- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၂ဝ) သေခြင်းကိုမည်ကဲ့သို့ရင်ဆိုင်မည်နည်း
သေခြင်းသည် ကျွန်ုပ်တို့ ရန်သူဖြစ်၏။ နေ့စဉ် လူသားများကို သူ၏ ရက်စက်ကြမ်းကြုတ်သော လက်များသည် ဆန့်တန်းဖြန့်ထား လျက်ရှိ၏။ အချိန်နာရီတိုင်း၊ တစ်ခါတစ်ရံ ဖြည်းညင်းစွာဖြင့်လည်း ကောင်း၊ သူ၏အေးစက်သောလက်သည် ချစ်သူများကိုဆွဲထုတ်ကာ သူ၏ ရင်ခွင်ထဲ၌လည်းကောင်း၊မှောင်မိုက်သည့်သူ၏ရဲတိုက်တွင် သုံ့ပန်းအဖြစ် အကျဉ်းချထားခြင်းဖြင့်လည်းကောင်း ဘယ်သောအခါမျှ ပြန်မတွေ့နိုင် အောင်ပြုလုပ်ထား၏။ ဤအလွန့်အလွန်ကြီးမားသည့် သတ္တဝါကြီးသည် ကျွန်ုပ်တို့၏တောင်းပန်မှု၊ ငိုကြွေးမှု၊ မျက်ရည်ကျဆင်းမှုများကို မသိကျိုး ကျွန်ပြုကာ လျစ်လျူရှုထား၏။ ထိုကြောင့် သူ့အား တိုက်ခိုက်၍သော် လည်းကောင်း၊ နှောင့်နှေးအောင် ပြုလုပ်ရန်သော်လည်းကောင်း၊ မစွမ်း ဆောင်နိုင်ခြင်းကြောင့် သူနှင့်မည်ကဲ့သို့ ရင်ဆိုင်ရမည်ကိုသာ လေ့လာ ရမည်ဖြစ်၏။
သေခြင်းနှင့်ရင်ဆိုင်ရမည့်အဆင့်များ
လူတစ်ဦးတစ်ယောက်သည် သေခြင်းနှင့်ရင်ဆိုင်လာရသောအခါ အဆင့်ဆင့်တွေ့ကြုံဖြတ်သန်းရမည့် အခြေအနေအမျိုးမျိုးနှင့် ရင်ဆိုင် ရမည်ဖြစ်၏။
ငြင်းဆန်ခြင်း
ဤအဆင့်သည် “ငါမဟုတ်” ဟူသည့်အဆင့်ဖြစ်၏။ ရောဂါဝေဒ နာရှင်သည် စစ်ဆေးချက်၏မှန်ကန်မှုကို အငြင်းအခုံပြုခြင်း၊ သမားတော် ကြီးများ၏ရောဂါလက္ခဏာစစ်ဆေးအကဲဖြတ်မှုကို ယုံမှားသံသယရှိခြင်း စသည်တို့ဖြင့် တွေ့ကြုံခံစားနေရ၏။ ဤကဲ့သို့ အကာအကွယ်ပြုသည့် ယန္တရားသည် အိပ်မက်နှင့်အမှန်တရားစပ်ကြား၌ ကြားခံနယ်အဖြစ် အသုံးဝင်၏။ သေခြင်းနှင့်ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်းသိရှိရန် သူ့အား အချိန်ပေးခြင်းဖြစ်၏။
ဒေါသအမျက်
ဖြစ်ရပ်မှန်အကြောင်းများကို ငြင်းဆန်၍မရတော့သည့်အခါ ငြင်း ဆန်မှုမှ ဒေါသဖြစ်မှုသို့ပြောင်းရွှေ့လာလေ၏။ ဤအဆင့်သည် “ဘာ ကြောင့် ငါမှဖြစ်ရတာလဲ” ဟူသည့်အဆင့်ဖြစ်၏။ ဖျားနာသောသူသည် မိမိကိုယ်ကိုလည်းကောင်း၊ အခြားသောသူများကိုလည်းကောင်း ဒေါသ အမျက်ထွက်ကာ အပြစ်ကင်းသည့်သူ့အား ပြုစုသူကိုပင် သူ၏ဒေါသ အမျက်ပစ်မှတ်ဖြစ်ခဲ့လေ၏။ ထိုထက်မက သူသည် ဤဘေးဆိုးကြီးသူ့ အပေါ်သို့ ကျရောက်ခွင့်ပြုသည့် ဘုရားသခင်ကိုပင် အမျက်ဒေါသဖြစ် လေ၏။
ဈေးဆစ်ခြင်း
တန်ခိုးရှင်ဘုရားသခင်နှင့် ဆန့်ကျင်ပြီး ဒေါသအမျက်ထွက်ခြင်း သည် အကျိုးကျေးဇူးမရှိသည့်အတွက် ရန်ဖြစ်ရာမှ အပေးအယူလုပ်ကာ ဈေးဆစ်လေတော့သည်။ အကယ်၍သာ ဘုရားသခင်သည် သူ့အသက် ကို ချမ်းသာပေးပါက သူ၏အသက်တာ၌ ပြောင်းလဲမှုများကိုလည်း ကောင်း၊ ကောင်းသောလုပ်ဆောင်ရန် အမှုကိစ္စများကိုလည်းကောင်း လုပ်ဆောင်ရန် ကတိပြုမည်ဟု ဘုရားသခင်နှင့်အပေးအယူပြုလုပ်၏။
စိတ်ဓါတ်ကျဆင်းခြင်း
ဒေါသအမျက်ထွက်ခြင်း၊ ဈေးဆစ်အပေးအယူပြုခြင်းသည် မည် သို့မျှ အမြတ်အစွန်းထွက်ပေါ်လာမှု မရှိတော့သည့်အခါ အဆုံးအစွန် အခြေအနေသို့ ရောက်ရှိနေသောလူနာသည် စိတ်ဓါတ်ကျဆင်းလာတော့ သည်။ စိတ်သည် ဝမ်းနည်းခြင်းများနှင့်သာ ပြည့်လျှံလျက်ရှိလေတော့ သည်။ ဝမ်းနည်းမှုသည် ပြင်းထန်လွန်းသဖြင့် ခံနိုင်စွမ်းမရှိအခြေသို့ ရောက်ရှိလေပြီ။
လက်ခံခြင်း
ရုတ်တရက်သို့တည်းမဟုတ် တဖြည်းဖြည်းမိုးတိမ်များလွင့်စင်ပြီး သက်တံရောင်ခြည်ပေါ်ပေါက်လာ၏။ အရာခပ်သိမ်းကို လက်လျှော့လိုက် သည့်အခြေသို့ဆိုက်ရောက်ချေပြီ။ တိုက်ပွဲသည် ပွဲဆုံးလေပြီ။ ငြိမ်သက် ခြင်းသည် သူ၏နှလုံးသားတွင် ကိန်းဝပ်လျက်ရှိပြီ။ ဖျားနာသောသူသည် သေရန် အဆင်သင့်ရှိပြီဖြစ်၏။
အရေးကြီးသည့်မှတ်သားရန်အချက်မှာ ဤအဆင့် (၅) ဆင့်သည် သေလုနီးရောဂါရှင်တစ်ဦးတည်းသာ ခံစားရသည်မဟုတ်ပါ။ အိမ်ထောင် မိသားစုများပါ တွေ့ကြုံခံစားရပါသည်။ ထိုသူတို့သည် အတူတကွတစ် ဆင့်ပြီးတစ်ဆင့် တွေ့ကြုံခံစားရသည်မဟုတ်၊ အချိန်အခါတစ်ခုတွင် အိမ်ထောင်မိသားစုတစ်ယောက်စီသည် ခြားနားသည့်အဆင့်တစ်ခုတွင် ရပ်တည်လျက် ရှိမည်သာဖြစ်၏။
လက်ခံနိုင်သည့်အခြေအနေကို ဘယ်ကဲ့သို့ရရှိမည်နည်း။ ပထမ အချက်မှာ အပြစ်ကို မေ့ပျောက်ပစ်ရန်ဖြစ်သည်။ သေလုနီးဝေဒနာရှင် သည် မိမိအသက်တာကို ပြန်လည်သုံးသပ်ရှုမြင်သည့်အခါ ဝမ်းနည်းခြင်း အမျိုးမျိုး ခံစားရမည်ဖြစ်၏။ အပြစ်များကို ပြုလုပ်ခဲ့ပြီး ကောင်းမှုများကို မူ မပြုလုပ်ခဲ့ရပြီ။ ပြစ်မှုကျူးလွန်ခဲ့ခြင်းသတိမချွတ်စိတ်သည် ၎င်းအား အပြစ်ရှိသည်ဟု ဖြစ်ပေါ်ခံစားစေသည်။ ဤအချိန်၌ လူတိုင်း၏ လေးလံ သောအပြစ်ကို သယ်ဆောင်ပြီး အပြစ်၏အခကို ပေးဆောင်ခဲ့သောသူကို ပြန်လည်သတိရရန်ဖြစ်၏။ ခရစ်တော်၏သေသတ်ခြင်းကို လက်ခံခြင်း ဖြင့်လည်းကောင်း၊ သူ၏ပေးဆပ်မှုကို ယုံကြည်ကိုးစားခြင်းဖြင့်လည်း ကောင်း၊ အပြစ်၏ဝန်ထုပ်မှလည်းကောင်း၊ အပြစ်၏ဖိစီးမှုအလေးချိန်မှ လည်းကောင်း ကျွန်ုပ်တို့လွတ်မြောက်နိုင်မည်ဖြစ်သည်။ သူ၏ဖိတ်ခေါ် သံသည် “ဝန်လေး၍ပင်ပန်းသော သူအပေါင်းတို့ ငါ့ထံသို့လာကြလော့၊ ငါသည် ချမ်းသာပေးမည်။” (မဿဲ ၁၁း၂၈)။
ဒုတိယအချက်မှာ အသက်တာ၏ပန်းများကို ပြန်လည်စုဆောင်း ပါ။ အသက်တာသည် ဆူးများနှင့်နှင်းဆီပန်းများရှိသောဥယျာဉ်နှင့်တူ၏။ လွန်လေခဲ့သောအသက်တာနှစ်၏ နှင်းဆီပန်းများကို ပြန်လည်ရေတွက် ခြင်းသည် မင်္ဂလာအမြဲဖြစ်စေပါသည်။ ခရစ်ယာန်စာရေးဆရာမတစ်ဦး သည် နှလုံးသားကို တိုက်ရိုက်ထိခိုက်အောင် အောက်ပါအတိုင်း ရေးသား ခဲ့ပါသည်။ “ဆူးများကိုထားခဲ့ပါ။ ၎င်းတို့သည် သင့်အားဒဏ်ရာသာ ပေး စေခဲ့၏။ နှင်းဆီပန်းများ၊ နှင်းပန်းများ၊ ခရမ်းပန်းများကို စုဆောင်းပါ။ သင့်အသက်တာ၏ အတွေ့အကြုံအခန်းများကို ပြန်ကြည့်သည့်အခါ ကြည်နူးဖွယ်စာမျက်နှာများ တွေ့ရှိပါသလား။ ၎င်းတို့၏အလှအပနှင့် ချို သာမှုများသည် သင်၏အသက်တာကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စေပါသ လား။
တတိယအချက်မှာ ရှင်ပြန်ထမြောက်ခြင်းကို မျှော်ကြည့်ပါ။ သေခြင်း၏အိပ်စက်မှုနောက်ကွယ်တွင် ထမြောက်ခြင်း၏ နံနက်ခင်းရှိ ၏။ နားလည်ခြင်း၊ ယုံကြည်ခြင်း၊ ဘုန်းနှင့်ပြည့်စုံလျက်ရှိသည့် အခြင်း အရာကို ပြင်ဆင်ခြင်းဖြင့် သေခြင်းကို ယုံကြည်မှုနှင့်ရင်ဆိုင်ရန် ခွန်အား ရရှိမည်သာဖြစ်သည်။
ကျန်ရစ်သူများနှစ်သိမ့်ခြင်း
သေခြင်း၏လက်သည် ၎င်း၏သားကောင်အချို့ကို ဖြည်းညင်းစွာ
ညှပ်နေစဉ် အချို့ကိုမူ ၎င်း၏ရက်စက်သောလက်သည် ရုတ်တရက် ရိုက်ချလိုက်၏။ ကျန်ရစ်သူမိသားစုများအား မည်ကဲ့သို့နှစ်သိမ့်မည်နည်း။ ဝမ်းနည်းမှုများကိုပြင်ဘက်သို့လွှင့်ပစ်ပါ။
နှစ်သိမ့်အားပေးသူများသည် များသောအားဖြင့် “မငိုပါနဲ့” ဟု အကြံပေးကြသည်။ ငိုယိုသူများသည်လည်း ထိုသို့ပြောဆိုသောသူများ၏ စိတ်ကြိုက်ဖြစ်စေရန် ၎င်းတို့၏ ခံစားချက်များကို ဖိနှိပ်ချုပ်တီးထား၏။ ထိုသို့ ခံစားချက်များကို ပိတ်ဆို့ထားပါက အနှေးနှင့်အမြန် ဒဏ်ရာပြင်း ထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာမည်ဖြစ်၏။ ကျန်ရစ်သူမိသားစု များသည် မိမိတို့ခံစားချက်များကို ဖေါ်ထုတ်ရန် အားပေးသင့်သည်။ သခင်ယေရှုပင်လျှင် နက်ရှိုင်းပြင်းထန်စွာခံစားရသည့်အချိန်တွင် စိတ် တွင်းခံစားချက်များကို ဤကဲ့သို့ ဖေါ်ပြခဲ့၏။ “ငါသည် သေလောက် အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏ (မဿဲ ၂၆း၃၈)။
အပြစ်ကိုအဖြေရှာဖြေရှင်းပါ
တစ်ခါတစ်ရံဝမ်းနည်းခြင်းသည် သေဆုံးသူနှင့် ဆက်ဆံရေးကို ပြန်လည်အကဲဖြတ်သုံးသပ်ရန် ဖြစ်ပေါ်စေတတ်၏။ အားနည်းချက်များ မှန်အောင်ပြန်လုပ်ဆောင်ရန် မဖြစ်နိုင်တော့သည့်အသိတရားနှင့် ပေါင်း စပ်မိသောအခါ ဝမ်းနည်းခြင်းနှင့် စိတ်ဓါတ်ကျဆင်းခြင်းများဖြစ်ပေါ်လာ တော့သည်။ ကျွန်ုပ်တို့သတိရရန် အချက်တစ်ခုသည် လောကတွင် ဘုရား သခင်၏ သားသမီးတိုင်းကို ပြစ်မှားခြင်းသည် အထက်ကောင်းကင်၌ရှိ တော်မူသော အဖဘုရားသခင်ကို ပြစ်မှားသည်နှင့်အတူတူပင် ဖြစ် ကြောင်းတည်း။ ဒါဝိဒ်မင်းကြီးသည် ဥရိယအား ပြစ်မှားခဲ့ပြီးနောက် ၎င်း၏ကျူးလွန်ခဲ့သည့်အပြစ်ကိုသိမြင်၍ လေးနက်ပြင်းပြသော နောင်တ သံဝေဂရခဲ့လေသည်။ ဥရိယသည် သေဆုံးပြီးဖြစ်သည့်အတွက် အပြစ် ဖြေလွှတ်ရန် တောင်းပန်ခြင်းမပြုနိုင်တော့ပြီ၊ ထိုကြောင့် သူသည် ဘုရား သခင်ကို ခွင့်လွှတ်ရန် တောင်းပန်လေတော့သည်။ “အိုဘုရားသခင်--- ကျွန်ုပ်အားသနားတော်မူပါ။--- ဒုစရိုက် အညစ်အကြေးကို အကုန်အစင် ဆေးကြောတော်မူပါ။--- ကိုယ်တော်ကို ပြစ်မှားပါပြီ၊ ကိုယ်တော်ကိုသာ ပြစ်မှားပြီ။” (ဆာလံ ၅၁း၁-၄)။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဒါဝိဒ် မင်းကြီးသည် ဘုရားသခင်ကို ပြစ်မှားသည်ဆိုသည့် အချက်ပင်ဖြစ်၏။ ဘုရားသခင်၏ အပြစ်ဖြေလွှတ်ခြင်းကို သူတွေ့ကြုံခံစားရပြီး ၎င်း၏ အပြစ်များသည်လည်း ပျောက်ကွယ်သွားလေတော့၏။
လူမှုရေးအလုပ်များတွင်ပါဝင်ဆောင်ရွက်ပါ
ဝမ်းနည်းကြေကွဲမှုနှင့်ရင်ဆိုင်နေရသော သူသည် လောကနှင့် အဆက်ပြတ်နေထိုင်ရန် သွေးဆောင်မှုကိုခုခံရမည်။ ထိုသို့နေထိုင်ခြင်း မပြုဘဲ သူသည် အာရုံပြောင်းစေရန် အလုပ်တစ်ခု၌ လုပ်ဆောင်ခြင်း၊ အချိန်ကိုကောင်းစွာ အသုံးပြုခြင်း၊ ခံစားချက်များကို မေ့ပျောက်ခြင်း စသည်တို့ကို လုပ်ဆောင်သင့်သည်။ မိတ်ဖွဲ့ပါ။ မိတ်ဟောင်းများ၏ ဆက်ဆံရေးကို ဆက်လက်ထားရှိပြီး မိတ်သစ်များကိုလည်း စိတ်ကျေနပ် မှုရှိစေရန်ရှာသင့်သည်။ ထိုသို့ပြုလျှင် အသက်တာသည် အဓိပ္ပါယ်ရှိပြီး ပြည့်စုံလာမည်ဖြစ်၏။
ခွန်အား၏အရင်းအမြစ်ကိုရှာပါ
ခွန်အားအရင်းအမြစ်ကား အဘယ်သူနည်း။ ထိုမေးခွန်းကို ဆာလံဆရာကိုယ်တိုင်မိမိကိုယ်ကို မေးခဲ့သည်။ ထိုနောက် သူ့ကိုယ်သူ ပြန်လည်ဖြေကြားသည်မှာ “ကောင်းကင်မြေကြီးကို ဖန်ဆင်းတော်မူ သောထာဝရဘုရားသခင်ထံတော်မှ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ် ထွက်ရ၏။” (ဆာလံ ၁၂၁း၁)။ စိတ်ဒုက္ခရောက်သည့်အချိန်၊ ဝမ်းနည်းခြင်း နှင့် နာကျင်မှုခံစားရသည့်ကာလများတွင် ခွန်အားနှင့် အကူအညီကို လိုအပ်ပါသည်။ ဤအချက်သည် ဘုရားကတိပြုသည့် အရာမဟုတ်ပါ၏ လော့။ “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည့်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှား လျက်ရှိ၏။” (ဆာလံ ၄၆း၁)။
ထိုနောက် ကျွန်ုပ်တို့ရင်ဆိုင်ရန် ကြောက်ရွံ့ခြင်းများရှိ၏။ အနာ ဂတ်ရေးအတွက် ကြောက်ရွံ့ခြင်း၊ သက်ရှင်နေထိုင်ရေးအတွက် ကြောက် ရွံ့ခြင်း၊ ဆုံးရှုံးမှုဖြစ်မည်ကို ကြောက်ရွံ့ခြင်းစသည်တို့ဖြစ်၏။ ထိုကြောင့် ဆာလံဆရာဆက်လက်ဖေါ်ပြသည်မှာ “ငါတို့သည် ကြောက်လန့်ခြင်း မရှိ” ဟေရှာယနှင့်အတူ ဤကဲ့သို့ပြောနိုင်၏။ “ကြောက်လန့်သောစိတ် မရှိဘဲ ရဲရင့်မည်။” (ဟေရှာ ၁၂း၂)။ ထိုနောက် ဒါဝိဒ်နှင့် “အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်၌ခိုလှုံပါမည်။” (ဆာလံ ၅၆း၃)။
ထမြောက်ခြင်း၌မျှော်လင့်ခြင်းထားရှိပါ
သေခြင်းသည် ဆုံးခန်းရောက်သည်မဟုတ်၊ သင်္ချိုင်း၏တစ်ဘက် တွင် ရှင်ပြန်ထမြောက်ခြင်းရှိသည်။ ဤအရာကို “မင်္ဂလာရှိသောမြော် လင့်ရာ” ဟု ဆိုသည်။ (တိတု ၂း၁၁)။
ဖျားနာခြင်း
ခရစ်တော်ဤလောက၌ အသက်ရှင်ထင်ရှားစဉ် အကျွမ်းတဝင် ချစ်ခင်သည့်အိမ်ထောင်စုတစ်ခုရှိသည်။ တစ်ကိုယ်ရေတစ်ကာယသမား များဖြင့်ဖွဲ့စည်းသည့် အိမ်ထောင်ဖြစ်၏။ ညီမနှစ်ဦးနှင့်ညီတော်သူ ယောက်ျားတစ်ဦး၊ မာရိ၊ မာသနှင့် လာဇရုတို့ဖြစ်သည်။ သခင်ယေရှုယုဒ ပြည်၌ ခရီးလှည့်လည်စဉ် အနီးရှိယေရုရှလင်မြို့မှ ဖိနှိပ်အားလွန်ကဲစွာ ခံစားရသည့်အခါ ဗေသနိရွာရှိ ၎င်းတို့၏နေအိမ်သည် သူ့အတွက် ခိုနား ရန်အိမ်ဖြစ်လာခဲ့၏။
တစ်နေ့သောအခါ၌ ခရစ်တော်ခရီးလှည့်လည်စဉ် လာဇရုသည် ဖျားနာလျက်ရှိ၏။ ထိုအကြောင်းကို ညီမတို့သည် ကယ်တင်ရှင်ထံတော် သို့စေလွှတ်ပြီး အကြောင်းကြားခဲ့၏။ “ကိုယ်တော်ချစ်တော်မူသော သူ သည် နာလျက်နေပါသည်” ဟုလျှောက်ကြ၏။ (ယော ၁၁း၃)။ ထူးဆန်း သည်မှာ အပူတပြင်း အကူအညီတောင်းခံမှုကို သခင်ယေရှုသည် ဖြေ ကြားခြင်းမပြု၊ နှစ်ရက်တိုင်ခရီးလှည့်လည်ပြီးမှ ယေရုရှလင်မြို့သို့ ပြန် လာကြွမြန်းခဲ့သည်။ ထိုအတောအတွင်းလာဇရုသည် သေဆုံးသွားခဲ့၏။
များစွာသောရှုပ်ထွေးမှုသည် မာရိနှင့်မာသကို ဝန်းရံလျက်ရှိ၏။ သခင်ယေရှုသည် အဘယ်ကြောင့် သူတို့၏ စိတ်ထက်သန်သောတောင်း ဆိုချက်ကို မဖြေကြားပါသနည်း။ အဘယ်ကြောင့် ကယ်တင်ရှင်သည် သူချစ်သောသူများ၏ ကူညီတောင်းခံမှုကို လာရောက်ရန် အချိန်ဆွဲရပါ သနည်း။ သူတို့ထင်သည့်အတိုင်း အမှန်ပင် သူတို့ကို ချစ်ပါသလား။ ရောဂါပျောက်ကင်းရန် သူတို့၏မျှော်လင့်ချက်ကို အဘယ်ကြောင့် စိတ် ပျက်စေသနည်း။ သူတကယ်ပင်ဂရုပြုပါ၏လော။ ကျွန်ုပ်တို့ဝမ်းနည်းချိန် ကာလတွင် ဤမေးခွန်းများကိုပင် မေးသည်မဟုတ်ပါ၏လော့။
ထိုနောက် သခင်ယေရှုသည် ယုဒပြည်သို့သွားရန် တပည့်တော် တို့အားပြော၏။ ဆက်လက်ပြီး “ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏” ဟုပြောဆိုရာ တပည့်တော်တို့သည် အမှန်တကယ်ပင် အိပ်နေသည်ဟု ထင်မှတ်သဖြင့် “ထိုကြောင့် သခင်ယေရှုက လာဇရုသေပြီ” ဟု အတိ အလင်းမိန့်တော်မူ၏” ဆက်ပြီးပြောသည်မှာ “ထိုအရပ်၌ငါမရှိသည်ကို ထောက်၍--- ငါဝမ်းမြောက်ခြင်းရှိ၏” ဟုဆိုသည်။ (ငယ် ၇၊၁၁၊၁၄၊၁၅) ခရစ်တော်ဗေသနိရွာသို့ရောက်ရှိသော် လာဇရုသည် သင်္ချိုင်းတွင် လေး ရက် မြှုပ်နှံပြီးဖြစ်သဖြင့် ပုပ်ပွလျက်ရှိနေပြီဖြစ်၏။
သေခြင်း
ဤနေရာ၌ အရေးကြီးသောမေးခွန်းမေးရန်ရှိသည်။ သေသည့် အချိန်တွင် ဘယ်ကဲ့သို့ အခြေအနေရှိသနည်း။ သေခြင်းကို သိရှိနိုင်ရန် အသက်ရှင်ခြင်းကို သဘောပေါက်နားလည်ရမည်။ ဘုရားသခင်သည် ပထမဦးဆုံး လူသားကိုဖန်ဆင်းသည့်အခါ အစိတ်အပိုင်းနှစ်ခုကို ယူ ဆောင်ခဲ့သည်။ ပထမသူသည် ခန္ဓာကိုယ်ကို “မြေမှုန့်ဖြင့်” ပြုလုပ်ခဲ့ သည်။ (က ၂း၇)။ ဖန်ဆင်းရှင်သည် သိမ်မွေ့စွာလက်တော်ဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်သည့် နှလုံး၊ အဆုတ်၊ မျက်စိ၊ နား၊ ဦးနှောက် စသည်တို့ကို တင့်တယ်ရှုချင်စဖွယ်ကောင်းအောင် တစ်ဘက်နှင့် တစ် ဘက်အမျိုးအစားညီအောင် ပြုလုပ်ခဲ့လေသည်။ ထိုနောက် သူသည် ဖြည်းညင်းစွာဒူးထောက်လျက် “သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ် တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏။” (က ၂း၇)။ ထို ကြောင့်လူသည်အရာဝတ္ထုနှစ်ခုဖြင့်ပေါင်းစပ်ဖွဲ့စည်းတည်ရှိသည်။မြေမှုန့် ဖြင့် ပြုလုပ်သောခန္ဓာကိုယ်နှင့် ဇီဝအသက်တို့ ပေါင်းစပ်ခြင်းဖြစ်၏။
သေဆုံးသည့်အချိန်၌ ပြန်ပြောင်းဆန့်ကျင်မှုဖြစ်လာ၏။ “မြေမှုန့် သည် နေရင်းမြေသို့လည်းကောင်း၊ ဝိညာဉ်သည် အလျင်ပေးတော်မူသော ဘုရားသခင်ထံသို့လည်းကောင်း ပြန်သွားရလိမ့်မည်။” (ဒေ ၁၂း၇)။ သို့ တည်းမဟုတ် ဆာလံဆရာပြောသည်မှာ “လူသည် အသက်ထွက်၍ မြေ သို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီး ကြ၏။” (ဆာလံ ၁၄၆း၄)။ ဝိညာဉ်သည် ၎င်းအားပေးသော ဘုရားသခင် ထံသို့လည်းကောင်း၊ ခန္ဓာကိုယ်သည် မြေထံသို့လည်းကောင်း အသီးသီး ပြန်သွားလေသော် ဘယ်သို့သော အရာကျန်ရှိနေဦးမည်လော့။ ဘာမျှ ကျန်ရှိမည်မဟုတ်ပါ။ အမှန်တကယ်ဘာမျှမကျန်ပါ။ နောက် (၃) ရက် မဟုတ်၊ နောက် (၉) ညမဟုတ်၊ ထိုနေ့ချင်း၌ အသိစိတ်အကြံအစည် အကုန်ပျက်စီးကုန်၏။ ဤအချက်ကို ပညာရှိပုဂ္ဂိုလ် အလေးထားရေး သားသည်မှာ “အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေ သောသူမူကား၊ အဘယ်အရာကိုမျှမသိ” သူတို့သည် စဉ်းစားဆင်ခြင်ရန် စိတ်မရှိ။ လုပ်ကိုင်ဆောင်ရွက်ရန်လည်း ခွန်အားမရှိပြီ။ “သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက်ပျက်၏။ နေအောက်မှာ ပြုသမျှသော အမှု၌ သူတစ်ပါးနှင့် ရောနှော၍မဆိုင်ရ။” (ဒေ ၉း၅၊၆)။
ထိုကြောင့် လူတစ်ဦးတစ်ယောက်သေဆုံးခဲ့သော် ထိုသူသည် ကမ္ဘာဂြိုဟ်ပေါ်၌ လှည့်လည်၍သော်လည်းကောင်း၊ ကောင်းကင်ဘုံ၌ သော်လည်းကောင်း၊ ငရဲပြည်၌သော်လည်းကောင်း ရောက်ရှိနေမည် မဟုတ်ပါ။ အကယ်၍ လူသည် သေသည့်အခါ ကောင်းကင်သို့လည်း ကောင်း၊ ငရဲပြည်သို့လည်းကောင်း သွားရောက်၍ ဆုများကိုလက်ခံရယူခဲ့ သော် အဘယ်ကြောင့် ရှင်ပြန်ထမြောက်ခြင်းလိုအပ်မည်နည်း။ သခင် ယေရှုအဘယ်ကြောင့် ပြန်လည်ကြွလာရဦးမည်လော့။ အကယ်၍ လာဇ ရုသည် ကောင်းကင်သို့ (၄) ရက် သွားရောက်ပြီးဖြစ်လျှင် အဘယ်ကြောင့် သခင်ယေရှုသည် သူ့အား မြေကြီးသို့ခေါ်ယူရသနည်း။
သေခြင်းကိုမည်ကဲ့သို့ရင်ဆိုင်မည်နည်း
သေသူ၏နံဝိညာဉ်ကိုယုံကြည်မှု
သေလွန်သောသူတို့သည် အသက်ရှိလျက်နှင့် ၎င်းတို့ချစ်ခင်သူ များထံ ပြန်လာလည်ပတ်သည်ဟု တချို့သောသူများယုံကြည်ကြသည်။ ရှေးခေတ်နှင့်မျက်မှောက်ခေတ်တွင် သေသောသူများနှင့် သဏ္ဌာန်တူ သောသူတို့ ကိုယ်ယောင်ထင်ပြခြင်းများရှိသည်မှာမှန်၏။ ရှောလုဘုရင် သည် အလွန်အမင်းအခက်ကြုံသည့်အချိန်၌ သူသည် နတ်ဆိုးဝင်မိန်းမ ကို သေလွန်ပြီးဖြစ်သည့် ပုရောဖက်ရှမွေလနှင့် ဆက်သွယ်ရန် သွား ရောက်ဆက်သွယ်၏။ ထိုနတ်ဝင်မိန်းမသည် မိမိကျွမ်းကျင်သည့်ပညာ ဖြင့် ရှမွေလနှင့်တူသော လူတစ်ဦးကိုခေါ်ထုတ်၏။ ထိုသူသည် ရှမွေလ နှင့်တူ၏။ ဝတ်ထားသည်မှာ ရှမွေလနှင့်တူ၏။ စကားပြောသံသည်လည်း ရှမွေလနှင့်တူ၏။ ရှောလုသည် မည်သူနှင့်တူသနည်းဟုမေးရာ နတ်ဝင် မိန်းမသည် “လူအိုတတ်လာပါ၏။ ဝတ်လုံခြုံလျက်ရှိ၏” ဟု ပြန်ပြော၏။ (၁ရာ ၂၈း၁၄)။
သို့သော် ထိုသူသည် ရှမွေလမဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆို သော် “သေသောသူသည် အဘယ်အရာကိုမျှမသိ” သို့ဖြစ်လျှင် ထိုနတ် ဝင်မိန်းမသည်ဘာကိုမြင်ခဲ့သနည်း။ ရှောလုသည်လည်း ထိုမေးခွန်းကို မေးခဲ့သည်။ “အဘယ်အရာကိုမြင်သနည်းဟုမေးသော် မိန်းမက မြေကြီး ထဲက (ဝိညာဉ်) ဘုရားသခင်တတ်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။” (ငယ် ၁၃)။ ထိုကြောင့် ရှမွေလမဟုတ်၊ နတ်ဆိုး၏ဝိညာဉ် ဖြစ်၏။
ယမန်နေ့ကကဲ့သို့ ယနေ့၌လည်း ထိုဝိညာဉ်များသည် လှုပ်ရှား လျက်ရှိသည်။ “ရှေ့ပြေးအတိတ်လက္ခဏာတို့ကို ပြသော နတ်ဆိုး၏ ဝိညာဉ်ဖြစ်သတည်း” ဟု ကြိုတင်ဟောကြားချက်ဆရာက ဖေါ်ပြထား သည်။ (ဗျာ ၁၆း၁၄)။ စာတန်သည် ကောင်းကင်မှကျဆင်းလာသည့်အခါ သူ၏ နောက်လိုက်ကောင်းကင်တမန်များလည်း သူနှင့်အတူပါလာ၏။ ဤနတ်ဆိုးနတ်မိစ္ဆာငယ်များသည် ဂြိုဟ်ပေါ်၌လှည့်လည်ကာ သေလွန် သော သူများအသွင်ဖြင့် သရုပ်ဆောင်နိုင်သည့်အစွမ်းရှိပြီး ကျွန်ုပ်တို့ကို ကိုယ်ယောင်ပြနိုင်၏။ ယနေ့ကျွန်ုပ်တို့ကို လိမ်ညာနေသည်သာမက မနက်ဖြန်၌လည်း ကမ္ဘာ့ခေါင်းဆောင်ကြီးများကိုလည်း လှည့်ဖြားမည် ဖြစ်၏။ “ဤအမှုသည် အံ့ဖွယ်ဖြစ်သည်မဟုတ်၊ စာတန်ပင်လျှင် လင်း သောကောင်းကင်တမန်ဖြစ်ယောင်ဆောင်တတ်၏။” (၂ကော ၁၁း၁၄)။
ကမ္ဘာပေါ်တွင် ပထမဦးဆုံးမုသားစကား ပြောဆိုသောသူသည် စေတမန်ကိုယ်တိုင်ဖြစ်၏။ ဘုရားသခင်သည် အာဒံအား တားမြစ်ထား သောအသီးကို မစားရန်ပြောရာ၌ “ထိုအပင်၏ အသီးကိုကား၊ မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညတ်ထားတော်မူ ၏။” (က ၂း၁၇)။ သို့သော် စာတန်သည် ဧဝအား “သင်တို့သည် ဧကန် အမှန်သေရမည်မဟုတ်” ဆိုသည်။ (က ၃း၄)။ ယနေ့၌လည်း စာတန် သည် လူသည် ဧကန်အမှန် မသေရဟူသည့်သြဝါဒစကားကို သွန်သင် လျက်ရှိ၏။ သို့သော် သခင်ယေရှုသည် “လာဇရုသေပြီ” ဟု ရှင်းရှင်း ပြောလိုက်သည်။ (ယော ၁၁း၁၄)။
ခရစ်တော်သည် လာဇရု၏သေခြင်းကို အိပ်သည်ဟုဆိုသည်။ အိပ်ခြင်းသည် စိတ်၏စေစားရာကို လိုက်နိုင်ခြင်းမရှိသည့် ယာယီအခြေ အနေဖြစ်သည်။ အိပ်ခြင်းသည် နိုးထခြင်းကို စောင့်စားလျက်ရှိ၏။ ထိုကြောင့် သခင်ယေရှုပြောသည်မှာ “ငါတို့အဆွေလာဇရုအိပ်ပျော်၏။ သူ့ကိုနိုးခြင်းအလိုငှာငါသွားမည်”ဟုဆိုသည်။(ငယ် ၁၁) သူ၏ ထမြောက် ခြင်း၏ သြဝါဒစကားများကို အချိန်ယူဆွေးနွေးခဲ့သည်။ မာသကိုနှစ်သိမ့် ပြီး ဤကဲ့သို့ပြော၏။ “သင်၏မောင်သည် ထမြောက်လိမ့်မည်” မာသ သည် သူမ၏ယုံကြည်မှုကို ဖေါ်ပြရာ၌ “နောက်ဆုံးသောနေ့တည်းဟူ သောထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိ ပါသည်။” (ငယ် ၂၃၊၂၄)။ ထိုနောက် ကယ်တင်ရှင်သည် ဆက်လက်ပြီး “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။” (ငယ် ၂၅) ဟုဆိုသည်။
သခင်ယေရှုသည် သင်္ချိုင်းသို့ဆက်လက်သွားသည့်အခါ ငှားရန်း ထားသည့်ငိုချင်းသည်အသံများနှင့် အမှန်တကယ်ဝမ်းနည်း၍ ငိုသူများ အသံဖြင့် ပြည့်လျက်ရှိ၏။ ခရစ်တော်သည် သင်္ချိုင်း၌ငိုသူများကိုသာ တွေ့သည်မဟုတ်၊ မရေတွက်နိုင်သောဂူသင်္ချိုင်းများမှ နှစ်ထောင်ပေါင်း များစွာသောသူတို့၏ငိုကြွေးသံကိုပါကြားရ၏။ ပြင်းထန်စွာခံစားသူများ နှင့်အတူ ခံစားလျက်၊ ဝမ်းနည်းသူများနှင့်အတူ ဝမ်းနည်းကြေကွဲလျက်၊ ငိုကြွေးလျက်ရှိသူများနှင့် ငိုကြွေးလျက် ခရစ်တော်သည် နာကျင်မှုကိုထို အချိန်၌ခံစားရ၍ “အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍--- ယေရှုသည် မျက်ရည်ကျတော်မူ၏။” (ငယ် ၃၃၊၃၅)။
ကယ်တင်ရှင်သည် ဂူသင်္ချိုင်းအနီးသို့ချဉ်းကပ်ကာ “ကျောက်ကို ရွှေ့ကြလော့” ဟု ယေရှုမိန့်တော်မူ၏။ (ငယ် ၃၉)။ ယခုတွင်တောင်း လျှောက်သောအရာခပ်သိမ်းကို ဘုရားသခင်ပေးတော်မူမည်ဟုဆိုသော် မာသသည် ယခုခရစ်တော်ကျောက်ကိုရွှေ့ရန် အမိန့်ပေးခြင်းကို ကန့် ကွက်ပြောဆို၏။” သခင်ယခုဖြစ်လျှင် နံလိမ့်မည်။ လေးရက်ရှိပါပြီ” ဟု လျှောက်၏ (ငယ် ၃၉)။ သခင်ယေရှုသည် မျက်နှာတော်ကို ကောင်းကင် သို့ကြည့်မျှော်လျက် ချီးမွမ်းခြင်းဆုကို တောင်းခံပြီး “လာဇရုထွက်၍လာ လော့” ဟု ကြီးစွာသော အသံဖြင့် ဟစ်ခေါ်တော်မူ၏။ (ငယ် ၄၃)။ ထို အံ့ဖွယ်ကောင်းသည့်အချိန်၌ ဘုရားသခင်၏ ဇီဝအသက်သည် ပုပ်သိုး လျက်ရှိသောခန္ဓာကိုယ်မြေမှုန့်ဖြင့် ပေါင်းစပ်ကာ အသက်ရှင်သောလူ သည် သင်္ချိုင်းမှထွက်လာလေ၏။ ထိုအချိန်၌ အသက်ပေးပိုင်ရှင်သခင်၏ အသံသည် သေခြင်း၏ချုပ်နှောင်မှုကို ဖြိုခွင်းပြီး သင်္ချိုင်း၏တန်ခိုးကို အောင်မြင်ခဲ့လေပြီ။
လာဇရု၏ထမြောက်ခြင်းသည် သခင်ယေရှု၏ အကြီးမားဆုံး သော နိမိတ်လက္ခဏာဖြစ်၏။ ခရစ်တော်သည် ဖန်ဆင်းရှင်ဘုရားသခင် ဖြစ်ကြောင်း ပြန်လည်ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ အသက်ပေးပိုင်ရှင်ဖြစ် ကြောင်းကို အတည်ပြုလိုက်ခြင်းဖြစ်၏။ ဤငြင်းဆန်နိုင်ဖွယ်မရှိသော သက်သေကြောင့် “ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကို မြင်လျှင် ကိုယ်တော်ကိုယုံကြည်ကြ၏။” (ငယ် ၄၅)။
ပြန်လည်ဆုံဆည်းမှု၏ပျော်ရွှင်ဖွယ်ကိုစဉ်းစားပါ။ မာရိ၊ မာသနှင့် လာဇရုတစ်ဦးနှင့်တစ်ဦး ပြန်လည်ဖက်ရမ်းနိုင်ကြပြီ။ မဖေါ်ပြနိုင်သော ဝမ်းမြောက်ခြင်းကိုခံစားရပြီ။ ဘဝင်တုန်ရင်ခုန်စေသည့်ပီတိသည် ၎င်းတို့ ၏ နှလုံးသားကိုရိုက်ခတ်လေပြီ။ သခင်ယေရှုသူတို့ကို ချစ်တော်မူ ကြောင်းကို ပြန်လည်ခံစားရသည့်အတွက် ၎င်းတို့စိတ်နှလုံးသည် ငြိမ် သက်ခြင်းကိုရရှိစေ၏။ သူ၏မေတ္တာတော်ဖြင့် ရောဂါပျောက်ကင်းရန် ဆိုင်းငံ့ထားခြင်းကား ပို၍ကြီးမြတ်သော ထမြောက်ခြင်းဆုကျေးဇူးကို ပေးရန်ဖြစ်သည့်အတွက်ကြောင့်ဖြစ်၏။ ထိုနောက် လာမည့်နှစ်များ၌ သေလွန်သောသူသည် ပြန်လည်ရှင်ပြန်ထမြောက်ခြင်းကြောင့် ဘုရား သခင်ကို ကျေးဇူးတင်ခြင်းအမှုကို ဘယ်သောအခါမျှ ရပ်ဆိုင်းနိုင်တော့ မည်မဟုတ်ပါ။
ပထမထမြောက်ခြင်း
လာဇရု၏ထမြောက်ခြင်းသည် ဘုရားသခင်၏ အိမ်ထောင်မိသား စုများနောက်ဆုံးသောနေ့တွင် ထမြောက်မည့်အကြိုထမြောက်ခြင်းဖြစ် ၏။ အသက်ပေးသခင်သည် တစ်ဖန်ကြီးစွာသော အသံဖြင့် ခေါ်ဦးမည် ဖြစ်၏။ တမန်တော်ပေတရု ဤကဲ့သို့ ကြေညာခဲ့သည်။ “သခင်ဘုရား သည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရား သခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထ မြောက်ကြလိမ့်မည်။” (၁သက် ၄း၁၆)။ လာဇရုကိုခေါ်သော အသံသည် ဤသို့ကြေညာမည်။” မြေမှုန့်၌နေသော သူတို့နိုး၍ သီချင်းကို ဆိုကြ လော့။” (ဟေရှာ ၂၆း၁၉)။ လောက၏ တစ်ဖက်စွန်းမှ အခြားတစ်ဖက် စွန်းတိုင်အောင် ခရစ်တော်၌အိပ်ပျော်သောသူအပေါင်းတို့သည် ပြန်လည် ထမြောက်ကြလိမ့်မည်။”
သူတို့သည် မည်သည့်နေရာတွင်မဆို ကုန်းပေါ်ဖြစ်စေ၊ ရေ၌ဖြစ် စေ၊ လေတွင်ဖြစ်စေ၊ မည်ကဲ့သို့သေဆုံးသည်ဖြစ်စေ၊ ငတ်မွတ်ခြင်းဖြင့် ဖြစ်စေ၊ ရေလွှမ်းမိုးခြင်းကြောင့်ဖြစ်စေ၊ မီးဖြင့်ဖြစ်စေ၊ ဖန်ဆင်းရှင်သည် ၎င်းခန္ဓာ ကိုယ်များကို ပြန်လည်ဖန်ဆင်းမည်ဖြစ်၏။ ထိုနောက် သူ၏ဇီဝ အသက်ကို ပြန်လည်ပေးပြီးသည်နောက် ပြန်လည်အသက်ရှင်နေထိုင် ရန် ပြုလုပ်မည်ဖြစ်၏။ တစ်ဆက်တည်းမှာပင် အသက်ရှင်လျက်ရှိသော ဘုရားသခင်၏အစေများသည် “နောက်ဆုံးသော တံပိုးမှုတ်သောအခါ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” ထိုနောက် “ယခုမျက်မှောက်ပုပ်တတ်သောအရာ သည် မပုပ်နိုင်သောအဖြစ်သို့ဝင်စားရမည်။” (၁ကော ၁၅:၅၁၊၅၄)။
ထိုနောက်ပြောင်းလဲသွားသော သန့်ရှင်းသူတို့သည် ရှင်ပြန်ထ မြောက်သောသူတို့နှင့်လေထဲတွင် ပြန်လည်တွေ့ဆုံသည့်အခါ အကြီး ကျယ်ဆုံး၊ အခမ်းနားဆုံးသော ပြန်လည်ပေါင်းစည်းခြင်းပင်ဖြစ်လေတော့ သည်။ လင်မယားများပြန်လည်ပေါင်းစည်းပြီး ဖက်ရမ်းလျက်၊ မိဘများ နှင့်ကလေးများတစ်ဖန် ပွေ့ဖက်လျက်၊ ကလေးသူငယ်များ မိခင်ရင်ခွင်သို့ ကောင်းကင်တမန်များ ယူဆောင်လာလျက်၊ ချစ်သူများလည်း တစ်ဦးနှင့် တစ်ဦးအပြန်ပြန်ဖက်ရမ်း နမ်းရှုပ်လျက်၊ အလွန်ကြီးကျယ်သော တွေ့ဆုံ ခြင်းပင်ဖြစ်လေ၏။ နောက်တစ်ဖန် ခွဲခွာခြင်းလည်းမရှိတော့ပြီ။
လေဟာနယ်ခရီးစဉ်သည် စတင်ထွက်ခွာလာလေပြီ။ သို့သော် လေဟာနယ်ဝတ်စုံများ မလိုအပ်ပါချေ။ အသစ်သောကိုယ်ခန္ဓာနှင့် လူ သားများသည် ဂြိုဟ်များ၊ ကြယ်စုများ၊ နဂါးငွေ့တန်းများကျော်ဖြတ်ကာ ဘုရားသခင်၏ ထီးနန်းသို့ ဝင်ရောက်လေပြီ။ သခင်ယေရှုကတိပေးထား ခဲ့သည်မဟုတ်ပါ၏လော။ “ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့သိမ်းဆည်းမည်။” (ယော ၁၄း၃)။ ကောင်းကင်တွင် နှစ်ပေါင်း တစ်ထောင်ပွဲခံမည်ဖြစ်၏။”
ဒုတိယထမြောက်ခြင်း
ကောင်းကင်တွင် ဘုရားသခင်၏အိမ်ထောင်မိသားစုသည် အပန်း
ဖြေနေကြစဉ် မြေကြီးပေါ်တွင် စေတမန်နှင့် ၎င်း၏ကောင်းကင်တမန် တို့သည်လည်း အနားယူနေကြ၏။ ဂြိုဟ်ပေါ်တွင် လှည့်လည်ကာ သွေးဆောင်မည့် သူတစ်ဦးတစ်ယောက်မျှမတွေ့ပြီ။ အဘယ်ကြောင့်ဆို သော် ခရစ်တော်ဒုတိယအကြိမ်မကြွလာမီ သေလွန်ပြီးသောစာတန်၏ အစေများသည် ဆက်လက်သေနေမည်ဖြစ်ပြီး ကြွလာခြင်းကို မြင်သော သူ၏တပည့်များသည်လည်း လဲသေကုန်ကြလေပြီ။ (၂သက် ၁း၉၊၁၀)။ နှစ်ပေါင်းတစ်ထောင်ကုန်ဆုံးသည့်အခါ အပြောင်းအလဲရှိမည်။ ယေရုရှ လင်မြို့သစ်ကောင်းကင်မှ မြေကြီးပေါ်သို့ ပြန်လည်ဆင်းသက်လာစဉ် ခရစ်တော်သည် ဒုတိယထမြောက်ခြင်း၏ နိမိတ်လက္ခဏာကိုပြုလုပ်၏။ ဤအချိန်၌ စာတန်၏မိသားစုများပြန်လည်ထမြောက် ခြင်းပင်ဖြစ်သည်။ (ဗျာ ၂၀း၅)။
ထိုနေ့သည် ဆိုးသွမ်းသောသူများအတွက် တရားစီရင်သောနေ့ ကြီးဖြစ်၏။ ၎င်းမြင်ကွင်းကို ရှင်ယောဟန်ဖေါ်ပြသည်မှာ “တစ်ဖန်ထိုဖြူ သောပလ္လင်ကြီးကိုလည်းကောင်း၊ ထီးနန်းပေါ်မှာထိုင်တော်မူသောသူကို လည်းကောင်း ငါမြင်၏။--- သေလွန်သောသူ အကြီးအငယ်တို့သည် ထီးနန်းရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏--- သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။” (ဗျာ ၂၀း၁၁-၁၃)။ ကာဣနမှ နောက်ဆုံး လှောင်ပြောင်ပြက်ရယ်ပြုသည့် အပြစ်သားတိုင်းသည် ဘုရားသခင်ရှေ့ တော်၌ ရပ်ရမည်ဖြစ်ပြီး တရားစီရင်ချက်ချမှတ်သည်နှင့် ကောင်းကင်မှ မီးကျလာပြီး ပျက်စီးခြင်းခံရမည်ဖြစ်၏။ (ငယ် ၉)။
ဤအရာသည် ဒုတိယသေခြင်းပေတည်း။ (ငယ် ၁၄)။ ဤသေ ခြင်းသည် အလွန်ကြောက်ဖွယ်ရာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အပြီး အပိုင်ဖြစ်သည့်အတွက်ကြောင့်ဖြစ်၏။ သခင်ယေရှုကို မိမိတို့၏ အသက် တာကို အပ်နှံခြင်းမပြုသူတိုင်း (၂) ကြိမ်သေရမည်ဖြစ်၏။ ပထမသေခြင်း သည် ယာယီဖြစ်ပြီး ဒုတိယသေခြင်းသည် ထာဝရဖြစ်၏။ အခြားတစ် ဘက်၌လည်း ခရစ်တော်ကို မိမိအသက်တာအပ်နှံသောသူများသည် တစ်ကြိမ်သာလျှင် သေမည်ဖြစ်၏။ အိပ်ရာမှနိုးထလာသောအခါ ထာဝရ
အသက်ရှင်မည်ဖြစ်၏။
ထိုမီးသည် စေတမန်နှင့်၎င်း၏ မိစ္ဆာပုရောဖက်များကို လောင် ကျွမ်းလိုက်လေ၏။ (ငယ် ၁၀)။ စာတန်၏အစေများကိုလည်း မီးအိုင်ထဲ သို့ ချပစ်လိုက်လေ၏။ (ငယ် ၁၅)။ “ထိုမရဏာနိုင်ငံကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။ (ငယ် ၁၄)။ ထိုမီးသည် ကမ္ဘာမြေကြီးကို လောင်ကျွမ်း သန့်စင်စေပြီး “ကောင်းကင်သစ်နှင့်မြေကြီးသစ်” ဖြစ်ပေါ်လာရန် လမ်း ခင်းပေးလိုက်၏။ (ဗျာ ၂၁း၁)။ ထိုနောက် ယေရုရှလင်မြို့သစ်သည် ကောင်းကင်မှဆင်းသက်လာပြီး ကယ်တင်ခြင်းခံရသူများ၏ မြို့တော် အဖြစ် ကမ္ဘာပေါ်တွင် နေရာယူလိုက်လေတော့သည်။
ထာဝရအသက်
ထိုမြေကြီးသစ်တွင် ဝေဒနာခံစားခြင်းလုံးဝမရှိတော့ပြီ။ “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသော သူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်လိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့် မည်။” (ဟေရှာ ၃၅း၅၊၆)။ ထိုတောက်ပသောပြည်၌ရှိသော သူတို့သည် “ငါနာသည်ဟုမဆိုရ” အဘယ်ကြောင့်ဆိုသော် ဖျားနာခြင်းလည်းမရှိ တော့ပြီ။ ထိုမြေကြီးသစ်၌ ငိုကြွေးခြင်းလည်း မရှိတော့ပြီ။ အဘယ် ကြောင့်ဆိုသော် “ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှ တို့ကိုသုတ်တော်မူမည်။ လာမည့်ကမ္ဘာတွင် ဝမ်းနည်းငိုကြွေးခြင်းလည်း မရှိပါ။ မြေကြီးသစ်တွင် ခွဲခွာခြင်းလည်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် “နောက်တစ်ဖန်သေဘေးမရှိရ --- အကြောင်းမူကား၊ ရှေးဖြစ်ဘူးသော အရာတို့သည် ရွေ့သွားကြပြီ။ (ဗျာ ၂၁း၄)။ သေခြင်းမရှိ၊ ထာဝရအသက် အဆက်ဆက်သာရှိမည်ဖြစ်ပေ၏ ။
ယနေ့နေရာအနှံ့တွင် သေခြင်းသည် မြေတစ်ပြင်လုံးကို ချောင်း
မြောင်းလျက်လိုက်လံရှာဖွေနေသည်။ သို့သော် မကြာမီတစ်နေ့တွင် သူသည် ဖမ်းဆီးခြင်းကို ခံရမည်ဖြစ်၏။ အသက်ပေးပိုင်ရှင်သခင်သည် သူ့ကိုအောင်မြင်ကာ ဖမ်းဆီးချုပ်နှောင်ဖျက်ဆီးပစ်မည်ဖြစ်၏။ သူကို ဖျက်ဆီးပြီး ဤသို့ ကြွေးကြော်မည်ဖြစ်သည်။ “အို၊ သေမင်း၊ သင်၏ လက်နက်သည် အဘယ်မှာရှိသနည်း။ အိုမရဏာနိုင်ငံ၊ သင်၏အောင်မြင် ခြင်းသည် အဘယ်မှာရှိသနည်း။” (၁ကော ၁၅း၅၅)။ သူ၏အပြစ်စီရင် ခံရခြင်းသည် အစဉ်အဆက်ဖြစ်၏။ သူ၏ပျက်စီးခြင်းသည်လည်း ထာဝရ ဖြစ်၏။ သူသည် ရှုံးနိမ့်သောရန်သူဖြစ်သည့်အတွက် သူ့အားတည်ငြိမ်စွာ ဖြင့်လည်းကောင်း၊ ယုံကြည်ခြင်းဖြင့်လည်းကောင်း၊ အောင်မြင်ခြင်းဖြင့် လည်းကောင်း ရင်ဆိုင်နိုင်မည်ဖြစ်ရာ သူပျက်စီးခြင်းသို့ရောက်သောအခါ ကျွန်ုပ်တို့သည် ထာဝရအသက်ရှင်မည်မှာမုချဖြစ်သတည်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment