Thursday, January 22, 2026

အခန်း (၂၁) မိခင်၊ ဖခင်တို့ “စံပြ” အဖြစ်ဆောင်ရွက်ရန်တာဝန်



မိဘတို့၏ဝတ်သည် လူသားများခံစားရရှိသည့် အခွင့်အရေးနှင့် တာဝန်ဝတ္တရားများတွင် တည်ကြည်လေးနက်ဆုံးသောအရာ ဖြစ်၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးသမားများ၏ အာဏာတန်ခိုး၊ ပညာရှိတို့၏ ပညာဉာဏ်၊ တီထွင်သူများ၏ ထိုးထွင်းကြံစည်တတ်သည့်ဉာဏ်တို့ကို ချီးကျူးနေစဉ် ၎င်းတို့၏ခွန်အားထက် နှစ်ဆပို၍ကြီးသောတန်ခိုးဖြစ် သည့် မိဘဖြစ်ခြင်းအရာကို မကြာခဏ မေ့ပျောက်လျက်ရှိကြ၏။ “ပုခက် လွှဲသောလက်သည် ကမ္ဘာကိုချုပ်ကိုင်သောလက်ဖြစ်၏” ဆိုသည့်အချက် မှာ အမှန်ပင်ဖြစ်၏။

အကြီးမြတ်ဆုံးသောဂုဏ်

မိဘဖြစ်ခြင်းအရာသည် ငယ်ရွယ်စဉ် ကလေးများ၏ အသက်တာ တွင် သြဇာလွှမ်းမိုးတန်ခိုးခွန်အားဖြစ်သည်သာမက ၎င်းတို့ ထာဝရ အသက်ရရှိရေး (သို့မဟုတ်) ဆုံးရှုံးမှုအပေါ်တွင်လည်း သြဇာသက်ရောက် ၏။ နောက်ဆုံး၌ ကလေးများသည် မိမိတို့ကံကြမ္မာကို ရွေးချယ်ကြသည် မှာမှန်သော်လည်း မိဘများအနေဖြင့် ထိုဆုံးဖြတ်ချက်ကိုချရန် သြဇာ သက်ရောက်မှုရှိ၏။

အကျိုးအကြောင်းအားလျော်စွာ မိခင်၊ ဖခင်တို့၏ အလုပ်သည် သေးသိမ်နှိမ့်ချသည့်တာဝန်မဟုတ်ပါ။ အလွန်မြင့်မြတ်သောအခွင့်အရေး တစ်ရပ်ဖြစ်၏။ ဒုတိယတန်းစားခန့်အပ်သည့်အလုပ်မဟုတ်၊ ပထမတန်း စား တာဝန်ဝတ္တရားဖြစ်၏။ အမြင့်မြတ်ဆုံးသောဂုဏ်ပုဒ်ဖြင့် ပြည့်စုံသည့် နေရာတွင်ရှိ၏။ မိဘများဆောင်ရွက်ရမည့်အရာများကို အသက်တာ၏ လမ်းဘေးတွင် အချိန်အပိုင်းအစများဖြင့် ဆောင်ရွက်ခြင်း၊ အပေါ်ယံ အတွေးများဖြင့် ဆင်ခြင်ခြင်း၊ ကုန်ခန်းသွားသောစွမ်းအားများဖြင့် လုပ် ဆောင်ခြင်းတို့ဖြင့် ဆောင်ရွက်ရန်မသင့်ပါ။ ထိုသို့ဖြစ်မည့်အစား ဤသန့် ရှင်းသည့်ကိုးစားအပ်နှံမှုကို ကျွန်ုပ်တို့၏ အမြင့်ဆုံးစွမ်းရည်၊ ကျွန်ုပ်တို့၏ ထူးမြတ်သောဂရုထားမှုနှင့် ကျွန်ုပ်တို့၏ အကောင်းဆုံးအချိန်နှင့် ခွန်အား ကိုရင်းနှီးမြှုပ်နှံရမည်သာဖြစ်၏။

အခြားတစ်ဘက်၌လည်း အောင်မြင်သော မိဘများ၏အကြီးဆုံး စရိုက်သည် ချစ်ခြင်းပင်ဖြစ်၏။ အတိုင်းအတာတစ်ခုအထိ “အမေ” ဆို သည့် စကားသည် ချစ်ခြင်းနှင့်အတူတူပင်ဖြစ်၏။ တစ်ဘက်၌လည်း မိဘများ၏ အကြီးဆုံးစိန်ခေါ်မှုသည် ထိန်းသိမ်းခြင်းဖြစ်၏။ ကလေးများ ၏သွားလာနေထိုင်မှုအကျင့်စရိုက်များကို အနားသပ်ကန့်သတ်ထိန်းသိမ်း ရန်ဖြစ်၏။ ချစ်ခြင်းနှင့်ကန့်သတ်ခြင်းအပြန်အလှန်တုံ့ပြန်မှုသည် ယနေ့ မိဘများရင်ဆိုင်ရသော တင်းမာမှုဖြစ်စေသည့်အကြောင်းတစ်ရပ်ဖြစ်၏။ ချစ်ခြင်းနှင့်ကန့်သတ်ခြင်း အပြန်အလှန် တုံ့ပြန်မှုပေါ်လေ့လာခြင်းဖြင့် မိဘအမျိုးအစား (၄) မျိုးထွက်ပေါ်လာသည်ကိုတွေ့ရှိရသည်။



မိဘများထိန်းကျောင်းသည့်စနစ်ပုံစံများ

လျစ်လျူရှုခြင်း

အမှုမထား၊ ပေါ့လျော့သောမိဘများသည် ချစ်ခြင်း၌လည်းနည်း ၏။ ကန့်သတ်ခြင်း၌လည်း နည်း၏။ ၎င်းတို့၏ ကလေးများသည် သူတို့၏ ချစ်ခြင်း၊ လိုလားတောင့်တခြင်း၊ နွေးထွေးစွာကြိုဆိုခြင်းအမှုများကို မခံ စားရချေ။ ဤမိဘများသည် ၎င်းတို့၏မျိုးဆက်များကို သူတို့အသက်တာ ခရီးတွင် အနှောင့်အယှက်ဖြင့်လည်းကောင်း၊ သူတို့၏အလုပ်အကိုင်တွင် အဟန့်အတားဖြင့်လည်းကောင်း၊ သူတို့၏ ပျော်ရွှင်မှုအတွက် အတား အဆီးများဖြင့်လည်းကောင်း ရှုမြင်ကြသည်။ အကြောင်းအားလျော်စွာ ၎င်းတို့သည် မိမိတို့၏ကလေးများနှင့် ခပ်ခွာခွာနေပြီး အပြုသဘော ဆက်ဆံမှုများမပြုလုပ်ကြပါ။

သူတို့သည် ချစ်ခြင်းအရာ၌ အလွန်နိမ့်သည်သာမက ကန့်သတ် မှုများတွင်လည်း အလွန်နိမ့်၏။ သိသင့်သည့်အမှန်အမှား “စံ” များကို လည်း သွန်သင်ပေးခြင်းမရှိပါ။ စည်းမျဉ်း၊ စည်းကမ်းနှင့် ‘စံ’ များမရှိသည့် အတွက် ကလေးများသည် ၎င်းတို့ကြိုက်နှစ်သက်သကဲ့သို့ လုပ်ဆောင် ခွင့်ပေးထား၏။ မိဘတို့ကိုနှောင့်ယှက်ပြီး စိတ်တိုအောင်လုပ်သည့်အခါ မှသာလျှင် ဆုံးမတတ်၏။ ထိုသို့ဆုံးမသည့်အခါ၌လည်း မကြာခဏမှား ယွင်းသော ရလဒ်ထွက်ပေါ်လာလေ၏။ ထိုသို့သောမိဘများမှ ကလေး များသည် မိမိကိုယ်ကို အထင်သေးကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏မိဘများသည် သူတို့အား တန်ဖိုးမထားဟု ခံစားရသည့်အတွက် ကြောင့်ဖြစ်သည်။ သူတို့သည် လုံခြုံမှ မရှိဟုလည်းခံစားရသည်။ အဘယ် ကြောင့်ဆိုသော် ကန့်သတ်မှုနှင့် စည်းမျဉ်းများမရှိသည့်အတွက် လုံခြုံမှု မရှိကြောင်း ခံစားကြရ၏။ ထိုသို့သောကလေးများသည် အောင်မြင်မှု ရရှိသူအလွန်နည်း၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ရည်ရွယ်ချက် အကြောင်းပေါ်ပေါက်စေရန် တွန်းအားမရှိသည့်အတွက်ဖြစ်၏။ ထိုထက် မက သူတို့တွေ့ကြုံခံစားရသောမတရားမှုကို တုံ့ပြန်ပြီး တော်လှန်ပုန် ကန်လိုသည့်ဆန္ဒဘက်သို့ တိမ်းစောင်းသွားတတ်၏။ ထိုကြောင့် သူတို့ သည် ပြစ်မှုကျူးလွန်မှုလုပ်ငန်းအတွက် အဓိက အမတ်လောင်းများဖြစ် ၏။

အာခတ်မင်းသည် လျစ်လျူရှုခြင်းပုံစံ စနစ်ကျင့်သုံးသည့် မိဘ တစ်ဦးဖြစ်၏။ သူသည် လူသားတို့၏အသက်ကို တန်ဖိုးမထား၊ စည်းမျဉ်း စည်းကမ်းနှင့်လူ၏ကျင့်ဝတ်စရိုက်အကန့်အသတ်များကို ရိုသေလိုက်နာ မှုမရှိ၊ မိမိ၏ မျိုးဆက်များကိုလည်း ချစ်ခင်ယုယမှုမရှိသော ဖခင်သည် “တစ်ပါးအမျိုးသားတို့၏ရွံရှာဖွယ်ထုံးစံအတိုင်း မိမိသားကို မီးဖြင့်ပူဇော် ၏။” (၄ရာ ၁၆း၃) ဟုဖေါ်ပြထားသည်ကိုတွေ့ရှိရ၏။



အလိုလိုက်ခြင်း

ဤသို့သောမိဘများသည် ချစ်ခြင်းအရာ၌မှားပြီး ကန့်သတ်မှု တွင် နည်း၏။ အလွန်ချစ်အလွန်ယုယလွန်းပြီး မိမိတို့၏ကလေးများ၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးရန် ကြိုးစားဆောင်ရွက်တတ်သည်။ မိဘများသည် အလွန်အကျွံပြုစုစောင်မကာကွယ်မှုများပြုလုပ်လျက်ရှိရာ ကလေးများ ကိုယ်တိုင်ပြုလုပ်ရမည့် ဆုံးဖြတ်ချက်များကိုပင် လုပ်ပေး တတ်၏။ သူတို့သည် ကလေးများ တိုးတက်ဖွံ့ဖြိုးရန် အမြဲစိတ်အာရုံစွဲ လျက်ရှိကြ၏။

မကောင်းသည်က သူတို့သည် စည်းမျဉ်းစည်းကမ်းကန့်သတ်မှု များနည်းပြီး အမှားနှင့်အမှန်ကိုလည်း ရှင်းလင်းသည့် လမ်းညွှန်ချက်ကို ညွှန်ပြခြင်းမပေးပါ။ ထိုကြောင့် ကလေးသည် အရာရာတွင် မိမိအလို အတိုင်း လုပ်ပိုင်ခွင့်ရထားရာ မိမိလှေကို ကြိုက်နှစ်သက်သည့်အတိုင်း လှော်ခတ်နိုင်သူများဖြစ်ကုန်လေ၏။ ဤကဲ့သို့သော မိဘများသည် စည်း မျဉ်းဥပဒေလည်းမထုတ်၊ “စံ” အဖြစ်ထားရမည့် အရာများကိုလည်း ဆောင်ရွက်ရန် တိုက်တွန်းခြင်းမပြုပါ။ ကလေးများ၏ အပြုသဘော မဆန်သည့်အကျင့်စရိုက်များနှင့် ရင်ဆိုင်ရသည့်အခါ သူတို့သည် ဆင်ခြေ များပေးရန် အလွန်မြန်ဆန်ပြီး အခါအားလျော်စွာ ဤမကောင်းမှုများ ပျောက်ကွယ်သွားမည်ဟု မျှော်လင့်ကြ၏။ တစ်ချိန်ချိန်တွင် ကလေးများ ကိုပြောင်းလဲရန် တောင်းပန်မည်ဖြစ်သော်လည်း အတင်းအကျပ်လုပ် ဆောင်ရန်ကား ဘယ်သောအခါမျှမပြုလုပ်ပါ။

အကျင့်စရိုက်များသည် ထိန်းသိမ်းရန် သတ်မှတ်ထားသည့်နယ် ခြားစည်းမျဉ်းများ သတ်သတ်မှတ်မှတ်မရှိပါသဖြင့် သူတို့သည်လည်း လုံခြုံမှုမရှိဟု ခံစားရသည်။ ၎င်းအပြင် မိမိကြိုက်နှစ်သက်ရာကို စည်း ကမ်းသတ်မှတ် ကန့်သတ်ချက်မရှိသည့်အတွက် မိမိကိုယ်ကို ချုပ်ထိန်းမှု မပြုနိုင်ပါ။ စည်းကမ်းနှင့်အညီ နာခံလိုက်လျှောက်မှုသည် ဤကလေး များအတွက် အထူးအဆန်းဖြစ်နေတတ်၏။ သူတို့သည် မိဘများကို ကိုင် တွယ်အသုံးချရန် အလွန်နှစ်သက်ပြီး ၎င်းတို့၏ အချစ်သည် အကန့် အသတ်မရှိဟု သိမှတ်ကြသည်။ သူတို့သည် ကောင်းသောအကျင့်စရိုက် နှင့်ဆိုင်သော ဆုံးဖြတ်ချက်များကိုယ်၌ အားနည်းလေ့ရှိ၏။ အဘယ် ကြောင့်ဆိုသော် သူတို့သည် အမှန်နှင့်အမှားကို ခွဲခြားထားသည့်စည်းမျဉ်း ကို ရှင်းလင်းစွာမသိသောကြောင့်ဖြစ်၏။

ယဇ်ပုရောဟိတ်ဧလိသည် ဤကဲ့သို့သော မိဘမျိုးဖြစ်၏။ သူ၏ အသက်တာတစ်လျှောက် ဧလိသည် မိမိ၏ကလေးများကို စည်းစိမ်ခံစား လွန်စေပြီး လူ့ကျင့်ဝတ်များကို လိုက်နာရန်ကား၊ တိုက်တွန်းနှိုးဆော်မှု ပြုရန် ပျက်ကွက်ခဲ့သည်။ အကျိုးဆက်မှာ ၎င်း၏ကလေးများသည် စည်း ကမ်းဥပဒေမရှိဘဲ လာဘ်ပေးလာဘ်ယူပြုခြင်း၊ ဘာသာတရားနှင့်ဆိုင် ရာများကို မရိုသေခြင်း၊ ညစ်ညမ်းသည့် အကျည်းတန်ခြင်းစသည်တို့ လုပ်ဆောင်ကြလျက်ရှိ၏။ ၎င်းတို့၏ အကျင့်စရိုက်ကို အလိုလိုက်သည့် ဖခင်ကြီးထံ အသိပေးသည့်အခါ ဘာသာရေးကိုင်းရှိုင်းသည့် ဆိုဆုံးမခြင်း သာပြောသဖြင့်မကြားသည့်နားပေါ်ကျရောက်ခဲ့လေ၏။ အဆုံး၌ဖြစ်ပျက် သည်မှာ တရားစီရင်ခြင်းသည် တရားမဲ့ကလေးများအပေါ်ကျရောက် သည်သာမက အလိုလိုက်သည့်မိဘများအပေါ်ပါ ကျရောက်ခဲ့ပါသည်။ ဘုရားသခင်၏ တရားစီရင်ချက်မှာ “သင်၏ သားတို့ကို ငါ့အပေါ်မှာ အဘယ်ကြောင့်ချီးမြှောက်သနည်း။” (၁ရာ ၂:၂၉)။



အာဏာရှင်

အလိုလိုက်သည့်မိဘများနှင့်ဆန့်ကျင်သည်။ အာဏာရှင်မိဘများ ဖြစ်၏။ ဤနေရာတွင် အချစ်သည် နည်းလျက်ရှိပြီး ကန့်သတ်တားဆီးမှု သည် အလွန်များပြားလှသည်။ ဤကဲ့သို့သောမိဘများသည် ချစ်ခြင်းကို ဖေါ်ညွှန်းသည့်အပြောအဆိုများကို မပြောမဆိုပါ။ ထိုသို့ဖြစ်ခြင်းကြောင့် ကလေးများသည် စိတ်ထိခိုက်မှုခံစားရ၏။ ဆက်ဆံရေးသည် မိဘနှင့် ကလေးကဲ့သို့မဟုတ်၊ သခင်နှင့်အစေခံကဲ့သို့ဖြစ်၏။ အပြန်အလှန်ပြော ဆိုခြင်းမျိုးအနည်းငယ်သာရှိပြီး ကလေးများ၏ပြောဆို ထင်မြင်ချက်များ ကို ထောက်ခံပြောဆိုမှုကိုသော်လည်းကောင်း၊ လေးစားရန်သော်လည်း ကောင်း မရှိချေ။ အာဏာရှင်မိဘများသည် ၎င်းတို့၏ ကလေးများကို ရွေးချယ်ဆုံးဖြတ်ခွင့်ပေးရန် အလွန်ခဲယဉ်းသည်။ ကလေးများ၏လိုအပ် ချက်များနှင့် ခံစားချက်များကို စိတ်မရှိ၊ ဖြည့်ဆည်းပေးရန်လည်း မပြု လုပ်ပါ။

သို့သော် သူတို့၏ကန့်သတ်စည်းမျဉ်းများအပေါ် ဂုဏ်ယူ၏။ သူတို့သည် အကျင့်စရိုက်၊ နာခံမှုနှင့် လိုက်နာဆောင်ရွက်ခြင်းအပေါ် အာရုံစိုက်သည်။ သူတို့သည် အလွန်ကျပ်တည်းသူများဖြစ်ပြီး အလျော့ အတင်းပြုလုပ်ခြင်းမရှိ၊ တရားသေလူမျိုးဖြစ်၏။ ၎င်းတို့၏စည်းမျဉ်းများ သည် ကျောက်ပေါ်တွင် စိုက်ထားသည့်သံတိုင်များသဖွယ်ဖြစ်ပြီး ရဲများ ကဲ့သို့ အမြဲတစေသတိဖြင့် စောင့်ကြပ်ကာ ကန့်သတ်မှုများကို ရိုသေ လိုက်နာရန် ပြုလုပ်၏။ သူတို့သည် အိမ်ထောင်မိသားစုကို “သူများ ဘယ်လိုပြောမလဲ” ဆိုသည့် အချက်ကို အလွန်စိုးရိမ်မှုရှိသည်။ ထိုသို့ သောမိဘများသည် ခန္ဓာကိုယ်ပေါ် ပြစ်ဒဏ်ပေးခြင်းအလုပ်ကို မကြာ ခဏလုပ်ဆောင်ကြ၏။

ထိုသို့သောကလေးများသည် အပြုသဘောဆောင်သော အရာ များကို မိဘများမှပေးရန် ငြင်းဆန်ခဲ့ခြင်းခံရသဖြင့် သူတို့ မိမိကိုယ်ကို အထင်အမြင်သေးသူများဖြစ်၏။ သူတို့သည် မိမိတို့ကိုယ်တွင် ရှိသည့် စွမ်းရည်အမှန်ကို မသိရှိသဖြင့် လူ့ဘောင်အဖွဲ့အစည်းမှ ဆုတ်ခွာသွား တတ်၏။ အချို့မှာ တစ်ဖက်အစွန်းသို့ရောက်ပြီး အာဏာရှိသူများနှင့် စည်းမျဉ်းများကိုဆန့်ကျင် တော်လှန်ပုန်ကန်သည့် စိတ်မျိုးဖြစ်ပေါ်လာ ၏။ တန်ဖိုးထားရှိမှု၌လည်း အစွန်းနှစ်ဖက်ဖြစ်ပေါ်လာ၏။ တစ်မျိုးမှာ မျက်စိမှိတ်ကာ မိဘများ၏စည်းမျဉ်းနှင့် တန်ဖိုးကို လိုက်နာဆောင်ရွက် သူများဖြစ်ပြီး အခြားတစ်မျိုးမှာ လုံးဝဆန့်ကျင်ဘက်ပြုသောသူများ ဖြစ် ကြသည်။ သူတို့သည် ရွေးချယ်မှုပြုရန် အခွင့်အလမ်းနှင့်ပြင်ဆင်မှု မရှိ သည့်အတွက် အလွန်အားနည်းကြသည်။

အောက်ဖေါ်ပြပါအဖြစ်အပျက်သည် အာဏာရှင်မိဘအကြောင်း ပုံပမာဖြစ်၏။ ရှောလုမင်းသည် ဖိလိတ္တိတပ်များ၎င်း၏တပ်ထက် အရေ အတွက်ခွန်အားတောင့်တင်းသည်ကို သိရှိသည့်အခါ သူသည် မိမိ၏တပ် ကို အစာရှောင်ရန် သစ္စာကျိန်ဆိုစေသည်။ သူသည် မလှုပ်မရှားဘဲ ငြိမ် သက်စွာ ထိုင်နေစဉ် ရဲစွမ်းသတ္တိနှင့်ပြည့်ဝသောသူ၏ သားယောနသန် သည် စတင်တိုက်ခိုက်ပြီး အံ့သြဖွယ်ကောင်းသည့်အောင်မြင်မှုကို ရရှိခဲ့ ၏။ အစာရှောင်ခြင်းကြောင့် ခွန်အားနည်းနေသောဣသရေလတပ်သည် ရန်သူများကိုလိုက်လံ ရှင်းလင်းစဉ် မင်းသားယောနသန်သည် ပျားအုံတစ် ခုကိုမြင်တွေ့သဖြင့် အားရဝမ်းမြောက်စွာဖြင့် သုံးဆောင်ခဲ့၏။ သူ၏ဖခင် ကျိန်ဆိုထားသောအစာရှောင်ခြင်းအမှုကို သူသည် မသိရှိဘဲ ပျားရည်ကို သောက်သုံးမိခဲ့၏။ သို့သော် သူ၏ဖခင်သည် အောင်မြင်သူသားအား အစာရှောင်ရန် အမိန့်ကိုချိုးဖေါက်သည့်အတွက် သေဒဏ်ချမှတ်လိုက် သည်။ “ရှောလုကလည်း၊ ယောနသန် သင်သည် ဆက်ဆက်သေရမည်” (၁ရာ ၁၄:၄၄) ဟုဆိုသည်။ ၎င်းတို့၏ မင်းသားကို သေဒဏ်မှလွတ် မြောက်ရန် တစ်နိုင်ငံလုံး ဘုရင်မင်းမြတ်ကို ဖီဆန်ခဲ့ရ၏။ ဤဖခင်သည် စည်းကမ်းဥပဒေတွင် ကြပ်မတ်ပြီး ချစ်ခြင်း၌မူ အလွန်နိမ့်ကျလျက်ရှိ၏။



သြဇာအာဏာရှိသည့်မိဘ

သြဇာအာဏာရှိသောမိဘသည် အကောင်းဆုံး “စံ” နမူနာမိဘ အမျိုးအစားဖြစ်၏။ ဤကဲ့သို့သောမိဘများသည် ချစ်ခြင်း၌သော်လည်း ကောင်း၊ စည်းမျဉ်းကန့်သတ်ခြင်း၌လည်းကောင်း အလွန်မြင့်သည်။ သူတို့၏ပထမဦးဆုံးပူပန်မှုနှင့် စိတ်ဝင်စားမှုသည် ကလေးများနှင့်ချစ်ခင် ယုယစွာဆက်ဆံရေးပင်ဖြစ်၏။ သူတို့သည်ကိုယ်ထိလက်ရောက် မေတ္တာ ကို ပြသပြီး ၎င်းတို့၏ ချစ်ခင်မှုကိုလည်း ခံစားစေရန် စိတ်ချအောင် ပြုလုပ်၏။ ကလေးများ၏ပြောဆိုခြင်းများကို စိတ်ရှည်စွာနားထောင်၏။ သူတို့၏အမှုများကို အာရုံထိတွေ့လွယ်၍ ထောက်ခံအားပေးမှုလည်းပြု ၏။ သူတို့၏ကလေးများကို ဆုံးဖြတ်ချက်ချမှတ်ခြင်းအလုပ်တွင် ပါဝင် ပတ်သက်စေပြီး ရွေးချယ်မှုပြုရန် သွန်သင်ပေးကာ တစ်ခါတရံအမှားကို ရွေးချယ်မှာကိုပင် အရဲစွန့် ပြုလုပ်ခွင့်ပေး၏။ ဤနေရာတွင် မိဘနှင့် ကလေးသည် မိတ်ဆွေသူငယ်ချင်းဖွယ်ဖြစ်၏။

သြဇာအာဏာရှိသောမိဘများသည် ချစ်မေတ္တာများသည်သာမ က အကျင့်စရိုက်နှင့်နေမှုထိုင်မှုတွင်လည်း စည်းမျဉ်းကန့်သတ်ချက်များရှိ ၏။ လူ့ကျင့်ဝတ်များလိုက်နာရန်လည်း ရှင်းလင်းစွာစည်းကမ်းကလနား ချထား၏။ထိုကျင့်ဝတ်များနှင့်စည်းကမ်းများအကြောင်းကိုလည်းသေချာ စွာနားလည်အောင်ရှင်းပြ၏။ ထိုသို့ပြုခြင်းဖြင့် ကလေးများသည်လည်း စည်းမျဉ်းများကို အသိတရားနှင့်ယှဉ်ကာ လိုက်နာနိုင်လေ၏။ မိဘများ သည် စည်းကမ်းများကို ဥပဒေနှင့်အညီ လိုက်လျှောက်ရန် ချမှတ်ထား သော်လည်း တရားသေမဟုတ်ဘဲ အလျော့အတင်းပြုလုပ်တတ်၏။ သူတို့သည် တည်ကြည်မြဲမြံသည်။ သို့သော် ချစ်ခင်ယုယမှုရှိ၏။

ထိုသို့သောမိဘများ၏ကလေးများသည် ၎င်းတို့ကိုယ်ကို တန်ဖိုး ထား၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ချစ်ခြင်းခံရသူ၊ တန်ဖိုးရှိသူ ဟုသတ်မှတ်ခံစားရခြင်းကြောင့်ဖြစ်၏။ သူတို့သည် အာဏာရှင်တို့၏ လွှမ်းမိုးမှုဖြင့် နာခံရခြင်းအမှုကို မခံစားရသဖြင့် မိမိကိုယ်ကို ချုပ်တီးနိုင် စွမ်းရှိသူများဖြစ်ကြ၏။ သူတို့သည် လုံခြုံမှုရှိသည်ဟု ခံစားရ၏။ အဘယ် ကြောင့်ဆိုသော် သူတို့အား စည်းကမ်းကန့်သတ်ချက်များပေးထားခဲ့ရာ ၎င်းကန့်သတ်ချက်များတို့ ပေးထားရခြင်းအကြောင်းအရင်းများကို သိရှိ နားလည်ခြင်းကြောင့် ဖြစ်၏။ ရွေးချယ်ခြင်းပြုလုပ်ရန် အခွင့်အရေးများ ပေးခြင်းခံရပြီး ထိုကဲ့သို့ ပြုလုပ်နိုင်ရန် သွန်သင်ပြသပေးခဲ့၏။ ထိုသို့ ကလေးသူငယ်များသည် ပုန်ကန်ထကြွရန် အလွန်နည်းပြီး မိမိကိုယ်ကို ယုံကြည်စိတ်ချသူများဖြစ်ပြီး အသက်တာကို အောင်မြင်စွာဖြင့် ရင်ဆိုင် ရန် အကောင်းဆုံးလက်နက်တပ်ဆင်ထားသူများဖြစ်ကြ၏။

မေတ္တာတော်ရှင်ဘုရားသခင်

သမ္မာကျမ်းစာထဲတွင် ဘုရားသခင်ကျွန်ုပ်တို့ကို ချစ်သောအချစ် သည် လင်ယောက်ျားသည် မိမိဇနီးသည်ကို ချစ်သည့်အချစ်နှင့်ပုံဆောင် ထားသည်။ (ဧဖက် ၅း၂၅)။ မိခင်၊ ဖခင်တို့သည် မိမိတို့၏ကလေးများကို ချစ်သကဲ့သို့ သူ၏အချစ်ကိုလည်း ကြိုးစားဖေါ်ပြပါသည်။ “အဘသည် သားတို့ကိုသနားစုံမက်သည်နည်းတူ ထာဝရဘုရားသခင်သည် ကြောက် ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား၊ ငါတို့ကိုယ် ခန္ဓာကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော် မူ၏။” (ဆာလံ ၁၀၃:၁၃၊၁၄)။ “မိန်းမသည် မိမိဖွားသောသားကို မသနား သည်တိုင်အောင် မိမိနို့စို့သူငယ်ကိုမေ့လျော့နိုင်သလော၊ အကယ်၍ မေ့ လျော့သော်လည်း သင့်ကိုငါမမေ့လျော့။ (ဟေရှာ ၄၉း၁၅)။ အကြောင်း မညီညွတ် ယနေ့လူသားများသည် ဘုရားသခင်ကို တလွှဲထင်ယောင် ထင်မှားမြင်၏။ သနားကြင်နာမှုကင်းမဲ့ကာ ရက်စက်စွာတရားမဲ့ပြုတတ် သောမင်းအဖြစ်လည်းကောင်း၊ ရှုတ်ချအပြစ်ပေးခြင်းအမှုကို နှစ်သက် သောတရားသူကြီးအဖြစ်လည်းကောင်း၊ မိမိ၏အမျက်ဒေါသကို ပြေစေ လိုသည့် ကြမ်းတမ်းသော မင်းအဖြစ်လည်းကောင်း သူ့ကိုမြင်ကြ၏။ တချို့သောသူတို့သည် ကလောင်ကိုကိုင်ပြီး လူများ၏ အပြစ်များကို ရေးသားကာ ငရဲသို့ပို့ဆောင်သောမုတ်ဆိတ်နှင့် အဘိုးကြီးဟုမြင်၏။ ထိုနောက် သတ္တဝါများကို မီးဖိုထဲတွင် ဟိုဖက်ဒီဖက်လှန်ကာ မီးမြိုက်ပြီး မသေတသေအနေအထားဖြင့် ထာဝရသေခြင်းနှင့် ထာဝရရှင်ခြင်းကို

တစ်ဆက်တည်းပေးခံစေသောသူဟု မြင်၏။

သို့သော် သမ္မာကျမ်းစာထဲတွင် ဤကဲ့သို့ ဖေါ်ပြထားခြင်းမရှိပါ။ သမ္မာကျမ်းစာတော်သည် အဖဘုရားသခင်ကို မေတ္တာတော်ရှင် ဘုရား သခင်ဟု ဖေါ်ပြထားသည်။ “ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကို မသိ၊ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော် မူ၏။” (၁ယော ၄း၈)။ မောရှေသည် ဘုရားသခင်၏ တန်ခိုးတော်ကို မြင်လိုကြောင်း တောင်းလျှောက်သော် ဘုရားသခင်သည် မိမိတန်ခိုးကို ထင်ရှားပြသခြင်းမပြုချေ။ ထိုသို့ပြုမည့်အစား သူ၏စရိုက်ကို ဖေါ်ပြခဲ့ သည်။” ထာဝရဘုရားသခင်သည် ချစ်သနားခြင်း ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထ သော” ဟု ဖေါ်ပြသည်။ (ထွက် ၃၄း၆)။ ယောနသည် နိနေဝေမြို့ကို ဘုရားသခင်ဖျက်ဆီးတော်မမူသဖြင့် သူသည် ဤကဲ့သို့ဝန်ခံခဲ့၏။ “ကိုယ် တော်သည် သနားစုံမက်တတ်သော ဘုရားသခင်ဖြစ်၍ စိတ်ရှည်သော သဘော၊ ကျေးဇူးပြုချင်သောသဘော၊ အပြစ်ဒဏ်ပေးမည့် အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏” (ယောန ၄း၂)။

ဘုရားသခင်၏အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာကို ကရာနီ ကုန်းပေါ်တွင် သက်သေအဖြစ်တွေ့ ရှိနိုင်သည်။ “ဘုရားသခင်သားတော် ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သား တော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” (ယော ၃း၁၆)။ “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်း မေတ္တာထက် သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။” (ယော ၁၅း၁၃)။ “ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ်တော်မူသည်

ကို ကြည့်ရှုဆင်ခြင်လော့။” (၁ယော ၃း၁)။

ကန့်သတ်မှုများ

“စံပြ” မိဘများအနေဖြင့် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာကို သာ ပြသသည်မဟုတ် ကန့်သတ်မှုများနှင့် စည်းမျဉ်းများလည်းချပေး၏။ သူ၏ ကလေးများအား ၎င်းတို့ကြိုက်နှစ်သက်သလိုပြုရန် အားပေးခြင်း မပြု၊ အကျင့်စရိုက်၏ နယ်နိမိတ်စည်းမျဉ်းအကန့်အသတ်ကိုလည်း ပေး ၏။ သူသည် ကျွန်ုပ်တို့အား လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးသော်လည်း အသက်တာတွင် နေထိုင်ရန် လမ်းညွှန်မှုများကိုလည်းပေး၏။

ထိုအတွက်ကြောင့် သူသည် ကျွန်ုပ်တို့ကိုပညတ်တော်ဆယ်ပါး ကို ပေးတော်မူခဲ့သည်။ ဤအရာသည် ကျန်းမာရေးစည်းမျဉ်းဥပဒေများ ၏ ရည်ရွယ်ချက်ဖြစ်သည်။ စားသောက်နေထိုင်ခြင်း၊ ဝတ်စားဆင်ယင် ခြင်း၊ အပန်းဖြေခြင်းစသည်တို့အတွက် မည်ကဲ့သို့ ပြုကျင့်ရမည်ကိုလည်း ဥပဒေစုပေါင်းပြသထား၏။ ‘စံပြ’ ကျင့်ဝတ်တရားကို ပေးသည့်ရည်ရွယ် ချက်လည်းဖြစ်၏။ ဘုရားသခင်၏စည်းမျဉ်းဥပဒေသများသည် ကျွန်ုပ်တို့ ကိုအဟန့်အတားဖြစ်စေရန် ရည်ရွယ်သည်မဟုတ်၊ ကျွန်ုပ်တို့ နာကျင်မှု မဖြစ်စေရန်အတွက် ကူညီပေးခြင်းသာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ် တို့အား မုန်းခြင်းကြောင့်မဟုတ်၊ ကျွန်ုပ်တို့ကိုချစ်သည့်အတွက်ဖြစ်၏။ သူ၏ကန့်သတ်မှုများသည် သူ၏ချစ်ခြင်း၏ရလဒ်များဖြစ်၏။

ဘုရားသခင်သည် ကျွန်ုပ်တို့အားစံနမူနာမိခင်၊ ဖခင်များပုံစံကို ပေးထားသည်သာမက ထိုသို့သောပုံစံအတိုင်းဖြစ်စေရန် ခွန်အားလည်း ပေးခဲ့သည်။ သူ၏ပြည့်စုံသောပုံစံအတိုင်း တပြေးညီ မလုပ်နိုင်သည့်တိုင် အားကျမခံတူညီအောင် ကြိုးစားလုပ်ဆောင်ရမည်ဖြစ်၏။ အကယ်၍ ကျွန်ုပ်တို့သည် တစ်နေ့ပြီးတစ်နေ့သူ၏ခြေတော်ရင်း၌ထိုင်ကာ လေ့လာ ခြင်း၊ နားထောင်ခြင်း၊ သူ့ထံမှသင်ယူခြင်းများပြုလုပ်ပါက တစ်လှမ်းချင်း သူနှင့်တူအောင်ပြုလုပ်ပေးမည်သာဖြစ်၏။ ပေါလုဤကဲ့သို့ဆို၏။ “ငါတို့ ရှိသမျှသည် မျက်နှာဖုံးကို ဖွင့်လျက် မှန်ကိုကြည့်သကဲ့သို့ သခင်ဘုရား၏ ကျက်သရေတော်ကိုကြည့်မြင်၍ဝိညာဉ်တော်တရား၏အရှင်သည် ရောင် ခြည်တော်ကိုလွှတ်တော်မူသည်အတိုင်း ငါတို့သည် ကျက်သရေတိုးပွား၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိရကြ၏” ဟုဆိုသည်။ (၂ကော ၃း၁၈)။

တန်ခိုးတော်သည် အသုံးပြုရန်အတွက် ရရှိနိုင်သည်။ မည်သို့ သော အခြေအနေမျိုး၌ ကျွန်ုပ်တို့ကျရောက်နေသည်ဖြစ်စေ၊ လောက မိဘများသည် ကောင်းကင်ဘုံ၌ရှိသော မိဘတို့၏ပုံပမာအတိုင်း လိုက် လျှောက်ရန်အတွက် ဘုရားသခင်၏ တန်ခိုးကို အသုံးပြုရန် ရရှိနိုင်ပါ သည်။ အခြေအနေသုံးမျိုးကို လေ့လာကြည့်ကြပါစို့၊ ထိုအခြေအနေ သုံးမျိုးလုံးသည် လေးနက်သော ကန့်သတ်ချက်များဖြင့် ချုပ်နှောင်ခြင်း ခံရသော်လည်း အောင်မြင်သောမိဘများဖြစ်ရန် ဘုရားသခင်ထံမှ တန်ခိုး ကိုရရှိထားပါသည်။



ကျေးကျွန်မိဘ

အာမရုံနှင့်ယောခေဗတ်သည် အဲဂုတ္တုပြည်၌ ကျေးကျွန်အဖြစ် ကျပ်တည်းစွာနှိပ်စက်ညှဉ်းဆဲခြင်းခံရသည့် ဣသရေလအမျိုးကျေးကျွန် မိဘနှစ်ပါးဖြစ်သည်။ ထိုထက်မက သူတို့၏ မွေးကင်းစသားငယ်သည် သေဒဏ်အမိန့်အောက်တွင် ရောက်ရှိနေသည်။ အဲဂုတ္တုဘုရင်သည် ဣသ ရေလအမျိုး ယောက်ျားမွေးဖွားသော် သေစေဟူ၍ ရေးသားရန် အမိန့် ဆင့်ဆိုထုတ်ပြန်ထားရှိသည်။ ရဲစွမ်းသတ္တိနှင့် ပြည့်ဝသည့်ဤမိဘနှစ်ပါး သည် ထိုအမိန့်ကို ဖီဆန်ကာ ကလေးငယ်ကို အိမ်တွင် (၃) လတိုင် ထား ရှိခဲ့သည်။ ထိုသူငယ်ကို ဝှက်၍မထားနိုင်သောအခါ ဂမာကိုင်းပင်ဖြင့် ပုခက်ကိုယက်၊ သစ်စေးဖြင့်လူး၊ အချစ်ဖြင့် အနားသတ်လိုက်လေပြီး နောက် ဤလောကမိဘနှစ်ပါးတို့သည် ဆုတောင်းခြင်းဖြင့် ကလေး သူငယ်ကို ကောင်းကင်မိဘများထံသို့ အပ်နှံကာ အဖိုးထိုက်သောဝန်ကို ဆောင်သည့် လှေငယ်ကလေးကို မြစ်ကမ်းနားကိုင်းတောထဲတွင်ထားပြီး ၎င်းတို့၏သမီးမေရီအံအား စောင့်ကြည့်ရန် ထားခဲ့လေ၏။ ဘုရားသခင် ၏ ကြည့်ရှုစီမံသောအားဖြင့် ဖါရောဘုရင်သမီးတော်သည် ကလေးကို ကယ်ဆယ်၍ မေရီအံ၏အကြံပေးချက်ဖြင့် မိမိ၏ မိခင်လက်သို့ ကြည့်ရှု ပြုစုရန် ကလေးကိုအပ်နှံသဖြင့် ကလေး၏အစောပိုင်း အသက်တာကို မိခင်ကိုယ်တိုင်စောင့်ရှောက်ခွင့်ရလေ၏။

အာမရံနှင့်ယောခေဗတ်သည် ၎င်းတို့ ကလေးမကြာမီ မိမိတို့ လက်လှမ်းမမီသည့် အဲဂုတ္တုနန်းတော်အတွင်းသို့ အစဉ်အမြဲယူဆောင် သွားခြင်းခံရမည်ကို သိရှိသဖြင့် ကြည်ညိုတရားနှင့်စိတ်ထက်သန်လျက် မိဘနှစ်ပါးသည် ကြိုးစားအားထုတ်၍ လုံ့လစိုက်ကာ အလုပ်လုပ်လေ တော့သည်။ အချိန်တိုင်း တဖြည်းဖြည်းသူငယ်၏ စိတ်နှလုံးထဲသို့ ဘုရား သခင်၏ ချစ်ခြင်းနှင့် နှုတ်ထွက်စကားတော်တို့ကို ဖြည့်ဆည်းပေး၏။ တစ်နာရီပြီးတစ်နာရီ၌လည်း ဆုတောင်းရန်သွန်သင်ပြီး ဆုတောင်းခြင်း ဖြင့် သူငယ်၏ ဝိညာဉ်ရေးကို မြှင့်တင်ပေး၏။ သူ၏စိတ်ပေါ်တွင် ၎င်း၏ ဝတ္တရားနှင့်ဘုရားသခင်၏ ကြိုတင်စီမံခန့်ခွဲထားသော ကံကြမ္မာကို သိရှိ စေရန် တစ်ရက်ပြီးတစ်ရက် မှတ်ကျောက်တင်ပေးလေ၏။ ထိုနောက် ကျေးကျွန်များနေသောတဲမှ ဘုရင်မင်းမြတ်၏ နန်းတော်သို့ ပြောင်းရွှေ့ ရသောနေ့ ရောက်လာလေ၏။ “မောရှေသည်လည်း အဲဂုတ္တုအတတ် ပညာ အလုံးစုံတို့ကို သင်၍ နှုတ်သတ္တိ၊ လက်သတ္တိရှိ၏။” (တမန် ၇း၂၁)။ အနာဂတ်တွင် သူသည် ဖါရောဘုရင်ဖြစ်မည့်သူဖြစ်သည့်အလျောက် ထိုခေတ်ကာလအချိန်၌ ယဉ်ကျေးတိုးတက်မှုအမြင့်မားဆုံးနိုင်ငံ၏ သိပ္ပံ အတတ်၊ အနုစာပေယဉ်ကျေးမှုနှင့်ဘာသာရေးများကို သင်ကြားလေ့လာ ရ၏။ ဘုရင်မင်းမြတ်အမွေကို ဆက်ခံမည့်သူသည် ၎င်းခေတ်အင်အား ကြီးနိုင်ငံက ကျင့်သုံးသည့်အစိုးရအုပ်ချုပ်ရေးစည်းမျဉ်းများ၊ တရားဥပဒေ များ၊ စစ်သေနင်္ဂဗျူဟာ အတတ်ပညာများကို လေ့လာဆည်းပူးရ၏။

သို့သော် အံ့သြဖွယ်ရာအကောင်းဆုံးမှာ ဤအရာတစ်ခုမျှ သူစိတ် ဝင်စားမှုမရှိချေ။ မိဘများပြုစုပျိုးထောင်ခဲ့သော ငယ်ရွယ်စဉ်ကာလက ၎င်း၏ စိတ်ပေါ်သို့ တံဆိပ်ခတ်ထားသောအရာများသည် အချိန်ကာလ နှင့် အင်ပါယာကြီး၏ တောက်ပသောအရောင်တို့ကို ကြံ့ကြံ့ခံနိုင်၏။ ကောင်းကင်၌ရှိသော ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းကို မြေကြီးပေါ်ရှိ အဘယ်သို့သောတန်ခိုးမှလှုပ်ခါ၍မရပါ။ သူ၌အမြင်အာရုံရှိသော ကောင်း ကင်၏ ဘုန်းအသရေကို အဘယ်သို့သော လောကစည်းစိမ်နှင့် ကျော် စောမှုမျိုးမှ သေးသိမ်မှေးမှိန်အောင် သွေးဆောင်ပြုလုပ်နိုင်မည်မဟုတ် သော အဲဂုတ္တုပြည်၏နန်းစည်းစိမ်နှင့် ဣသရေလလူမျိုးတို့အား ဦးဆောင် ဖို့ရွေးချယ်မှုပြုရန် ဆုံးဖြတ်သည့်အချိန်နှင့် ရင်ဆိုင်ရသောအခါ မပျက်စီး နိုင်သောရွေးချယ်မှုကိုပြုခဲ့၏။ “မောရှေသည်−−− ဘုရားသခင်၏ လူတို့ နှင့်အတူ ညှဉ်းဆဲခြင်းကိုသာ၍ အလိုရှိသဖြင့်လည်းကောင်း၊ အဲဂုတ္တုပြည် ၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍ မြတ် သောစည်းစိမ်ဖြစ်သည်” ဟုစိတ်ထင်ခဲ့သည်။ (ဟေဗြဲ ၁၁း၂၅၊၂၆)။

ဣသရေလလူမျိုးတို့အား ဦးဆောင်ခဲ့ရာ၌ မောရှေသည် သမိုင်း လမ်းကျောင်းကို ပုံဖေါ်လိုက်သည်။ ခေတ်အဆက်ဆက်တွင် သူသည် အမြဲ ထာဝရရှင်သန်ကျော်စောလျက်ရှိ၏။ သူသည် ကယ်နုတ်သူအဖြစ် သော်လည်းကောင်း၊ ဥပဒေပညာရှင်အဖြစ်သော်လည်းကောင်း၊ နိုင်ငံရေး သမား၊ သမိုင်းပညာရှင်၊ ကဗျာဆရာ၊ တွေးခေါ်ပညာရှင်၊ ပုရောဖက်၊ ဝိညာဉ်ရေး ခေါင်းဆောင်စသည်တို့တွင် သူသည် ကြီးမားစွာ ထင်ပေါ် ကျော်ကြား၏။ သူကွယ်လွန်သေဆုံးပြီးနောက် (တရား ၃၄း၅၊၆) ပြန်လည်ထမြောက်ပြီး (ယု ၉)။ ပြောင်းလဲခြင်းသို့ရောက်ခဲ့သည်။ နှစ်ရာ ပေါင်းများစွာ ကုန်လွန်ခဲ့သည့်အခါ တန်ခိုးတော်ထွန်းတောက်သည့် တောင်ပေါ်၌ ယေရှုရှင်အားနှစ်သိမ့်ခဲ့သည်။ ထိုနောက် ခေတ်ကာလ အဆက်ဆက်မှ ကယ်တင်ခြင်းခံရသူများ ဘုန်းရောင်ခြည်နှင့် ပြည့်စုံ သောမြို့တော်၌ အောင်မြင်ခြင်းသီချင်းကို သံစုံအတူတကွ ထောမနာ ပြုသည့်အခါ သူ၏နာမည်သီချင်းကို ဆိုကြမည်ဖြစ်၏ “ထိုသူတို့သည် မောရှေ၏သီချင်းနှင့် သိုးသငယ်၏ သီချင်းကို သီဆို၍” (ဗျာ ၁၅း၃) ဟု ဖေါ်ပြထား၏။ မိဘ၏တန်ခိုးသည် ကန့်သတ်တိုင်းထွာ၍ ရပါ၏လော၊ သို့တည်းမဟုတ် အတိုင်းထက်အလွန်ကန့်သတ်ခြင်းမရှိပါ၏လော့။



မိဘတာဝန်ကိုတစ်ဦးတည်းဆောင်ရွက်ခြင်း

ယနေ့မိစုံဖစုံမရှိဘဲ မိဘတာဝန်ကိုမိခင်(သို့မဟုတ်) ဖခင်တစ်ဦး တည်းမှဆောင်ရွက်စိန်ခေါ်မှုများကို လူအတော်များများ ရင်ဆိုင်လုံးပန်း နေရကြ၏။ တစ်ဦးတည်းသောမိဘဖြင့် ကလေးများပြုစုပျိုးထောင်ခြင်း အတွက် ခွန်အားရရှိနိုင်မည်လား။ ဘုရားသခင်သည် တစ်ဦးတည်းသော မိဘ၏လိုအပ်ချက်များကို အာရုံထိတွေ့၍ စောင်မတော်မူမည်လော့။ တစ်ခါတစ်ရံ သူတို့သည် လူ့ဘောင်အဖွဲ့အစည်းမှ ဝိုင်းပယ်ခြင်းကိုခံခဲ့ရာ တစ်ဦးတည်း မိဘသည် ဘုရားသခင်၏အထင်မြင်သေးခြင်း (သို့မဟုတ်) စိတ်ပူပန်ခြင်းကို ဖြစ်စေပါသလား။

ပုရောဖက်ဧလိရှဲခေတ်အချိန်၌ တစ်ဦးတည်းမိဘဖြစ်သည့် မုဆိုး မတစ်ဦးသည် ပုရောဖက်အထံတော်သို့ ချဉ်းကပ်လျက် မိမိ၏စိတ်တွင် ရှိသည့် အတိဒုက္ခများကို ပြောပြ၏။ ၎င်းမှာသားယောက်ျားနှစ်ဦးရှိရာ ဖခင်မှာကွယ်လွန်ခဲ့ပြီးဖြစ်၏။ သူမခံစားရသည့် စိတ်ဒုက္ခများအပြင် အရေးကြီးသောငွေကြေးပြဿနာများနှင့် ရင်ဆိုင်နေရ၏။ သူမ၏ကြွေး ရှင်များသည် ငွေချက်ချင်းပေးချေရန် တောင်းဆိုနေပြီ၊ ပေးဆပ်နိုင်ခြင်း မရှိပါက သူမ၏သားနှစ်ဦးကို ယူမည်ဖြစ်ပြီး ကျွန်အဖြစ် ပြုလုပ်မည်ဟု ခြိမ်းခြောက်လေ၏။

ဧလိရှဲမှသူမအား မိမိပိုင်ဆိုင်သည့်ဥစ္စာများကို ဖေါ်ပြရန်ပြော သည့်အခါ “ကိုယ်တော်၊ ကျွန်မအိမ်၌ ဆီအိုးတစ်လုံးမှတစ်ပါး အဘယ် အရာမျှမရှိပါ” ဟုပြန်ပြော၏။ (၄ရာ ၄း၂)။ ပုရောဖက်ကလည်း ဘုရား သခင်သည် သူမ၏ကလေးများအပေါ် ပြုစုစောင့်ရှောက်မှုကို သိတော်မူ သဖြင့် စိတ်ပူပန်တော်မူကြောင်းနှင့် သူမအား ကူညီမည်ဖြစ်ကြောင်း ပြောပြ၏။ သို့သော် သူမသည် ယုံကြည်ခြင်းရှိရမည်။ ယုံကြည်ခြင်းကို အလုပ်အဖြစ် ပြရမည်ဟုဆို၏။ သူမသည် အိမ်နီးချင်းများထံမှ အိုး အလွတ်များကို ငှားယူရန်ဖြစ်သည်။ များစွာသောအိုးလွတ်များကို ငှားယူ ပြီးနောက် သားတို့ကို ခေါ်၍ တံခါးကိုပိတ်ပြီးမှ ငှားယူသောအိုးထဲသို့ ဆီအပြည့်လောင်းထည့်ရန် မှာကြားလိုက်လေ၏။

ကောင်းကင်၌ရှိသောမိဘသည် သူမ၏လောကမိဘအခန်းကဏ္ဍ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် ခွန်အားပေးမည်ကို ယုံကြည်၍ သားအမိတို့သည် အိမ်နီးချင်း၌ရှိသောအိုးလွတ်များကို ငှားရမ်းကာ ဆီ များ အပြည့်လောင်းထည့်လျက်ရှိ၏။ ထိုနောက် သူတို့၏မျက်စိရှေ့တွင် ဘုရားသခင်သည် နိမိတ်လက္ခဏာပြုလုပ်နေသည်ကို မျက်ဝါးထင်ထင် မြင်နေရ၏။ ဆီများသည် တိုးပွားလျက်ရှိ၏။ အိုးလွတ်ရှိသမျှကို တန်ဖိုး ရှိသောအရည်ဖြင့် ဖြည့်ထည့်ပြီးလေပြီ။ ထိုနောက် သူမ၏ သားတို့ကို နောက်ထပ် အိုးလွတ်များ ယူဆောင်လာရန်ပြော၏။ သားများကလည်း “အိုးလပ်မရှိပါ” ဟုပြန်ဆိုလေ၏။ ထိုသို့ပြောပြီးနောက် “ဆီသည်တန့် လျက်နေ၏” (၄ရာ ၄း၆)။ သူမသည် ပီတိဖြစ်ကာ ပုရောဖက်ထံတော်သို့ ပြန်လာခဲ့၏။ ပုရောဖက်ကလည်း “ဆီကိုသွား၍ရောင်းပြီးလျှင် ကြွေးကို ဆပ်လော့၊ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့်သားတို့သည် အသက်မွေး ကြလော့ဟုဆို၏။” (ငယ် ၇)။

မြင်ကွင်းကိုစဉ်းစားကြည့်ပါ။ မိခင်နှင့်သားများတစ်ဦးနှင့်တစ်ဦး ဖက်ရမ်းကာ ဝမ်းမြောက်သည့်မျက်ရည်များယိုစီးလျက် ကျေးဇူးတရား ၏ ပြုံးပန်းများလည်းပွင့်ပြီးနေ၏။ ကောင်းကင်ရှိ မိဘအား ၎င်းတို့၏ အသက်တာကို ပြန်လည်အပ်နှံပြီး ဂရုဏာနှင့်ပြည့်စုံသောထောက်ပံ့ရှင်၊ ကျွေးမွေးရှင်အား သစ္စာတရားကတိပြန်လည်ပြုကြ၏။

ဤအချက်သည် သြဇာသတ္တိရှိသည်။ တစ်ဦးတည်းမိဘများသည် ဘုရားသခင်၏ စိတ်ပူပန်ခြင်းနှင့် စောင်မခြင်းကို ခံစားရ၏။ ၎င်းတို့၏ တာဝန်ကို ဂုဏ်သိက္ခာရှိစွာဖြင့် ဆောင်ရွက်နိုင်ရန် ကာယ၊ စိတ်ဓါတ်နှင့် ငွေကြေးခွန်အားများကိုလည်း ပေးရန်ဆန္ဒရှိ၏။ မည်သို့သောလိုအင်ဆန္ဒ မျိုးရှိပါစေ ရုပ်ဝတ္ထု၊ သည်းခံခြင်း၊ ဉာဏ်ပညာ၊ ခွန်အားစသည်တို့ အားလုံးကို ကတိတော်ရှိသည်အတိုင်း တောင်းခံနိုင်၏။ “ငါ၏ဘုရား သခင်သည် တန်ခိုးတော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလိုရှိသမျှတို့ကိုယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။” (ဖိလိပ္ပိ ၄း၁၉)။

မိထွေးဖထွေး

မိဘတို့၏ဝတ်ကို ဆောင်ရွက်ရန် စိန်ခေါ်မှုအကြီးဆုံးသည် မာရိ နှင့်ယောသတို့တွင် ကျရောက်ခြင်းပင်ဖြစ်၏။ သူမသည် ထိမ်းမြားခြင်း မပြုမီ ကိုယ်ဝန်ဆောင်သဖြင့် မတရားသောမေထုန်မှီဝဲသည်ဟု စွပ်စွဲခြင်း ခံရသည်။ ယောသပင်လျှင် သူမ၏ရှင်းလင်းချက်ကို မယုံသဖြင့် စေ့စပ်မှု ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။ ထိုနောက် ကောင်းကင်တမန်သည် မာရိ၏ ကိုယ်ဝန်ဆောင်ခြင်းအမှုသည် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဖြစ်သည်ကို ၎င်းအား ဖေါ်ပြခဲ့သည်။ ယောသသည် သူ၏ကလေးမဟုတ်၊ သူ၏ဖခင် ဖြစ်လာခဲ့၏။

ယောသနှင့်မာရိသည် ဤအချက်ကိုလက်ခံသော်လည်း အခြား သောသူတို့သည် လက်ခံခြင်းမရှိပါ။ ခရစ်တော်၏ အမှုတော်ဆောင်တစ် လျှောက်လုံး ဤအသရေပျက်မှုသည် ကျန်ရှိနေ၏။ ဤအချက်ကိုဖါရိရှဲ များဒေါသအမျက်ထွက်ကာ ပြန်လည်ပြောကြားရာ၌ သက်သေပြသည်။ “ငါတို့သည် မျောက်မထားသောအမျိုးမဟုတ်” (ယော ၈း၄၁)။ သို့သော် ဘုရားသခင်သည် ဤမိဘနှစ်ပါးကို အသရေယုတ်ဖွယ် အတင်းအဖျင်း စကား၏ ရိုက်နှက်မှုကို ခံရနိုင်ရန် ခွန်အားပေးခဲ့သည်။

ခရစ်တော်ဝင်ရောက်နေထိုင်သောအိမ်ထောင်သည် မိဘများကို အများဆုံးစိန်ခေါ်မှုပြုမည်ဖြစ်၏။ ယောသသည် သားလေးယောက်၊ သမီးအနည်းဆုံး (၂) ယောက်၏ ဖခင်မုဆိုးဖိုဖြစ်ပြီး အသက်ပိုကြီးသူဖြစ် ၏။ (မဿဲ ၁၃:၅၅၊၅၆)။ မာရိသည် အသက်ငယ်ရွယ်စဉ် ရုတ်တရက်ဆို သလို မိထွေးဖြစ်ကာ ဤအထူးသားယောက်ျားလေးကိုရရှိခဲ့၏။

ကလေးသူငယ်အချင်းချင်းပြိုင်ဆိုင်မှုများ အိမ်တွင်ရှိ၏။ မနာလို မှုများရှိ၏။ ဘက်လိုက်မှုများရှိ၏။ သနားကြင်နာမှုကင်းမဲ့ခြင်းရှိ၏။ ယောသ၏သားများသည် ယေရှုနှင့်မာရ်အား အသက်အရွယ်ကြီးရင့်သည့် တိုင် ရန်ဘက်ပြုသည့်အတွက် ကရာနီကုန်း၌ ခရစ်တော်သည် မိမိ၏ မိခင်ကို သူတို့လက်တွင်မအပ်ဘဲ ပြင်ပသူတစ်ဦးဖြစ်သည့်တပည့်တော် ယောဟန်အား အပ်နှံခဲ့သည်။ ဤကဲ့သို့သော စိန်ခေါ်မှုများကြားကပင် လျှင် ဤမိဘနှစ်ပါးအား မိဘဝတ်ကိုပြုနိုင်စွမ်းရှိရန် ခွန်အားကိုပေးခဲ့၏။



နာကျင်မှု

သူတို့နှင့်လမ်းခွဲပျောက်ဆုံးသွားသည့် (၃) ရက်၌ မဖေါ်ပြနိုင် သည့် အလွန်တရာစိုးရိမ်စိတ်ပူပန်ဆင်းရဲခြင်းခံခဲ့ရသည့်နေ့ကို မမေ့နိုင် ပါ။ သူ့ကို လိုက်လံရှာဖွေစဉ် ဆုတောင်းခြင်း၊ မျက်ရည်ကျခြင်း၊ ကြောက် ရွံ့စိုးရိမ်ခြင်းတို့ကိုလည်း အမြဲပြန်လည်သတိရမိစေ၏။ ဤအတွေ့အကြုံ သည် သူတို့၏ အသိစိတ်ပေါ်တွင် မပယ်မပျောက်နိုင်သကဲ့သို့ ကျွန်ုပ်တို့ အသိစိတ်ပေါ်တွင်လည်း ထွင်းမှတ်ထားရမည့်အချက်ဖြစ်၏။ ဤအချက် သည် မိမိ၏ သားသမီးများကို မိဘများသည် ယခုအချိန်နှင့် ထာဝရအချိန် ကာလ၌ ပျောက်ဆုံးခြင်းမရှိရန် ကာကွယ်ဖို့လေးနက်သောတာဝန်ရှိခြင်း

ပင်ဖြစ်၏။

ထိုနောက် ကပ်တိုင်၊ မာရိသည် ယခုမုဆိုးမဖြစ်ပြီး အပြစ်ကင်းမဲ့ သည့်သားအား ကပ်တိုင်တွင် တွဲလဲချိတ်ဆွဲထားသည်ကို ရပ်လျက်ကြည့် နေ၏။ သူ၏လက်များကို သူမကြည့်သည်။ ငယ်ရွယ်စဉ်အချိန်က ထို လက်များကိုနမ်းရှုပ်ခဲ့သည်။ ယခုမှာမူ သံဖြင့်ရိုက်နှက်ကာ အသားများ စုတ်ပြတ်လျက်ရှိ၏။ သူသည် အလွန်တရာစိတ်ဒုက္ခရောက်ကာ ဝမ်း နည်းကြေကွဲလျက်ရှိ၏။ သူ၏ခြေများကိုသူမကြည့်၏။ သူ၏ တော့တီး တော့စာပထမခြေလှမ်များကို စိတ်လှုပ်ရှားစွာဖြင့် ကိုင်ပေးနေသည်ကို ပြန်လည်သတိရ၏။ ယခု ဤခြေများသည် ရက်စက်သည့်သံများ၏ ရိုက်ခတ်သည့်နာကျင်မှုကို ခံနေရပြီ။ သူမ၏နှလုံးသားကို စူးရှစွာထိုး ဖေါက်ခြင်းခံစားရ၏။ သူ၏ဦးခေါင်းကို သူမကြည့်၏။ ငယ်ရွယ်စဉ် ကလေးငယ်အဖြစ် သူမ၏ရင်ခွင်ဝယ် ပိုက်ဖက်ကာ တယုတယပွတ်သပ် သည်ကို ပြန်လည်သတိရသည်။ ယခုထိုဦးခေါင်းသည် ဆူးများဖြင့် ရက်စက်စွာစူးရှလျက်ရှိ၏။ သူမ၏စိတ်နှလုံးကို ခွဲပစ်လျက်ရှိ၏။

မဖေါ်ပြနိုင်သောဝမ်းနည်းခြင်းဖြင့် ခေါင်းငုံ့လျက်ရှိစဉ် သူမ၏ ညှိုးငယ်သောစိတ်သည် ငိုလျက်ရှိ၏။ ထိုနောက် သူမသည် သူငယ်ယေရှု ကို ဗိမာန်တော်၌ ပညတ်တရားထုံးတမ်းအတိုင်း အပ်နှံသည့်အခါ ရှုမောင် ၏ စကားကိုပြန်လည်သတိရ၏။ “ထိုမှတစ်ပါး သန်လျက်သည် သင်၏ စိတ်နှလုံးကိုခွင်းလိမ့်မည်ဟု မြွက်ဆို၏။” (ယော ၂း၃၅)။ ထိုနောက် သူမသည် ယောဟန်၏ စကားကိုကြား၏။ “သင်၏အမိကိုကြည့်လော့” ထိုနောက် သူမ အားပြောသည်မှာ “သင်၏သားကိုကြည့်ပါ” (ယောဟန် ၁၉း၂၆၊၂၇) အဘယ်သို့သောမိခင်၏မေတ္တာတည်း၊ အဘယ်သို့သောသား ၏မေတ္တာတည်း။



အမြင့်မြတ်ဆုံးသောဝမ်းမြောက်ခြင်း

သို့သော် ထမြောက်ခြင်း၏တန်ခိုးသည် အလွန်အံ့သြဖွယ်ဖြစ်၏။

မာရိသည် ဟာလာဟင်းလင်းဖြစ်နေသော သင်္ချိုင်းဂူကို တွေ့မြင်သည့် အခါ သူမသည် ဝမ်းမြောက်ခြင်းဖြင့်ရှိနေ၏။ ရှင်ပြန်ထမြောက်သော သခင်ကို သူမမြင်သော် စိတ်တက်ကြွမှုဖြင့် အရောက်တောက်ပလျက် ရှိ၏။ သူသည် ကောင်းကင်သို့ ကြွမြန်းတော်မူသည့်အခါ သူမသည် ယုံကြည်သူများနှင့်အတူတကွ ဆုတောင်းလျက်ရှိနေ၏။ (တမန် ၁း၁၄)။ ထိုနောက် ဝိညာဉ်တော်ဆင်းသက်သည့်အခါ “ထိုသူအသီးသီးတို့အပေါ်၌ တည်နေကြ၏။” (တမန် ၂း၃)။

ဝမ်းမြောက်ဖွယ်ကောင်းသောနေ့ရှိဦးမည်။ ထိုနေ့သည် သူပြန် လည်ပေါ်ထွန်းလာသောနေ့ဖြစ်၏။ မာရိသည် သင်္ချိုင်းမှ ပြန်လည်ထ မြောက်လာပြီး မိမိ၏ ကယ်တင်ရှင်သားတော်ကို တန်ခိုးနှင့်မိုးတိမ်ပေါ် တွင် ထိုင်နေသည်ကို မြင်သောအခါ ဘဝင်တုန်ရင်ခုန်လျက် မဖေါ်ပြနိုင် သောပီတိသည် သူ၏စိတ်ကို ရွှင်မြူးစေမည်ဖြစ်၏၏။ ထိုနောက် ယောသသည် သင်္ချိုင်းမှထမြောက်ပြီး သူ့ “ဖခင်” အမှုကို ပြုလုပ်ခဲ့ရသော သူငယ်၊ ယခုသူ “ထာဝရအဘ” (ဟေရှာ ၉း၆) နှင့်ထာဝရကယ်တင်ရှင်ကို မြင်သောအခါ သူ၏ဝမ်းမြောက်ခြင်းသည် အဆုံးမရှိတော့ပြီ။

ထိုအရာသည် မိဘတိုင်း၏ အမြင့်မြတ်ဆုံးသောဝမ်းမြောက်ခြင်း ဖြစ်မည်မဟုတ်ပါ၏လော့၊ နောက်ဆုံး၌ ဖန်ရေကန်တွင် မိမိတို့၏ သား သမီးများနှင့်အတူ ရပ်ကာ ကယ်တင်ရှင်သားတော်၏ ထောက်ခံသည့် ပြုံးရွှင်မျက်နှာတော်ကို ဖူးမြင်၍ သဘောတူသည်။ သိမ်မွေ့သောအသံ “သာဓုသစ္စာရှိသောငယ်သားကောင်း” (မဿဲ ၂၅း၂၁) ကိုကြားရသည့် အခါ ကျွန်ုပ်တို့၏ မြင့်မြတ်ဆုံးသော ဝမ်းမြောက်ခြင်းမဖြစ်ပါ၏လော။ မဖေါ်ပြနိုင်သောဝမ်းမြောက်ခြင်း၊ မဖြစ်ပါ၏လော့။ မဖေါ်ပြနိုင်သော ဝမ်းမြောက်ခြင်း၊ မဖေါ်ပြနိုင်သော ထာဝရရွှင်လန်းခြင်းပါတကား။

No comments:

Post a Comment