အလိုတော်မရှိသည့်အတွက် ကြောင့်လည်းဖြစ်သည်။ ထိုသူတို့အတွက် တစ်ကိုယ်ရေတစ်ကာယနေ ခြင်းသည် ဘုရားသခင်၏ ကြိုတင်မြော်မြင်ခြင်းဖြစ်သည်ဟု ယူဆသည်။ လင်မယားကွာရှင်းခြင်းအမှုနဲ့လည်း အချို့မှာ အိမ်ထောင်ထပ်မပြုတော့ ဘဲနေတော့သည်။ သေခြင်း၏အေးစက်သောလက်သည် ချစ်သူကို ဆွဲယူ လိုက်ခြင်းကြောင့် အချို့မှာလည်း တစ်ကိုယ်ရေဘဝမှာ ကျန်ခဲ့တယ်။ ကွာရှင်းခြင်းနှင့်သေခြင်းအကြောင်းကို နောက်အခန်းများတွင် ဆက် လက်တင်ပြဦးမည်ဖြစ်သည်။

တစ်ကိုယ်ရေ (ဖြစ်မှု) သူများအတွက်လမ်းညွှန်များ

မည်ကဲ့သို့သော အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပါစေ၊ တစ်ကိုယ် တော်များသည် တစ်ကိုယ်ရေဖြစ်မှုအတွက် ရင်ဆိုင်ရမည့်အရှုပ်အထွေး များကို ကျွမ်းကျင်စွာကိုင်တွယ်တတ်သောပညာကိုလိုအပ်ပါသည်။

ဆုကျေးဇူး

ပထမအချက်မှာ၊ တစ်ကိုယ်ရေဖြစ်မှုသည် ဘုရားသခင်၏ ဆု ကျေးဇူးဟု သိရှိရန်သင့်သည်။ ဘုရားသခင်သည် တချို့သောသူများကို အိမ်ထောင်ဆုကျေးဇူး၊ တချို့တို့ကို တစ်ကိုယ်ရေဆုကျေးဇူးပေးတော်မူ သည်။ တစ်ခုသောဟောပြောပွဲတွင် သခင်ယေရှုပြောသည်မှာ ထိမ်းမြား မင်္ဂလာကတိကဝတ်သည် တစ်သက်အတွက် တည်မြဲရန်ဖြစ်ကြောင်း အလေးအနက်ပြောသောအခါ တပည့်တော်များက “လင်မယားအမှု သည် ဤသို့ဖြစ်လျှင် စုံဘက်ခြင်းကိုမပြုကောင်းပါဟု လျှောက်ကြ၏။” (မဿဲ ၁၉း၁၀)။ ဤရွေးချယ်မှုကို ခရစ်တော်က “ထိုစကားကို လူတိုင်း မခံမယူနိုင်။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။” (ငယ် ၁၁) ဟု ပြန် လည်ပြောဆိုသည်။ဤအချက်သည် တစ်ကိုယ်ရေတစ်ကာယဖြစ်မှုသည် တချို့သောသူများသာ ခံစားရသော ဆုကျေးဇူးဟု ကယ်တင်ရှင်ပြောဆို နေခြင်းဖြစ်သည်။

ပေါလုလည်း ဤအချက်ကို ဟုတ်မှန်ကြောင်းလက်ခံသည်။ “လူ အပေါင်းတို့သည် ငါကဲ့သို့ဖြစ်ခြင်းငှာ ငါအလိုရှိ၏။ သို့သော်လည်း လူ အသီးအသီးတို့သည် ဘုရားသခင်ပေးသနားတော်မူသည်အတိုင်း အသီး အသီးသော ဆုကျေးဇူးတို့သည် ဘုရားသခင်ပေးသနားတော်မူသည် အတိုင်း အသီးအသီးသော ဆုကျေးဇူးကိုခံရကြ၏။” (၁ကော ၇း၇) ဟုဆိုသည်။ တချို့သောသူတို့ကို အိမ်ထောင်ဖက်မှု ဆုကျေးဇူးကိုလည်း ကောင်း၊ တချို့ကို တစ်ကိုယ်တည်းနေရန် ဆုကျေးဇူးကိုလည်းကောင်း ပေးတော်မူသည်။ နှစ်မျိုးစလုံးသည် သနားကြင်နာသည့် ကျေးဇူးရှင် တစ်ဦးတည်းမှ အရင်းခံပေးသနားတော်မူခြင်းဖြစ်သည်။ ဆက်လက်ပြီး တမန်တော်ပေါလုညွှန်ပြသည်မှာ “ထိမ်းမြားစရာအကြောင်းလည်းရှိ လျှင် ထိုသူသည် အလိုအလျောက်ပြုစေ” ဆက်ပြီးမထိမ်းမြားဘဲနေမည် ဟု ကိုယ်စိတ်နှလုံးထဲမှာစီရင် ဆုံးဖြတ်သောသူသည် ကောင်းစွာပြု၏” ဟုဆိုသည်။ (၁ကော ၇း၃၆၊၃၇)။

ကောင်းချီးမင်္ဂလာ

ထိုနောက် ကောင်းချီးမင်္ဂလာကိုရေတွက်ပါ။ အသက်တာသည် နှင်းဆီချုံကဲ့သို့ ဆူးများနှင့် နှင်းဆီပန်းများဖြင့်ပါရှိသည်။ ထိမ်းမြားခြင်း သည်နှင်းဆီပန်းနှင့်ဆူးရှိသကဲ့သို့တစ်ကိုယ်ရေတစ်ကာယတို့သည်လည်း ပန်းနှင့်ဆူးရှိသည်။ အထီးကျန်မှု၏ဆူး၊ ကြင်ဖေါ်မရှိ၊ ကလေးမရှိသည့် အတွက် အသက်တာသည် အထီးကျန်မှုဖြစ်စေသည်။ ထိုနောက် လူ့ ဘောင် အပေါင်းအသင်းထဲတွင် တစ်ကိုယ်ရေများကို ဒုတိယတန်းစား နိုင်ငံသားများဖြင့်သဘောထားသည်။ လိင်ဆက်ဆံမှု၏ဆူးလည်းရှိသည်။ လိင်မှုကိစ္စဆန္ဒကို ကိုင်တွယ်ရန် အမြဲတိုက်ပွဲဆင်နွှဲရသည်။

သို့သော် နှင်းဆီပန်းများလည်းရှိသည်။ လွတ်လပ်စွာ စီမံခန့်ခွဲနိုင် သည့်နှင်းဆီပန်းကိုကြည့်ပါ။ တစ်ကိုယ်ရေအမျိုးသမီးတစ်ဦးသည် ၎င်း၏ အချိန်ကို လင်သားနှင့်သားသမီးတို့အကြား ခွဲပေးရန်မလိုအပ်ပါ။ အိမ် ထောင်မပြုသောယောက်ျားသည်ငွေကြေးကိစ္စကို ဇနီးနှင့်တိုင်ပင်တာဝန် ခွဲယူရန် မလိုအပ်ပါ။ အားလုံးကို ချုပ်ကိုင်ထားနိုင်သည်။ ထိုနောက် လွတ်လပ်မှု၏ ပန်း-- လွတ်လပ်စွာလှုပ်ရှားမှု၊ ကိုယ်ပိုင်ဦးစားပေးမှုများကို ကြပ်မတ်ပြုစုနိုင်သည်။

အခြားလွတ်လပ်မှုတစ်ခုကို ပေါလုမီးမောင်းထိုးပြသည်။ လွတ် လပ်စွာပြုစုနိုင်ခြင်းဖြစ်သည်။ ဤကဲ့သို့သူဖွင့်ဆိုထားသည်။ “ခင်ပွန်း မရှိသော သူသည် သခင်ဘုရား၏ စိတ်တော်နှင့်တွေ့စေခြင်းငှါ သခင် ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောသူမူကား၊ မိမိ မယား၏စိတ်နှင့် တွေ့စေခြင်းငှါ လောကအမှုကို သတိထားတတ်၏။ ထိုနည်းတူ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသောမိန်းမသည် ခြားနား ခြင်းရှိ၏။ ခင်ပွန်းမရှိသော မိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှာ သခင်ဘုရား၏အမှုကိုသာသတိထားတတ်၏။ခင်ပွန်း ရှိသောမိန်းမမူကား၊ မိမိခင်ပွန်း၏ စိတ်နှင့်တွေ့စေခြင်းငှာ လောကအမှု ကို သတိထားတတ်၏။” (၁ကော ၇း၃၂-၃၄) ထိုကြောင့် တစ်ကိုယ်တော် များသည် ကောင်းချီးခံစားရ၏။ ရရှိသောကောင်းချီးမင်္ဂလာကို ရေတွက် ကြပါစို့။

ထိမ်းမြားခြင်းသည် ပျော်ရွှင်မှုကိုဖန်တီးနိုင်သော်လည်း ပျော်ရွှင် ခြင်း၏သော့ချက်မဟုတ်ကြောင်းကို သတိချပ်ရမည်။ လောကမှာပျော် ရွှင်မှုအကင်းမဲ့ ဆုံးသောသူများသည် အကျိုးပျက်သော ထိမ်းမြားခြင်း၏ ထောင်ချောက်အတွင်း ကျရောက်သူများဖြစ်သည်။ ထိမ်းမြားပြီးအတိ ဒုက္ခရောက်ခြင်းထက် တစ်ဦးတည်းနေပြီး ပျော်ရွှင်မှုရှိသည်ကပို၍ ကောင်းမွန်သည်။ ထို့ကြောင့် “အရာရာ၌ကျေးဇူးတော်ကို ချီးမွမ်းကြ လော့” (၁သက် ၅း၁၈)။

မိမိကိုယ်ကိုအထင်ကြီးခြင်း

မိမိကိုယ်၏တန်ဖိုးကို အကောင်းဘက်မှကာကွယ်ထိမ်းသိမ်းခြင်း သည်တတိယလမ်းညွှန်ဖြစ်သည်။ တစ်ကိုယ်ရေတစ်ကာယသမားတစ်ဦး သည် အိမ်ထောင်ရှင်တစ်ဦးထက် အရည်အချင်းအောက်ကျသော သူ မဟုတ်ပါ။ နှစ်ဦးစလုံးပင် ဘုရားသခင်ရှေ့၌တူညီကြသည်။ ကျွန်ုပ်တို့၏ တန်ဖိုးသည် အိမ်ထောင်ပြုခြင်း၌မတည်ရှိပါ။ “ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကိန်းဝပ်တော်မူ၏” (ကောလောသဲ ၂း၁၀)။ ခရစ်တော်၌သာလျှင် ကျွန်ုပ်တို့သည် ပြည့်စုံမည်ဖြစ်သည်။ ဘုရားသခင် သည် ကျွန်ုပ်တို့ကို အထင်ကြီးသည့်အတွက် ကိုယ့်ကိုကိုယ် မှန်ထဲပြန် ကြည့်လျှင် ကျေနပ်မှုကိုခံစားရသည်။ အိမ်ထောင်ကျသည်ဖြစ်စေ၊ တစ်ဦးတည်းနေသည်ဖြစ်စေ၊ လူတိုင်းသည် ဘုရားသခင်အတွက် တန်ဖိုး ရှိပေသည်။ (ဟေရှာ ၄၃း၄)။

တစ်ကိုယ်ရေတစ်ကာယသမားများသည် ဘုရားသခင်နှင့် လူ့ ဘောင်အဖွဲ့အစည်းများအတွင်း ၎င်းတို့၏ မွန်မြတ်ခြင်း၊ အဖိုးထိုက်ခြင်း ကိုသိပြီ ဤကမ္ဘာမြေကို များစွာသော ကောင်းချီးများပေးခဲ့သည်ဟု သမိုင်းမှတ်တမ်းတွင် တင်ရှိသည်။ “မီးအိမ်နှင့်အမျိုးသမီး” ဟု တင်စား ပြီးခေါ်သော Florence Nightingale ကို ဘယ်သောအခါမှ မေ့နိုင်မည် မဟုတ်ပါ။ သူမသည် ဆေးရုံများကို ပြုပြင်ပြောင်းလဲစေခဲ့ပြီး မျက်မှောက် ခေတ်သူနာပြုနည်းပညာကို ဖွဲ့စည်းတည်ထောင်ခဲ့သူဖြစ်သည်။ ရူပဗေဒ နှင့် သင်္ချာ၊ သိပ္ပံပညာရှင် Sir Isaac Newton သည် ကမ္ဘာမြေဆွဲငင် အားကို တွေ့ရှိဖေါ်ထုတ်သူ၊ Evangeline Booth နိုင်ငံတကာ Salvation Army ၏ပထမဦးဆုံး အမျိုးသမီးဗိုလ်ချုပ်ကြီး Ludwing van Beethovn အမိမွေးရာပါနားပင်းသော်လည်း ကမ္ဘာကျော်ဂျာမန်တေးရေးစပ်ပုဂ္ဂိုလ်။ ထောင်ပေါင်းများစွာသော ပရိသတ်တို့ကို မိမိ၏သီဆိုမှုအနုပညာဖြင့် ဆွဲဆောင်နှစ်သက်မှုပေး သည့်အဆိုကျော်အမျိုးသမီး Marian Anderson စသည့်ပုဂ္ဂိုလ်ထူးတို့ကို မေ့ပျောက်နိုင်မည်မဟုတ်ပါ။

ခေတ်ကာလတစ်လျှောက် အကျော်ကြားဆုံးသောခရစ်ယာန်ဓမ္မ ဆရာ ပေါလုသည် ၎င်း၏ထင်ပေါ်သောအရေးကြီးသည့် အသက်တာပိုင်း တွင် အိမ်ထောင်မရှိသူတစ်ဦး ဖြစ်သည်။ ထိုနည်းအတူ မမောမပန်း၊ မဆုတ်မနစ်သည့်လုံ့လနှင့် အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်သည့် တမန်တော်လူမှု ဝန်ထမ်းအလုပ်သမအမျိုးသမီးခေါင်းဆောင် ဒေါ်ကာ (Dorcas)၊ သို့သော် တစ်ကိုယ်ရေတစ်ကာယတို့တွင် အကျော်ကြားဆုံး သောပုဂ္ဂိုလ်မှာ သခင်ယေရှုပင်ဖြစ်သည်။ ကမ္ဘာ့ကယ်တင်ခြင်းလုပ်ငန်း နှင့်သာစုံဖက်သည့်မယိမ်းမယိုင်သောရည်ရွယ်ချက်တစ်ခုနှင့်သာအသက် ရှင်ခဲ့သည်။ ထို့ကြောင့် တစ်ကိုယ်ရေတစ်ကာယတို့တွင် အလွန်ကျော် ကြားသောပုဂ္ဂိုလ်များကို တွေ့ရှိနိုင်ပါသည်။

မှီခိုခြင်း

တစ်ကိုယ်တော်များသည်တန်ဖိုးရှိသည့်မိတ်ဆွေအပေါင်းအသင်း များဝိုင်းဝန်းထားရှိသင့်သည်။ ပေါင်းဖေါ်မိတ်ဖွဲ့ရန် ဆန္ဒရှိခြင်းသည် လူ သားတို့၏စိတ်နှလုံးသားထဲတွင် ဘုရားသခင်အထူးလက်ရာဖြင့် တည် ဆောက်ထားသည့်လိုအပ်ချက်တစ်ခုဖြစ်သည်။ (က ၂း၁၈)။ ထို့ကြောင့် တစ်ကိုယ်ရေတစ်ကာယများအတွက် ကြောက်မက်ဖွယ် အကောင်းဆုံး အိပ်မက်သည် အထီးကျန်မှုပင်ဖြစ်သည်။ အိမ်ထောင်မရှိသူတစ်ဦးသည် အပေါင်းအသင်းများရှိရန်လိုအပ်ပါသည်။ တစ်ခါတစ်ရံတောထွက်ပြီး သီး ခြားနေရန် စိတ်ဆန္ဒပေါ်လာတတ်သည်။ သို့သော် ဤသို့ဖြစ်ရန် ငြင်းဆန် ခုခံရမည်။ အဘယ်ကြောင့်ဆိုသော် ဆိတ်ကွယ်ရာအရပ်တွင် ကြာမြင့်စွာ တစ်ကိုယ်တည်းသီးခြားနေခြင်းသည် မိမိကိုယ်၏တန်ဖိုးကို မကောင်း ဘက်သို့ဖြစ်ရန် ပေါ်ပေါက်လာစေသည်။ အခြားတစ်ဖက်၌ မိတ်ဖွဲ့ပေါင်း သင်းခြင်းသည် မိမိကိုယ်ကို တန်ဖိုးရှိပြီး အကောင်းဘက်သို့ဖြစ်ရန် ပေါ်ပေါက်လာစေသည်။ ထို့ကြောင့် ယောက်ျားမိန်းမ အပေါင်းအသင်း များကို တိုးချဲ့ဖွဲ့စည်းရန်သင့်ပါသည်။ “အပေါင်းဖေါ်ရှိသောသူသည် မိတ် ဆွေပီသသောသဘောရှိရမည်။” (သုတ္တံ ၁၈း၂၄) ဟု ပညာရှိမိန့်မှာချက်ရှိ သည်။

လွတ်လပ်မှု

ပေါင်းသင်းဆက်ဆံခြင်းနယ်ပယ်တွင် အပြန်အလှန်အကျိုးပြု အမှီတံကဲရှိရန် လိုအပ်သော်လည်း ငွေ၊ ကြေးထောက်ပံ့မှုကိစ္စရပ်များ တွင် ကိုယ်ပိုင်လွတ်လပ်စွာရပ်တည်ရန် လိုအပ်ပါသည်။ ပဉ္စမလမ်းညွှန် သည် ငွေရေး၊ ကြေးရေးတွင် ကိုယ်ပိုင်လွတ်လပ်စွာ ရပ်တည်ရန်ဖြစ် သည်။ ကိုယ်ခန္ဓာဒြပ်ဝတ္ထုတည်မြဲရန် ငွေသည်လိုအပ်သဖြင့် တစ်ကိုယ် တော်များသည် အတိုင်းအတာတစ်ခုအထိ စီးပွားရေးလုံလောက်မှုများ ပိုင်ဆိုင်သင့်သည်။ အမျိုးသမီးပေါင်းများစွာတို့သည် လိင်မှုကိစ္စတွင် ခေါင်းပုံဖြတ်ခြင်းခံရသော သားကောင်များဖြစ်ရခြင်းအကြောင်းကား၊ ယနေ့ယှဉ်ပြိုင်နေရသော အလုပ်အကိုင်ဈေးကွက်တွင် ကျွမ်းကျင်မှုမရှိ၊ ငွေကြေးမှီခိုသူများဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။ စာတွေ့ဖြစ်စေ၊ သက် မွေးဝမ်းကြောင်းဖြစ်စေ၊ ပညာရေးသည် စီးပွားရေး လွတ်လပ်မှုအတွက် အရေးကြီးသည့်သော့ချက်ဖြစ်သည်။ နှုတ်တော်ထွက်မှ ဤကဲ့သို့ အကြံ ပေးသည်။ “ငြိမ်ဝပ်စွာနေ၍ ကိုယ်အမှုကိုဆောင်ရွက်လျက် ကိုယ်လက် နှင့်လုပ်ဆောင်ခြင်းငှာ--- ကြိုးစားအားထုတ်မည်အကြောင်းကို ငါတို့ သည် တိုက်တွန်းသွေးဆောင်ကြ၏။” (၂သက် ၄း၁၁၊၁၂)။

လိင်မှုဆိုင်ရာကိစ္စ

နူးညံ့သိမ်မွေ့သည့်အပိုင်းသို့ရောက်ရှိလာပြီဖြစ်သည်။ လိင်မှုဆိုင် ရာ ကိစ္စရပ်များကို ဘုရားသခင်၏ အစီအမံအောက်တွင် ထားရှိခြင်းသည် လိင်နှင့်ဆိုင်သည့် စိတ်ဆန္ဒရှိမှုအတွက် တချို့သောရိုးသားသည့် တစ် ကိုယ်ရေသမားများ၏ စိတ်တွင် အပြစ်ရှိပြီး အပြစ်သားကဲ့သို့ ခံစားရ သည်။ အကြောင်းမှာ ဤကဲ့သို့ဆန္ဒရှိခြင်းသည် လူသားများ၏ စိတ် အတွင်း ဘုရားသခင်၏ လက်တော်ဖြင့် ဖန်တီးထားခြင်းကြောင့် ဖြစ် သည်။ (က ၂း၂၄)။ လိင်ဆက်ဆံရန် ဆန္ဒရှိမှုသည် အပြစ်မဟုတ်ပါ။ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ ၎င်းကို ခရစ်ယာန်နည်းဖြင့် မည်ကဲ့သို့ ကိုင် တွယ်ရမည်မှာ စိန်ခေါ်မှုတစ်ရပ်ပင်။ စုံစမ်းနှောင့်ယှက်ခြင်းသည် အပြစ် မဟုတ်ကြောင်းကို မှတ်သားသင့်သည်။ စုံစမ်းနှောင့်ယှက်ခြင်းကို အမြဲ တွေးတောနေခြင်းသည် အပြစ်ရှိရာသို့ ပို့ဆောင်စေသည်။ အတွေး၊ အပြော၊ အလုပ်ဖြင့် စုံစမ်းနှောင့်ယှက်ခြင်းကို အရှုံးပေးခြင်းသည်သာ လျှင် အပြစ်ကျူးလွန်ရာသို့ရောက်သည်။

မေးရန်အချက်ကား၊ လိင်လိုအင်ဆန္ဒရှိမှုကို ဘယ်ကဲ့သို့ကိုင်တွယ် ရမည်နည်းဆိုသည့်မေးခွန်းပင် ဖြစ်သည်။ ၎င်း၏အဖြေကို (ယာကုပ် ၄း၇၊၈) တွင် တွေ့ရှိနိုင်သည်။ “ဘုရားသခင်၏ အလိုတော်သို့ လိုက်ကြ လော့။ စာတန်ကိုဆီးတားကြလော့၊ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။ ဘုရားသခင်၌ ချဉ်းကပ်ကြလော့၊ သို့ပြုလျှင် သင်တို့ ၌vချဉ်းကပ်တော်မူလိမ့်မည်။” ဤနေရာတွင် အတွေးသုံးချက်ရှိသည်။ (၁)။ “ဘုရားသခင်အလိုတော်သို့လိုက်ကြလော့” ဤအရာသည် လူသား တို့၏စိတ်ဆုံးဖြတ်ချက် အလုပ်တစ်ခုပင်ဖြစ်သည်။ ကျွန်ုပ်သည် အမှန်ကို လုပ်ရန် စိတ်ဆုံးဖြတ်သည်။ (၂)။ “ဘုရားသခင်၌ ချဉ်းကပ်လော့” ဤအချက်ကား၊ ဆုတောင်းခြင်းပင်ဖြစ်သည်။ ဘုရားသခင်၏တန်ခိုးကို ကျွန်ုပ်တောင်းခံမည်။ (၃)။ အောင်မြင်ခြင်းကို ဘုရားသခင်ပေးမည်။ ဘုရားသခင်သည် စာတန်ကိုတိုက်ခိုက်သည့်အခါ စာတန်သည် ထွက် ပြေးရန် သေချာသည်။

သွေးသားနှင့်စပ်ဆိုင်သည့် အညစ်အကြေးသန့်စင်ခြင်း၏ စည်း မျဉ်းများကိုလေ့လာရန် ရောက်ရှိပြီဖြစ်သည်။ လိင်ဆက်ဆံရန် ဆန္ဒရှိခြင်း သည် စိတ်လှုပ်ရှားထကြွခြင်းကို ဖြည့်ဆည်းပေးရန် တောင့်တလျက်ရှိ သဖြင့် အခြားသောနည်းများကို အသုံးပြုလည်း စိတ်၏နှစ်သက်ကျေနပ် မှုအတိုင်း အတာတစ်ခုကို ပေးနိုင်ရမည်ဖြစ်သည်။ စိတ်ဆန္ဒကိုခုခံရန် မလုံလောက်ပါ။ ကူညီရမည်လည်းဖြစ်သည်။ စိတ်ကိုဖိနှိပ်ရန် လေ့ကျင့် ခြင်းသည် မလုံလောက်ပါ။ လမ်းမှန်သို့ရောက်ရန် ပြန်လည်ညွှန်ပြခြင်း ကိုလည်း လေ့ကျင့်ရမည်။ ဆိုးသွမ်းမှုကို “မလုပ်နဲ့” လို့ပြောသည်မှာမလုံ လောက်ပါ။ အခြားသောကောင်းသည့်နည်းလမ်းများကို “ဟုတ်” ဟု လည်းပြောရမည်။ သမ္မာကျမ်းစာတော်မြတ်က ဤသို့ဆိုသည်။ “အဆိုး အားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့” (ရော ၁၂း၂၁)။ ခွန်အားနှင့် စိတ်လှုပ်ရှားမှုတို့ကို ဤကဲ့သို့ ပြန်လည်လမ်းညွှန် ခြင်းသည် အညစ်အကြေး သန့်စင်ခြင်း၏စည်းမျဉ်းဖြစ်သည်ကို ပြသခြင်း ပေတည်း။

ထင်ရှားသည်မှာ ဒေါ်ကာသည် ဤကဲ့သို့ပင်ပြုလုပ်ခဲ့ခြင်းပင်ဖြစ် သည်။ သူမသည် အခြားသူများ၏ဒြပ်ဝတ္ထုလိုအပ်မှုများနှင့် အရပ်အတွင်း အကျိုးဆောင်လုပ်ငန်းများထောက်ပံ့ဆောင်ရွက်ပေးခြင်းဖြင့် မိမိ၏ စိတ် ဆန္ဒလိုအပ်မှုကို ဖြည့်ဆည်းပေးခဲ့ပြီး နှစ်သက်ကျေနပ်မှုကိုလည်း ခံစားရ သည်။ ထိုကြောင့် အားလပ်ချိန်များတွင် တစ်ကိုယ်တော်များသည် အကျိုးရှိသည့် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းဖြင့် စိတ်လှုပ်ရှားမှု ဖြည့် ဆည်းခြင်းအတွေ့အကြုံကိုခံစားရမည်ဖြစ်သည်။ ပန်းဥယျာဉ်ကိုစိုက်ပျိုး သည်ဖြစ်စေ၊ မာရသွန်ပြေးပွဲ ဆင်နွှဲသည်ဖြစ်စေ၊ လိုအပ်သူများကို မစ သည်ဖြစ်စေ၊ မည်သည့်အရာမဆို အဓိပ္ပါယ်ရှိပြီး မိမိကြိုက်နှစ်သက်သည့် အရာနှင့်လည်း ကိုက်ညီသင့်သည်။ မိမိ၏စိတ်လှုပ်ရှားမှုကို ကျေနပ်နှစ် သက်စေသည့်အစွမ်းသတ္တိလည်းရှိရမည်ဖြစ်သည်။

အကောင်းဆုံးမိတ်ဆွေ

နောက်ဆုံးခရစ်တော်ကို အကောင်းဆုံးမိတ်ဆွေဖြစ်ပါစေ၊ ဘုရား သခင်သည် အကြီးဆုံးသော မေတ္တာရှင်ဖြစ်ဆဲပင်။ ကောင်းကျိုးကို ဖြစ် စေသည့်ကျေးဇူးရှင်သည် ကျွန်ုပ်တို့ လိုအပ်ချက်များအားလုံးကို ဖြည့် ဆည်းပေးရန် ကတိပေးခဲ့သည်။ (ဖိလိပ္ပိ ၄း၁၉)။ သူ၏ကြွယ်ဝသော မေတ္တာတော်တွင်ခိုနားစဉ် အရေးကြီးသည့်လိုအပ်ချက်များကို ထောက်ပံ့ မည်ဖြစ်သည်။ “ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာ ကို ငြင်းတော်မမူ။” (ဆာလံ ၈၄း၁၁)။ တစ်ကိုယ်ရေမိန်းမတိုင်းကို ပြောသည်မှာ “သင့်ကိုဖန်ဆင်းသောသူသည် သင်၏လင်ဖြစ်တော်မူ၏။” (ဟေရှာ ၅၄း၅)။ တစ်ကိုယ်တော်ယောက်ျားတိုင်းကိုမူကား။ “မိတ်ဆွေမူ ကား၊ ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်တတ်၏” (သု ၁၈:၂၄) ဟု ဆိုသည်။ တစ်နေ့ပြီးတစ်နေ့ သူဖြည်းညင်းစွာပြောသည်မှာ “သင်သည် ငါ့အတွက်အဖိုးထိုက်၏။သင်နှင့်အတူငါသွားလာပြောဆိုလိုသည်။သင့်ကို အကောင်းဆုံးမိတ်ဆွေအဖြစ် အလိုရှိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သင့်ကိုချစ်သည့်အတွက်ကြောင့်ဖြစ်သည်။”

လွန်ခဲ့သည့်နှစ်ရာပေါင်းများစွာက ပေါ်လွင်သည့်အမျိုးသမီးငယ်

တစ်ဦးသည် ဝိညာဉ်ရေးချစ်ကျွမ်းဝင်သော အတွေ့အကြုံကို ခံစားခဲ့ရ သည်။ မာရိသည် သူမ၏အစ်ကိုလာဇရု၊ အစ်မမာသနှင့်အတူ ဗေသနိရွာ ကလေးတွင် နေထိုင်ခဲ့သည်။ သူမသည် ချစ်ဖွယ်ကောင်းသောအပျိုစင် အမျိုးသမီးတစ်ဦးဖြစ်သည်။ ကံဆိုးစွာဖြင့် အခါအခွင့်မသင့်သဖြင့် ရှိမုန် ဆိုသည့် ဖါရိရှဲတစ်ဦး၏ သွေးဆောင်ခြင်းစကားကို နားထောင်ရန် ရပ် ဆိုင်းလိုက်ပြီး မကြာမီမှာပင် သားမယားပြစ်မှားမှုကို ကျူးလွန်ခြင်းသို့ ကျရောက်တော့သည်။ ထိုယုဒရွာကလေးတွင် မကောင်းသတင်းပျံ့နှံ့လာ သည့်အခါ မြောက်ဘက်အရပ်ရှိ မာဂဒလခေါ်ဂါလိလဲမြို့သို့ ပြောင်းရွှေ့ သွားသည်။

သို့ပင်ပြောင်းရွှေ့သွားသော်လည်း အရာခပ်သိမ်းသည် ကောင်း လာမည့်အစား ပို၍ဆိုးသွမ်းလာတော့သည်။ သူမသည် အပြစ်၏ ပျော် မွေ့ခြင်းထဲတွင် မျောပါလျက် ပုပ်သိုးယုတ်ညံ့ခြင်း၌ကျကာ ယောက်ျား တစ်ယောက်ပြီးတစ်ယောက် နောက်လိုက်တော့သည်။ သူမ၏ဝိညာဉ် ရေးယုတ်ညံ့လျော့ကျလာစဉ် နတ်ဆိုးများသည် သူမ၏ အသက်တာကို အပိုင်စီးလိုက်လေတော့သည်။ မာဂဒလတွင် သူမ၏အပျော်အပါးကျူး ခြင်းသည် ဆိုရိုးစမှတ်ဖြစ်လာပြီး သူသည် မာဂဒလဟု အမည်တွင်လေ တော့သည်။ သူမ၏အသက်တာသည် ပျက်စီးကာ အတိဒုက္ခအများနှင့် ကြုံတွေ့ရလေသည်။

သို့သော် တစ်ရက်တွင် သခင်ယေရှုသည် မာဂဒလသို့ရောက်ရှိ လာပြီး သူမ၏ဝိညာဉ်အတွက် တိုက်ပွဲစတင်လေသည်။ စာတန်၏တန်ခိုး ကို ခရစ်တော်၏နှုတ်တော်ဖြင့် စိန်ခေါ်လိုက်သော် နတ်ဆိုးသည် အော် ဟစ်ရုန်းကန်ပြီး ကယ်တင်ရှင်ကို အရှုံးပေးအပ်နှံလိုက်သည်။ နတ်ဆိုး (၇) ကောင်သည် သူမထံမှ ထွက်ခွာသွားသည်။ သူမ၏အသက်တာသည် ပြောင်းလဲခဲ့ပြီး အသစ်သောသူဖြစ်လာသည်။ သူမတွေ့ကြုံရသည့်လွတ် လပ်မှုအသစ်ကို ဆင်နွှဲလျက် မာရိသည် ခရစ်တော်နောက်လိုက် တပည့် ဖြစ်လာခဲ့သည်။ (လုကာ ၈:၂၊၃) ခရစ်တော်သည် သူမ၏ အကောင်းဆုံး မိတ်ဆွေဖြစ်လာလေတော့သည်။

ပြောင်းလဲခြင်း

ယနေ့ ယောက်ျား၊ မိန်းမတို့၏နှလုံးသားများသည် နတ်ဆိုး၏ တည်းခိုရာနေအိမ်များဖြစ်သည်။ အသက်နုပျိုသည်၊ ကြီးရင့်သည့်မဆို အတူတူပင်။ မိမိတို့ကိုယ်ကို ထိန်းကျောင်းနိုင်စွမ်းမရှိသည့်တန်ခိုးဖြင့် ဝိညာဉ်ရေးလျော့ကျသည့် ယုတ်ညံ့သောလမ်းထဲသို့ ကျဆင်းကြပြီ။ သို့သော် သခင်ယေရှုသည် မျက်မှောက်ခေတ်မာဂဒလလမ်းပေါ်တွင် လျှောက်လှမ်းလျက် ရှိဆဲပင်။ နတ်ဆိုးသည် လူသားများ၏ ဝိညာဉ်ကို မည်သည့်အရာများနှင့်ခြောက်လှန့်သည်မဆိုကြောက်ရွံ့ခြင်း(သို့မဟုတ်) စိတ်ပျက်ခြင်း၊ ဝမ်းနည်းခြင်း (သို့မဟုတ်) သေကြောင်းကြံခြင်း၊ မူးယစ် ဆေး (သို့မဟုတ်) သောက်စားမူးယစ်ခြင်း၊ ဂုဏ်ရှိခြင်း (သို့မဟုတ်) ပျော် ပါးခြင်း၊ သူ့သားမယားပြစ်မှားခြင်း (သို့မဟုတ်) ဒေါသအမျက်ထွက်ခြင်း စသည့် ဝိညာဉ်ကို နှိပ်စက်ရန် နတ်ဆိုးအသုံးပြုသည့် မည်သည့်အရာမဆို သခင်ယေရှုခရစ်သည် အောင်မြင်ခြင်းကို ပေးနိုင်မည်။ “လူမည်သည် ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်း သောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ် ကြပြီ။” (၂ကော ၅း၂၇)။

ထိုနောက် မာရိသည် ဗေသနိရွာသို့ပြန်ရန် ရဲရင့်သောဆုံးဖြတ် ချက်ကိုချလိုက်သည်။ သူမနေထိုင်ရာရပ်ရွာတွင် သူသည် ခရစ်ယာန် တစ်ဦးဖြစ်လိုသည်။ သူမအတွက် စိန်ခေါ်သည့်အိမ်ပြန်လမ်းဖြစ်သည်။ သို့သော် သူမသည် ဆက်၍ရှေ့သို့သာ ရုန်းကန်ချီတက်ခဲ့သည်။ ရွာတွင်း သို့ဝင်ရောက်လာစဉ် သူမသည် ဆုံးဖြတ်ချက်ချလိုက်သည်။ အတင်း အဖျင်းပြောသူများကို နားပင်း၍မကြား၊ ကဲ့ရဲ့သူများကိုမမြင်၊ ယုံမှား သံသယရှိသူများကို အအကဲ့သို့ဖြစ်ရန် ဆုံးဖြတ်သည်။ အချိန်ကို သူ၏ သစ္စာရှိမှုအတွက် သက်သေပြရန် အသုံးပြုမည်ဖြစ်သည်။

နယ်လှည့်တရားဟောဆရာသည် ယုဒပြည်သို့ ရောက်ရှိတိုင်း ဗေသနိရွာရှိအပျိုလူပျိုအိမ်ထောင်စုမှ သူ့အားနွေးထွေးစွာကြိုဆိုသည်ကို တွေ့ရသည်။ သူ့အတွက် အထူးပင်ဖြစ်သည်။ မာသသည် ချက်ပြုတ် ကျွမ်းကျင်သူတစ်ဦးဖြစ်ရကား၊ သူ၏ဆာလောင်မွတ်သိပ်ခြင်းကို သူမ၏ လက်ရာဖြင့် အလွန်အရသာနှင့်ပြည့်စုံသည့်အစာများဖြင့် ဖြည့်ဆည်း ဧည့်ခံပြုစုသည်။ လာဇရုဖျားနာပြီးသေဆုံးသည့်အခါ ခရစ်တော်သည် အတုမရှိသည့် နိမိတ်လက္ခဏာဖြင့် ရှင်ပြန်ထမြောက်စေခဲ့သည်။ သို့ သော် မာရိ၏ အမြင့်မြတ်ဆုံးကျေနပ်နှစ်သိမ့်မှုသည် သခင်ယေရှု၏ ခြေ တော်ရင်း၌ထိုင်ပြီး တန်ဖိုးရှိလှသောသွန်သင်ချက်များကို နားထောင်ခြင်း ပင်ဖြစ်သည်။ သူမသည် ယခင်ကကဲ့သို့ ယုတ်ညံ့ပြီး အတိဒုက္ခနှင့်ပြည့်စုံ ခြင်းမရှိတော့ပြီ။ သူမ၏အသက်တာသည် ပြောင်းလဲခဲ့ပြီး သူမသည် အသစ်သောသူဖြစ်လာခဲ့ပြီ။ တစ်ကိုယ်ရေတစ်ကာယပင်ဖြစ်ဆဲ၊ သို့သော် ယခုမှာမူ ချစ်ခင်နှစ်သက်ဖွယ်ရှိ၏။

ချစ်ခြင်း၏ဆုလာဘ်

ဤအတောအတွင်း မာရိအား ဖြားယောင်းသွေးဆောင်သည့် ဖာရိရှဲ ရှိမုန်သည် နူနာရောဂါစွဲကပ်ခဲ့သည်။ သူရသင့်ရထိုက်သည်ကို ရရှိ သည် မဟုတ်ပါလော့။ သို့သော် တစ်နေ့၌ ခရစ်တော်သည် ဖြတ်သွားစဉ် ရှိမုန်၏ အကူအညီတောင်းခံမှုအသံကို ကြားရသော် သူ့အားကူညီခဲ့ပြီး ရောဂါကို ပျောက်ကင်းစေခဲ့သည်။ အံ့သြဖွယ်ကောင်းလှသော ကယ်တင် ရှင်ပေတည်း။

ဖာရိရှဲသည် ကျေးဇူးဆပ်ရန် ဂုဏ်ပြုညစာစားပွဲဖြင့် သခင်ယေရှု ကို ဧည့်ခံမည်ဖြစ်သည်။ ထိုညစာစားပွဲတွင် မာသနှင့်လာဇရုတို့သည် အထူးဧည့်သည့်တော်များဖြစ်ကြသည်။ (ယော ၁၂း၂)။ အချက်အပြုတ် ကောင်းသူတစ်ယောက်အဖြစ် မာသသည် အကူအညီဖြစ်ပြီး သေခြင်းမှ ထမြောက်သော လာဇရုသည် ရုပ်ပြအတွက် အလွန်ကောင်း၏။ သို့သော် ရှိမုန်သည် မာရိကိုဖိတ်ကြားခြင်းမပြုပါ။ အဘယ်ကြောင့်ဆိုသော် သူမ သည် အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သည့်အတွက်ကြောင့်ဖြစ်သည်။ သို့သော် မာရိသည် သူမအား ဖိတ်ကြားသည်ဖြစ်စေ၊ မဖိတ်သည်ဖြစ်စေ သခင်ယေရှုနှင့်တွေ့ဆုံရန် သွားရောက်မည်ဟုဆုံးဖြတ်သည်။

ဖါရိရှဲ၏ ကျေးဇူးတုံ့ပြန်မှုသည် ဂုဏ်ပြုညစာစားပွဲဖြစ်သည်။ သို့သော် မာရိ၏ကျေးဇူးဆပ်ခြင်းကား၊ အမွှေးနံ့သာဆီဖြစ်သည်။ သူမ၏ လက်ဆောင်သည် သာမန်အရာမဟုတ်ပါ။ “အဖိုးများစွာထိုက်သော၊ နာဒု ဆီမွှေးစစ်” ဖြစ်သည်။ အဘယ်မျှလောက်ထိ တန်ဖိုးရှိသနည်း။ “လူ တစ်ဦး၏တစ်နှစ် စာလုပ်အားခထက်ပိုသည်” ဒေနာရိအပြားသုံးရာမက အဖိုးထိုက်သည်။ (မာကု ၁၄:၅)။ အဖိုးအလွန်ကြီးမားသည့် လက်ဆောင် ပါတကား။ ထူးခြားသည့်အပ်နှံခြင်းပင်ဖြစ်၏။

၎င်းလက်ဆောင်ကို သူမလက်နှင့်ကိုင်တွယ်နေစဉ် သူမ၏ အတိတ်၌ဖြစ်ရပ်သမိုင်းသည် သူမရှေ့၌ ပေါ်ထွက်လာသည်။ သူမ၏ အပြစ်၊ အရှက်၊ ယုတ်ညံ့ခြင်း၊ ခြောက်လှန့်သည့်နေ့များနှင့် အိပ်မပျော် သောညများ၊ အလွန်တရာစိတ်ဆင်းရဲနာကျင်ခံစားမှုဖြင့် ငိုကြွေးခြင်း၊ အားလျော့ပျောက်ဆုံးခြင်း စသည်တို့အားလုံးကို ပြန်လည်မြင်ယောင် လာသည်။ ထိုနောက်သခင်ယေရှုနှင့်တွေ့ဆုံသည့်နေ့ကို ပြန်လည်သတိ ရသည်။ သူမ၏စိတ်အတွင်းတိုက်များဖြစ်မှု၊ ပြင်းထန်စွာရုန်းကန်မှု၊ ၎င်း နောက်အောင်မြင်ခြင်းဆုလာဘ်ကို ပြန်လည်သတိရသည်။ အံ့ဖွယ် ကောင်းလှသောဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် လွတ်လပ်ခြင်းပါ တကား။

ယခုသူမ၏တစ်ကိုယ်လုံးသည် သန့်ရှင်းသောစိတ်လှုပ်ရှားမှုဖြင့် တုန်ခါလျက်ရှိနေပြီ၊ တစ်ကိုယ်လုံးဝမ်းမြောက်ခြင်းနှင့် တုန်လှုပ်လျက် ရှိသည်။ ကျေးဇူးတရားသည် သူမ၏နှလုံးသားကို လွှမ်းခြုံစေပြီး ဝမ်း မြောက်ခြင်း မျက်ရည်များသည်လည်း သူမ၏ စိတ်နှလုံးကို နစ်မွန်းစေ သည်။ သူမငိုနေစဉ် မျက်ရည်များသည် ကယ်တင်ရှင်၏ ခြေတော်ကို ဆေးကြောစေခဲ့သည်။ ခြေတော်ကိုသုတ်ရန် ပဝါမရှိသဖြင့် သူမ၏ဆံပင် ဖြင့် မျက်ရည်များကို ခြောက်သွေ့အောင်သုတ်ပေးခဲ့သည်။ ထိုနောက် နံ့သာဆီမွှေးထည့်ထားသည့် ကျောက်ဖြူခွက်ကိုဖွင့်ပြီး ခေါင်းတော်ပေါ်၌ သွန်းလောင်းလေ၏။ ဟိုဟို ဒီဒီတစ်စက်ဆီမချဘဲ ဦးခေါင်းတော်ပေါ်၌ အကုန်သွန်းလောင်းလိုက်ခြင်းပင် ဖြစ်သည်။ သူမ၏ ချစ်မေတ္တာလွှမ်းမိုး သည့်အချစ်တံခါးကို ဖွင့်လိုက်ခြင်းပင်ဖြစ်သည်။

ဤအခြင်းအရာသည် နောက်တစ်ဖန်ဖြစ်နိုင်မည်လော၊ ယနေ့ ကျွန်ုပ်တို့တွင် ဖြစ်နိုင်မည်လော၊ ခရစ်တော်၏ချစ်ခြင်းသည် ကျွန်ုပ်တို့၏ ဝိညာဉ်ကို ရင်တုန်တက်ကြွခြင်းဖြင့် ပျော်မွေ့နှစ်သက်စေနိုင်သလော၊ ကျွန်ုပ်တို့၏နှလုံးသားကို အံ့သြခြင်းဖြင့် ခုန်စေနိုင်သလော၊ ကျွန်ုပ်တို့ ကိုယ်ခန္ဓာသည် ကျေးဇူးတင်ခြင်းတရားဖြင့် တုန်လှုပ်လျက်ရှိသလော၊ တစ်ကိုယ်လုံးပီတိဖြင့် ဘဝင်ကျလျက် လှုပ်ခါနေသလော၊ ကျွန်ုပ်တို့ မျက်ရည်များသည် ဝမ်းမြောက်ခြင်းနှင့်လျှံလျက် နှုတ်ဖြင့် ဖြည်းညင်း သောလေသံဖြင့် “ကိုယ်တော်ကို ကျွန်ုပ်ချစ်ပါ၏” ဟု ပြောဆိုနိုင်မည် လော။

ရှိမုန်သည် ကျေးဇူးတော်ကို ညစာစားပွဲဖြင့် ပေးဆပ်ဂုဏ်ပြု သည်။ သို့သော် မာရိသည် သူမ၏တစ်သက်စုဆောင်းထားခြင်း၊ အဖိုး ထိုက်ဆုံး နံ့သာဆီ၊ သူမ၏တန်ဖိုးအကြီးဆုံးရတနာသိုက်၊ သူမမှာရှိသမျှ အကုန်ပေးခဲ့ပါသည်။ ကျွန်ုပ်တို့လည်း သူမနည်းတူ ကျွန်ုပ်တို့၌ရှိသမျှ အားလုံး၊ အချိန်၊ စွမ်းရည်၊ ပစ္စည်းဥစ္စာ၊ ပညာဉာဏ်၊ အိပ်မက်၊ လိုအင် ဆန္ဒတို့ကို ပေးနိုင်မည်လော့။ စိတ်လှုပ်ရှားခြင်း၊ ကြင်နာမြတ်နိုးခြင်း၊ ပြင်းပြသောဆန္ဒ၊ ဆုံးဖြတ်ချက်အားလုံးကို မေတ္တာလက်ဆောင်အဖြစ် ပေးနိုင်မည်လော့။

ရဲရင့်ခြင်း

ရက်သတ္တပတ်လွန်ခဲ့လေပြီ။ ကယ်တင်ရှင်သည် ရက်စက်သည့် ကရာနီတောင်ကုန်းပေါ်သို့ သူတစ်ဦးတည်းလျှောက်လှမ်းတက်ခဲ့သည်။ ထိုနေရာတွင် ဦးခေါင်းပေါ်၌ ဆူးရစ်သရဖူ၊ ကျောတွင်ရောမစစ်သားတို့၏ ကြာပွတ်ဒဏ်ရာနှင့် ကပ်တိုင်တွင် သံနှင့်ရိုက်နှက်ခြင်းခံခဲ့ရသည်။

လှောင်ပြောင်သူများသည် ပြက်ရယ်ပြုကြသည်။ ဝေဖန်သူများ သည် ကဲ့ရဲ့သည်။ အသင်းလူကြီးများ ပျော်ရွှင်စွာဖြင့် ဟစ်အော်သည်။ ယုဒအဘယ်မှာရှိသနည်း။ သစ္စာဖေါက်သည် သေကြောင်းကြံရန် ပြေး သွားလေပြီ။ ပေတရု အဘယ်မှာရှိသနည်း။ သူရဲဘောကြောင်သူသည် ရှက်ခြင်းဖြင့် ငိုကြွေးနေသည်။ ယာကုပ်၊ ယောဟန်၊ ဖိလိပ္ပိ၊ အ၊ မဿဲ ၎င်းတို့အဘယ်မှာ ရှိသနည်း။ သူတို့သည် ကြောက်ရွံ့ခြင်းဖြင့် ကိုယ်လွတ် ရုန်းထွက်ပြေးကုန်ကြပြီ။ သို့သော် မာရိကား အဘယ်မှာရှိသနည်း။ သူမ သည် မကြောက်မရွံ့ ရဲရင့်စွာဖြင့် သခင်ယေရှု၏ကပ်တိုင်နားတွင် ရပ် လျက်ရှိသည်။ (ယော ၁၉:၂၅)။ သူမသည် သတ္တိရှိသည်၊ ရဲရင့်သည်၊ ကြောက်ရွံ့ခြင်းကင်းမဲ့သည်။

ထိုကဲ့သို့သောသူတို့ကို ခရစ်တော်အလိုရှိသည်မဟုတ်ပါ၏ လူထု အရှေ့တွင် မကြောက်မရွံ့ဘဲ အမှန်တရားအတွက် ရပ်တည်ရဲသူ၊ သခင် ယေရှုခရစ်အား ကျွန်ုပ်တို့အသက်တာကို ပေးအပ်ခဲ့ပြီဟုမရှက်မကြောက် ဘဲ ကမ္ဘာကိုပြောရဲသူ၊ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်သာသက်ဆိုင်သည် ဟု သတ္တိရှိစွာမိတ်ဆွေများအား ပြောရဲသူ၊ ကြောက်ရွံ့ခြင်း၊ ရှက်ကြောက် ခြင်းကင်းမဲ့သောသတ္တိဖြင့် သခင်ယေရှု၏ ကပ်တိုင်နားတွင် ရပ်ရဲသူ၊ ဤကဲ့သို့သော သူမျိုးကို ခရစ်တော်အလိုရှိသည်။

အချိန်မှာမွန်းလွဲသုံးနာရီဖြစ်သည်။သူ၏ငိုကြွေးသံကို သူမကြားခဲ့ ရသည်။ သူအသက်စွန့်လွှတ်သည်ကိုလည်း သူမမြင်ခဲ့ရသည်။ သူ့ကို သင်္ချိုင်းရှိသောနေရာကိုလည်း မှတ်သားလာခဲ့ပြီးဖြစ်သည်။ ထိုနောက် သူမသည် အိမ်သို့ပြန်ပြီး “ဆီမွှေးနှင့်နံ့သာမျိုးကိုပြင်၍” လုကာ ၂၃:၅၅၊ ၅၆ ဟု ဖေါ်ပြထားသည်။ အသက်ရှင်စဉ် သူ့အားဆီမွှေးကို ပေးခဲ့သည်။ ယခုသေသည့်အခါတွင်လည်း ဆီမွှေးနှင့်နံ့သာမျိုးကို တစ်ဖန်ပေးရန် ပြင် ဆင်နေသည်။ အသက်ရှင်စဉ် သူ့အားပေးခဲ့ရသည့်အတွက် အလွန်ဝမ်း မြောက် အံ့သြဖွယ်ကောင်းလှပါသည်။ အဘယ်ကြောင့်ဆိုသော် သေခြင်း ၌ သူ့အားပေးခွင့်မရသည့်အတွက်ကြောင့်ဖြစ်သည်။ ထိုနောက် နေဝင် သည့်အခါ သူမသည် “ပညတ်တော်အတိုင်း သတ္တမနေ့၌ အလုပ်မလုပ်ဘဲ နေကြ၏” (ငယ် ၅၆)။

ဂုဏ်ထူးဆောင်

တနင်္ဂနွေနေ့နံနက်စောစောတွင် မာရိနှင့်အခြားအမျိုးသမီးများ သည် ၎င်းတို့တန်ဖိုးကြီးသော နံ့သာဆီမွှေးတို့ဖြင့် မကြောက်မရွံ့ဘဲ သင်္ချိုင်းတော်သို့ပြေးသွားကြသည်။ သို့သော် သူတို့မရောက်မီ ထူးဆန်း အံ့သြဖွယ် ကောင်းသောနိမိတ်လက္ခဏာတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ဘုရား သခင်၏ ကောင်းကင်တမန်သည် ဆင်းသက်လာခဲ့ရာ မြေငလျင်ပြင်းထန် စွာလှုပ်ခဲ့လေသည်။ သင်္ချိုင်းကိုပိတ်ဆို့ထားသည့် ကျောက်တုံးသည် ရွေ့ လျားလျက်ရှိပြီး ခရစ်တော်သည် အောင်မြင်သူအဖြစ် ရှင်ပြန်ထမြောက် လာခဲ့သည်။

သားတော်သည် ခမည်းတော်ထံသို့ပြန်ရန် အသင့်ပြင်နေလေပြီ။ သူသည် အသင့်ရှိပြီ။ သို့သော် အသင့်မဖြစ်သေးပါ။ ဥယျာဉ်အတွင်း၌ စောင့်ဆိုင်းပြီးလမ်းလျှောက်နေသည်။ မည်သူအတွက် စောင့်ဆိုင်းနေပါ သနည်း။ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကို စောင့်နေခြင်းမဟုတ်ပါ။ သူသည် မာရိကို စောင့်နေခြင်းဖြစ်သည်။ ဤတစ်ကိုယ်ရေတစ်ကာယ အမျိုးသမီးသည် မကြာမီအချိန်အတွင်း ဂုဏ်ပြုခြင်းကိုခံရတော့မည်ဖြစ် သည်။

မာရိသည် ဟာလာဟင်းလင်းဖြစ်နေသောသင်္ချိုင်းဂူကို မြင်သည့် အခါ အလွန်တုန်လှုပ်ချောက်ချားမှုဖြစ်ခဲ့သည်။ ထိုနောက် ဥယျာဉ်စောင့် ဟု ထင်ရသောသူတစ်ဦးကို မြင်သည့်အခါ သူမက “သူ့ကိုဆောင်သွား သည် မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ၊ ကျွန်မယူ သွားပါမည်အရှင်” ပြောလေသည်။ ထိုနောက်ယေရှုသည် သူမအား ၎င်း၏နာမည်ဖြင့် ခေါ်လိုက်သည်။ “မာရိ” သူ၏အသံသည် သူမ၏ နား တွင် အလွန်ချိုသာသောအသံဖြစ်သည်။ သူမ၏ သခင်ဖြစ်သည်။ သူမ သည် သူ့အားဖက်ရန်ပြုစဉ် “သခင်ယေရှုကလည်း ငါ့ကိုမဖက်နှင့်၊ ငါ သည် ခမည်းတော်ထံသို့ မတက်ရသေး” ဟု ဆိုလေသည်။ (ယော ၂၀း၁၅၊ ၁၇)။

အလွန့်အလွန်အံ့သြဖွယ်ကောင်းလှပါတကား။ ရှင်ပြန်ထမြောက် တော်မူသောကယ်တင်ရှင်သည် ခမည်းတော်နှင့် ပြန်လည်မတွေ့ဆုံမီ မာရိ နှင့်တွေ့ ဆုံခဲ့သည်။ အလွန်ဆန်းကြယ်သော ဂုဏ်ပြုခြင်းပေတည်း။ ရှင်ပြန်ထမြောက်လာသောကယ်တင်ရှင်ကို ဦးစွာတွေ့ရှိရသောသူသည် အမျိုးသမီးဖြစ်သည်။ တစ်ကိုယ်ရေအမျိုးသမီးဖြစ်သည်။ ပေတရု၊ ယော ဟန်တို့မတွေ့မမြင်ရမီ မာရိတွေ့မြင်ခဲ့သည်။ ခမည်းတော်နှုတ်ဆက်ခြင်း မပြုမီ ဤအမျိုးသမီးသည် နှုတ်ဆက်ခဲ့ရသည်။ တစ်ကိုယ်တော်လူလွတ်၊ ချစ်ဖွယ်၊ မြတ်နိုးဖွယ်ကောင်းလှပါသည်။ မာရိသည် အခွင့်ထူးခံစားသူ၊ ဂုဏ်သရေရှိသူအဖြစ်သို့ ယခုရောက်ရှိခဲ့ပြီ။

ယနေ့အထိ မှန်ကန်လျက်ရှိပါပေသည်။ သခင်ယေရှုအတွက် ရပ်တည်သောအမျိုးသမီးတိုင်းသည် ထူးခြားသည်။ ယုတ်ညံ့ခြင်း၊ စက် ဆုပ်ခြင်းမဟုတ်။ အခွင့်ထူးခံစားရခြင်း၊ ဂုဏ်အသရေရှိခြင်းဖြစ်သည်။

ဤနူးညံ့သိမ်မွေ့ သောမာရိ၏ အချစ်မေတ္တာသည် လူသားတိုင်း ၏ နှလုံးသားအတွင်း၌ ကိန်းဝပ်လျက်ရှိသည်။ ကျွန်ုပ်တို့၏နှလုံးသားကို ကျေးဇူးတုံ့ပြန်ခြင်းဖြင့် တုန်ခါစေပြီး ကျွန်ုပ်တို့၏ဝိညာဉ်ကို ဝမ်းမြောက် ခြင်းဖြင့် တိုက်တွန်းသီဆိုခြင်းကို ပြုတော်မူ၏။ ခရစ်တော်၏ ချစ်ဖွယ် ကောင်းသည့် မျက်နှာတော်ကို ဖူးမြော်ရန် စိတ်ဆန္ဒကို လှုံ့ဆော်စေပြီး မြင့်မြတ်သော ပီတိဖြစ်မှုဖြင့် “ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါပေ၏” ဟု ပြောဆိုမည် ဖြစ်သည်။



No comments:

Post a Comment