- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၂၅) သာယာချမ်းမြေ့အိမ်၊ ကျွန်ုပ်ပြန်လာပြီ
ဆယ်ကျော်သက်များသည် မိမိတို့၏ အိမ်ကို “ပျော်ရွှင်နှစ်သက် ဖွယ်ကောင်းသည်ဟု သိမြင်နိုင်ခြင်းမရှိသည့်အတွက် နှစ်စဉ်ထောင် ပေါင်းများစွာ အိမ်မှထွက်ပြေးကြ၏။ မိဘများနှင့် မကြာခဏထိပ်တိုက် ပဋိပက္ခဖြစ်မှုကြောင့် လွတ်ရာကျွတ်ရာသို့ထွက်ရန် ရွေးချယ်ရခြင်း ဖြစ် ၏။ အချို့သောလူပျို အပျိုပေါက်စများသည် အိမ်တွင်ကျန်ရစ်ကာ ရင် ဆိုင်တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။ သူတို့သည် အာဏာရှိသူတို့ကို စိန်ခေါ်သည်၊ တန်ဖိုးများကို မေးခွန်းထုတ်သည်၊ စည်းကမ်းများကိုဖီဆန် သည်။
ကြိုဆိုပါ၏
အဘယ်ကြောင့် ဤလွန်ဆွဲပွဲသည် အစဉ်သဖြင့် ဖြစ်ရသနည်း။ ဤသို့ဖြစ်ရသည့်အကြောင်းအရင်းတစ်ခုကား သီးခြားထင်မြင်မှတ်ယူမှု ဖြစ်သည်။ ဆယ်ကျော်သက်သည် “ကျွန်တော်က ကလေးမဟုတ်တော့ ဘူး။ လူကြီးဖြစ်ပြီး ကျွန်တော်ရဲ့ လွတ်လပ်မှုကိုရရှိသင့်ပြီး” ဟု ကြေညာ သည်။ သို့သော်မိဘများက “မင်းက ကလေးပဲ ရှိသေးတယ်။ မင်းက ငါ့အိမ်အမိုးအောက်မှာနေတဲ့အခါ သိထားဖို့က ငါကပဲ စီမံခန့်ခွဲသူဖြစ် တယ်။ မင်းတန်းစီချင်တန်းစီ၊ မတန်းစီချင်ထွက် ဒါပဲဟုတင်းခံထားသည်။ ထိုကြောင့် ဘယ်သူမှန်သနည်း။ အမှန်မှာမည်သူ၏ရပ်တည်မှုမှ မှန်ကန် ခြင်းမရှိပါ။ အပျိုလူပျိုပေါက်သည်အကန့်အသတ်မရှိသည့် လွတ်လပ်ခွင့် ရှိသည့်လူကြီးမဟုတ်ပါ။ ဆယ်ကျော်သက်သည်လည်း နှိမ်နင်းခြင်းကိုခံရ သည့်ကလေးမဟုတ်ပါ။ အပျို လူပျိုအရွယ်သည် မိဘများကို စိန်ခေါ်မှု အကြီးဆုံးအချိန်ဖြစ်သော်လည်း ဤကာလကိုကြိုဆိုသင့်သည်။ အဘယ် ကြောင့်ဆိုသော် အကယ်၍ ဆင့်ကဲ ဆင့်ကဲတိုးတက်မှုမရှိသော ပျိုရွယ်သူ တို့မရှိခဲ့သော် ကျင့်ကြံသည့်အရွယ်ရောက်သူလည်းရှိနိုင်မည်မဟုတ်ပါ။
ဆယ်ကျော်သက်သည် သူကဘယ်သူဘယ်ဝါဖြစ်သည်ကို ကြိုး စားအဖြေရှာနေသူဖြစ်သည်။ အသက်တာနှင့်ဆိုင်သော မေးခွန်းကြီးများ ၏အဖြေကိုလည်း လိုက်လံရှာဖွေနေသူဖြစ်သည်။ ငါဘယ်သူလဲ၊ ငါဘယ် ကိုသွားနေသလဲ၊ ငါဘာကိုယုံရမှာလဲ၊ ငါဘယ်အရာအတွက် ရပ်တည် ရမလဲ စသည့်မေးခွန်းများသည် ပဋိပက္ခဖြစ်မှုကို ဖိတ်ခေါ်တတ်သည်။ သို့သော် ဤမေးခွန်းများကို ငယ်ရွယ်စဉ်က “ဖြေ” မပေးနိုင်လျှင် အရွယ် ရောက်သည့်အခါ၌ မိမိ၏ခြေကို ချုပ်နှောင်ရှုပ်ထွေးစေမည် ဖြစ်၏။ တစ်နည်းအားဖြင့် လူငယ်သည် ၎င်း၏ မိဘများကို စိန်ခေါ်သူမပြုလုပ်ခဲ့ သော် သူသည် မိမိကိုယ်အတွက် စဉ်းစားခြင်းမရှိသေးကြောင်းကို ဖေါ်ပြ သည်။ သူသည် ရင့်ကျက်လာခြင်းမရှိဘဲ နှစ်များကုန်လွန်ငြားသော်လည်း မေမေ၏ကလေးဆိုးကြီးသာဖြစ်နေမည်။ ထိုကြောင့် ပဋိပက္ခမှုများဖြစ် ပေါ်သော်လည်း အပျိုလူပျို ဝင်သူတို့အား “ကြိုဆိုပါ၏” ပြောသင့်သည်။
ဆယ်ကျော်သက်များအားကိုင်တွယ်ရန်အကြံပေးချက်များ
မိဘများနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို မပြောခင် ဆယ်ကျော်သက်များနှင့် ဆက်ဆံရာ၌ အကြံပေးသည့်အချက်များကို လေ့လာ ကြည့်ကြပါစို့။
သဘောထားကွဲလွဲမှုကိုလေးစားစွာဖေါ်ပြပါ
သဘောထားခြင်းမတူ၊ ကွဲလွဲခြင်းသည်အမှားမဟုတ်ပါ။ သို့သော် သဘောထားကွဲလွဲမှုကို လေးစားမှုဖြင့် ဖေါ်ပြပါ။ ပဉ္စမပညတ်သည် အသက် အကန့်အသတ်မရှိပါ။ “သင်၏ ဘုရားသခင်ထာဝရဘုရားသခင် ပေးသနားတော်မူသောပြည်၌ သင်၏ အသက်တာရှည်မည်အကြောင်း သင်၏မိဘကို ရိုသေစွာပြုလော့။” (ထွက် ၂၀း၁၂)။
ကြိုးစားနားထောင်ပါ
သဘောထားကွဲလွဲသော်လည်း ယဉ်ကျေးစွာဖြင့် နားထောင်သင့် သည်။ တစ်ပိသာလောက်အလေးချိန်စီးသည့် အဓိပ္ပါယ်မရှိသည့်စကားထဲ တွင် တစ်ကျပ်သားလောက်အဓိပ္ပါယ်ရှိသောအရာပါနိုင်ကြောင်းကို ကြိုး စားနားထောင်ရန်ဖြစ်၏။ ကျွန်ုပ်တို့တွင် လျှာတစ်ချောင်းသာရှိပြီး နားနှစ် ဘက်ဖြင့် ဖန်ဆင်းထားသည်ကို သတိရသင့်သည်။
မိဘမေတ္တာကိုအသိအမှတ်ပြုပါ
အလွန်နည်းသောခြွင်းချက်မှတစ်ပါး၊ မိဘများပြုလုပ်သည့်အရာ တိုင်းသည် ချစ်ခြင်းကို အခြေခံပြီး ရည်ရွယ်ပြုလုပ်သည်။ မမွေးဖွားမီ ကျွန်ုပ်တို့သည် ချစ်ခြင်းဖြင့် ဖြစ်ပေါ်လာပြီး မွေးဖွားပြီးနောက်တွင် သန့်စင်ခြင်း၊ ကျွေးမွေးပြုစုခြင်းများသည် ချစ်ခြင်းဖြင့်ပြုလုပ်ခြင်းဖြစ်ပေ ၏။ ကလေးအပေါ်သို့ ရက်ရောစွာပေးကမ်းသည့်အချစ်သည် အဘယ်မျှ အထိရှိသည်ကို ရေတွက်၍ မရနိုင်ပါ။
မိဘများ၏အတွေ့အကြုံများမှအကျိုးကျေးဇူးကိုရယူပါ
အချို့သောနယ်ပယ်တွင် လူငယ်များသည် မိဘများထက် ပို၍ ဉာဏ်ပညာရှိနိုင်ဖွယ်ဖြစ်သော်လည်း အသက်ရှင်နေထိုင်ရေးတွင် မိဘ များသည် လူငယ်များထက် ပို၍အတွေ့အကြုံများသည်။ အတွေ့အကြုံမှ ပညာ ဉာဏ်ကိုရရှိနိုင်သည်။
ဆယ်ကျော်သက်များအတွက် စည်းကမ်း (၆) ခု
ဆယ်ကျော်သက်များကို မိဘများကိုင်တွယ်ဆက်ဆံရာ၌ အသုံး ပြုရန် စည်းကမ်း (၆) မျိုးရှိသည်။
ချစ်ခြင်းဖြင့်ဆက်ဆံရေးကိုထိန်းသိမ်းထားပါ
ပျိုဖေါ်ဝင်လူငယ်များ အသက်ရှင်နိုင်ရေးအတွက် အလိုအပ်ဆုံး သောအရာသည် ခြွင်းချက်မရှိသောအချစ်ဖြစ်၏။ ချစ်ခြင်းဖြင့်ဆက်ဆံ နိုင်ရေးအတွက် ဝိညာဉ်ရေးအခြေခံရှိရမည်ကို သတိပြုပါ။ ဆယ်ကျော် သက်များနှင့်မိဘများ ဆုတောင်းသည့်အခါ “ကောင်းကင်ဘုံ၌ရှိတော်မူ သောကျွန်ုပ်တို့၏အဖ” ဟုဆိုရာ၌ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးညီအစ်ကို မောင်နှမများဖြစ်ကြသည်။ “အစ်ကိုကြီး” “အစ်မကြီး” ဆိုသည့်အမြင် သည် တစ်မူထူးသည့်ချစ်ခြင်းဖြင့် ဆက်ဆံသည့် လမ်းကြောင်းပေါ် ပို့ဆောင်သည်။ မိဘများဗိုလ်ကျစိုးမိုးခြင်း အပြုအမူကို ကာကွယ်ပြီး မိတ်ဆွေဖြစ်ရန်ပြုစေသည်။
ထိုကဲ့သို့သောအချစ်ကို ဖေါ်ပြရန်လိုအပ်သည်။ “မင်းကိုချစ် တယ်” ဆိုသည့်အဖိုးထိုက်သောစကားကို ထပ်ခါတလဲလဲပြောသင့်သည်။ လူငယ်၏ အပြုအမူသည် မှားသော်ငြားလည်း သူ့ကိုချစ်သင့်သည်။ သူသည်လည်း ချစ်ခြင်းကိုခံစားသင့်သည်။ ဤနည်းဖြင့် စံနမူနာမိဘ ဖြစ်သည့် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် ဆက်ဆံသည်မဟုတ်ပါ၏ လော။ သူသည် ကျွန်ုပ်တို့အား ခြွင်းချက်မရှိချစ်တော်မူသည်။ ကျွန်ုပ်တို့ ၏အမှားများကို မနှစ်သက်သော်လည်း ကျွန်ုပ်တို့ကို ဆက်လက်ချစ်ဆဲ ပင်ဖြစ်၏။ ထိုကြောင့် ကျွန်ုပ်တို့ဆယ်ကျော်သက်ကလေးများ လမ်းချော် ခဲ့သော် ဤသတင်းကိုသူတို့အား ရှင်းလင်းစွာ ပြောသင့်သည်။ “မင်းရဲ့ အပြုအမူကိုတော့ ငါလက်မခံဘူး၊ ဒါပေမယ့် မင်းကိုတော့ အမြဲလက်ခံ တယ်။ မင်းဟာ ငါ့အတွက် အလွန်တန်ဖိုးရှိတယ်။ မင်းကိုငါအများကြီး ချစ်တယ်။”
ကောင်းသောပုံသက်သေပြပါ
ကျွန်ုပ်တို့ဘာလုပ်တယ်၊ ဘာပြောတယ်၊ ကျွန်ုပ်တို့၏ပုံသက်သေ ဖြင့် ကလေးများသည် အတုယူသင်ကြားသည်။ လူငယ်များသည် အမှား နှင့် အမှန်၊ အပြောနှင့်အလုပ်ကို ခွဲခြားတတ်သည့် ထက်မြက်စူးရှသည့် အသိဉာဏ်ကိုပိုင်ဆိုင်ကြသည်။ ဖခင်သည် သားတော်မောင်အား “မင်း ဆေးခြောက်မရှူနဲ့” ဟု ပြောဆိုပြီး မိမိကိုယ်တိုင်ဆေးလိပ်သောက်ပါက ပဋိပက္ခဖြစ်မည်မှာအမှန်ပင်။ မိခင်သည် (ညီမငယ်) သမီးအား “မင်းအဲဒီ ကောင်နဲ့အတူ အိပ်တာရပ်တန့်ကရပ်တော့” ဟုအမိန့်ပေးပြီး သူသည် အသက်ကြီးသူတစ်ဦးနှင့်အိပ်ရာပေါ်မိသော် ဝိရောဓိဖြစ်မည်မှာ အမှန် ပင်။
ကျင့်ဝတ်နှင့်အပြုအမူစပ်ကြား ဆန့်ကျင်ဘက်ပဋိပက္ခမှုဖြစ်ပွား ခဲ့သော် အပြုအမူသည် အမြဲအနိုင်ရသည်။ အဘယ်ကြောင့်ဆိုသော် အပြု အမူအကျင့်သည် စကားထက်သာ၍ ကျယ်လောင်စွာ ပြောဆိုခြင်း ကြောင့်ဖြစ်သည်။
ဆည်းဆာအချိန်၌ ဖခင်သည် ခိုးဝှက်စွာဖြင့် တည်းခိုခန်းသို့ ဦးတည်သွားနေသည်။ သူ၏ခြေရာသည် နှင်းတောထဲ၌ လတ်ဆတ်သည့် အရာများပေါ်လွင်နေသည်။ ရုတ်တရက်သူ၏ အနောက်တွင် မခံချိမခံ သာ သူ၏သားအသံကြားလိုက်သည်။ “အဖေ၊ သတိထားနော်၊ ကျွန်တော့် အဖေခြေရာပေါ် လျှောက်လှမ်းနေတယ်” သူတို့ပြောသည်ဖြစ်စေ၊ မပြော သည်ဖြစ်စေ၊ ထိုကဲ့သို့ ပြုလုပ်မည်မှာအမှန်ပင်။ အာဗြဟံအား ဘုရား သခင်မိန့်တော်မူသည်မှာ “သူသည် မိမိနောက်၌ဖြစ်သော သားများ၊ အိမ်သူအိမ်သားများတို့အား ပညတ်မည့်အရာကို ငါသိ၏။ သူတို့သည် လည်း ထာဝရဘုရားသခင်၏ တရားသောလမ်းသို့လိုက်၍ ဟုတ်မှန် ဖြောင့်မတ်စွာကျင့်လိမ့်မည်။” (ကမ္ဘာ ၁၈း၁၉)။ မိဘတိုင်းသည် တမန် တော်ပေါလုပြောသည့်အတိုင်း ပြောခဲ့သော် အဘယ်မျှလောက် အံ့သြ ဖွယ်ကောင်းလိမ့်မည်နည်း။ “ငါသည် ခရစ်တော်၏နည်းတူကျင့်သကဲ့သို့ သင်တို့သည်လည်း ငါ့နည်းတူကျင့်ကြလော့။” (၁ကော ၁၁း၁)။
ဆက်သွယ်ရေးလမ်းကြောင်းကိုဖွင့်ထားပါ
နားထောင်သည့်သိပ္ပံအတတ်နှင့် တုံ့ပြန်တတ်သည့်အနုပညာကို ပိုင်နိုင်ကျွမ်းကျင်အောင်သင်ယူပါ။ လူငယ်များပြောသည့်အခါ ကျွန်ုပ်တို့ သည် အချိန်ယူနားထောင်တတ်ရမည်။ မကြာခဏမိဘများသည် ဤသို့ ပြောဆိုသည်။ “ဒီမှာ၊ ငါကဗိုလ်ပဲ၊ မင်းငါ့ကိုအမြဲနားထောင်ရမယ်၊ မင်း ပြောတာကိုငါနားထောင်ဖို့မလိုဘူးကွ။” သို့သော် တမန်တော်ယာကု ပ်သည် ဤသို့အကြံပေးသည်။ “ငါချစ်သောညီအစ်ကိုတို့၊ ခပ်သိမ်းသော သူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ၊ စကားပြောခြင်းငှာလည်း ကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။” (ယာကုပ် ၁း၁၉)။
ထက်မြက်စွာအသိဉာဏ်ဖြင့် နားထောင်ခြင်းသည် သိပ္ပံအတတ် တစ်ခုဖြစ်သည်။ စကားလုံးများကို နားထောင်ရုံဖြင့် မလုံလောက်ပါ။ စကား၏နောက်တွင်ရှိသော ခံစားမှုကို နားလည်သင့်သည်။ အသံကို ကြားရုံမျှဖြင့် မလုံလောက်ပါ။ အသံ၏အနိမ့်အမြင့်အနေအထားကိုလည်း ကောက်တတ်ရမည်။ ဘာသာစကားကို နားထောင်ရန် မလုံလောက်ပါ။ ခန္ဓာကိုယ်၏ လှုပ်ရှားပြောဆိုမှုကိုလည်း အနက်ပြန်တတ်ရမည်။ နှုတ် ဖြင့်ဆက်သွယ်ခြင်းသည် ၇ ရာခိုင်နှုန်း၊ အသံဖြင့် ၃၈ ရာခိုင်နှုန်းနှင့် ကိုယ်ဟန်အမူအရာဖြင့် ၅၅ ရာခိုင်နှုန်းရှိသည်ကို သတိပြုပါ။
ထက်မြက်စွာနားထောင်တတ်သောသိပ္ပံပညာကို သိပြီးနောက် တုံ့ပြန်တတ်သည့်အနုပညာကိုလည်း ပိုင်နိုင်ကျွမ်းကျင်အောင်သင်ယူရဦး မည်ဖြစ်၏။ တုံ့ပြန်နည်း (၃) မျိုးရှိသည်။
စီရင်ချက်ချသည့်တုံ့ပြန်မှု
ဤသို့ဆိုသည်။ “ငါမင်းကို ပြစ်တင်ရှုတ်ချတယ်” ဆယ်ကျော် သက်က “ကျွန်ုပ်တော့ ဒီအပတ်လူဆိုးစာရင်းမှာ မပါတော့ဘူးလေ” ဟု ပြန်၍ပြောသည့်အခါ တုံ့ပြန်မှုက “မင်းကဘာမှအသုံးမကျတဲ့ကောင်ဘဲ၊ မင်းခေါင်းထဲမှာ ချေးပဲရှိတယ်၊ အလကားကောင်။”
မတုန်လှုပ်သည့်တုံ့ပြန်မှု
ဤသို့ဆိုသည်။ “မင်းပြောတာငါနားထောင်နေတယ်လေ” ဤသို့ တုံ့ပြန်ခြင်းသည် ကောင်းသည်ဟုလည်းမဆိုပါ၊ မကောင်းဘူးဟုလည်း မပြော။ “ဟုတ်လား” “ဆက်ပြောပါအုံး” အဖြေဖြစ်၏။ တစ်နည်းအားဖြင့် ရောဂါကုထုံးနည်းဟုလည်း ဆိုနိုင်သည်။ မိဘအရာ၌ ကျွမ်းကျင်သည့် မိဘသည် သူငယ်၏နှလုံးမှ အိတ်သွန်ဖာမှောက်ပြောဆိုရန် ဖိတ်ခေါ်ခြင်း ဖြစ်၏။
ရောင်ပြန်ဟပ်သောတုံ့ပြန်မှု
ဤသို့ဆိုသည်။ “မင်းလိုပဲငါခံစားရတယ်ကွာ" ဤအဖြေသည် ဆယ် ကျော်သက်၏ခံစားမှုကို ပြန်လည်ဆောက်တည်စေကာ တစ်ဖန်တလဲလဲ ပြောဆိုစေသည်။ မှန်မှရောင်ပြန်ဟပ်သကဲ့သို့ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဝင် စားစွာနားထောင်သောမိဘများသည် သူတို့၏ခံစားမှုတို့ကို နားလည်ပြီး ၎င်းတို့နှင့်ထပ်တူခံစားရသည်ကို ရောင်ပြန်ဟပ်ခြင်းဖြစ်၏။ သာဓကဖြင့် “မင်းကြိုးစားအားထုတ်လုပ်ခဲ့သော်လည်း အကျိုးမရှိ၊ စိတ်ပျက်မှာပဲ” တုံ့ပြန်မှုမှာ ဤသို့ “မင်းဘယ်လိုခံစားရတယ်ဆိုတာငါနားလည်ပါတယ်၊ ငါလည်း ကောင်းကင်ရှိမိဘများနည်းတူ၊ ငါတို့ခံရသည်နည်းတူ အမျိုးမျိုး သောစုံစမ်းနှောင့်ယှက်ခြင်းတို့ကိုလည်း ခံဖူးသောသူ ဖြစ်တော်မူ၏။” (ဟေဗြဲ ၄း၁၅)။ ထိုထက်ကျော်လွန်ပြီး ဤရောင်ပြန်ဟပ်တုံ့ပြန်မှုသည် ကြည့်မှန်ကဲ့သို့ပင် သူငယ်၏ ခံစားချက်များအား ကြိုးစားဖြေရှင်းပြုလုပ် ပေးသည်။
မိဘများသည်စကားနည်းနည်းပြော၊ များများမေးပါ။
အကြံပေးသည့်အခါ ပြောသည်ထက် မေးသည်ကပိုမိုထိရောက်မှု ရှိသည်။ ဆယ်ကျော်သက်လူငယ်သည် မကြာခဏ မိမိ၏အပြုအမူ ကြောင့် ဟောပြောပို့ချခြင်းကို ခံရပါက မကြာမီဟောပြောပို့ချသူသည် အပြောအဆို လွှဲချော်သွားမည်မှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်၏။ ဤအရွယ်၌ ထိရောက်စွာဆက်သွယ်ခြင်းသည် ပြောဆိုနေခြင်းမဟုတ်၊ မေးခွန်းများ များမေးရန်ဖြစ်၏။ ညံ့ဖျင်းသည့်မေးခွန်းများသည် “ဟုတ်ကဲ့” “မဟုတ် ဘူး” များနှင့်သာ အဖြေရမည်ဖြစ်၍ ကောင်းသောမေးခွန်းများသည် စဉ်းစားရန်နှင့်ထုတ်ဖေါ်ပြောဆိုရန် လိုမည်ဖြစ်၏။
(Edward) ဆိုသူသည် ဘုရားသခင်၏ဥပုသ်နေ့၌ အလုပ်ဆင်း ရန်၊ လိုအပ်သည့် အလုပ်ကိုလက်ခံရန် စဉ်းစားလျက်ရှိ၏။ ဘုရားသခင် ၏အလိုတော်နှင့်ပညတ်တော်တို့ကို သူသိသည်။ သို့သော် ဘုရားသခင်၏ စကားကို နားမထောင်ခြင်းအမှုနှင့် သူအငြင်းအခုံလုပ်နေသည်။ မိခင် သည် သူ့အား ရှည်လျားသောဆုံးမစကားပြောခြင်းမပြုဘဲ ဤကဲ့သို့ မေးသည်။ “Edward မင်းဥပုသ်နေ့မှာ အလုပ်သွားပြီး စက်ရုံမှာ မတော် တဆမှုနဲ့ မင်းအသက်သေဆုံးသွားရင် မင်းထာဝရဘယ်မှာသွားနေမှာလဲ” သခင်ယေရှုသည်လည်း အတွေးကို နှိုးဆွလှုံ့ဆော်စေသည့် မေးခွန်းကို မေးသည်။ ရှမာရိပုံပြင်ကို ပြောပြီးနောက် ဤသို့မေး၏။ “ထိုသူသုံး ယောက်တို့တွင် အဘယ်သူသည် ဓားပြလက်သို့ ရောက်သောသူနှင့် စပ်ဆိုင်သောသူဖြစ်သနည်းဟု ပြန်၍မေးတော်မူလျှင်” (လုကာ ၁၀:၃၆)။ ပညာရှိမိဘသည် ဤကဲ့သို့ပြုမည် ဖြစ်၏။
လူငယ်၏လွတ်လပ်စွာရွေးချယ်မှုကိုလေးစားပါ
တစ်ခါတစ်ရံမိဘများသည် သူငယ်တို့၏ ဝေယျာဝိစ္စများ၌ စိုးရိမ် မှုလွန်ကဲကာ အရေးကြီးသည့်မေးခွန်းများ၏ အဖြေကို ဆောလျင်စွာ အလိုရှိသည်။ သို့သော် အရေးကြီးသောအရာများသည် အချိန်ယူရန် လို အပ်သည်။ လူငယ်များကို အရေးကြီးသည့်မေးခွန်းများကို ဖြေကြားရန် အချိန်ပေးတတ်အောင် ကျွန်ုပ်တို့သင်ကြားရမည်။ ဤနေရာ၌သည်းခံ ခြင်းတရားလိုအပ်သည်။ ကျမ်းစာတော်၌ “သည်းခံစိတ်ရှိရမည်” ဟုဆို သည်။ (ဟေဗြဲ ၁၀း၃၆)။
ကျွန်ုပ်တို့ဖြေရှင်းနိုင်သော ဥာဏ်စွမ်းများ ကုန်ဆုံးသည့်အခါ လူငယ်တို့၏ ရွေးချယ်မှုကို လေးစားရမည်ဖြစ်၏။ သူ၏ရွေးချယ်မှုသည် ကျွန်ုပ်တို့၏ ရွေးချယ်မှုနှင့်တူချင်မှတူမည်ဖြစ်၏။ မှားသည်ဟုပင် ထင် မြင်နိုင်သော်လည်း လေးစားရမည်ဖြစ်၏။ စာတန်သည် အင်အားကို အသုံးပြုသည်ကို သတိရပါ။ ဘုရားသခင်သည် ရွေးချယ်မှု၏ ရလဒ်သည် သူ့အား နာကြည်းစေမည်ဖြစ်သော်လည်း လွတ်လပ်စွာ ရွေးချယ်မှုကို ခွင့်ပြုခဲ့သည်။
လူငယ်များနှင့်အတူတကွဆုတောင်းပါ၊ ဆုလည်းတောင်းပေးပါ
ကျွန်ုပ်တို့သည် ဘယ်သောအခါမျှဆုတောင်းခြင်းကိုမရပ်သင့်ပါ။ ကျမ်းစာတော်မြတ်ဆိုသည်ကား “သူတော်ကောင်းဆုတောင်း၍ အရှိန် ကြီးသော ပတ္ထနာသည် အလွန်တန်ခိုးပါ၏။” (ယာကုပ် ၅း၁၆) ဟုဆို သည်။ မိခင်တစ်ဦး၏ ဆုတောင်းခြင်းထက်သာ၍ အကျိုးသက်ရောက် မှုရှိသည့် ဆုတောင်းခြင်းကား ရှိမည်လော့။ ဖခင်တစ်ဦး၏ ဆုတောင်း ခြင်းထက်သာ၍ ပူလောင်ပြင်းပြသောဆုတောင်းခြင်းကား ရှိမည်လော့။ ဘုရားသခင်သည် မိဘများ၏ ဆုတောင်းသံကိုနားထောင်ရန် ဘယ်သော အခါမျှမောပန်းခြင်းမရှိပါ။
ပြဿနာများ
လမ်းလွဲကာအိမ်မှထွက်ပြေးသွားသောသားငယ်တစ်ဦးကို ဉာဏ် ပညာနှင့်ပြည့်ဝသည့်ချစ်လှစွာသောဖခင်ကြီးသည် ဘယ်ကဲ့သို့ကိုင်တွယ် ကြောင်းကို သခင်ယေရှုပြောပြခဲ့သည်။ စိတ်နှလုံးကို နွေးထွေးစေသည့် ပုံပြင်ကို (လုကာ ၁၅) တွင် ဖေါ်ပြထားသည်။ သို့သော် ဤပုံပြင်သည် ရှေးခေတ်လူငယ်နှင့် ဖခင်အိုကြီးအကြောင်းသာ မဟုတ်ဘဲ မျက်မှောက် ခေတ် ယောက်ျား၊ မိန်းမ၊ ခင်ဗျား၊ ကျွန်ုပ်နှင့်ကောင်းကင်ဘုံရှိ ပညာဉာဏ် နှင့် ပြည့်ဝသည့်ချစ်လှစွာသောဖခင်၏သင်ခန်းစာပေးပုံပမာဖြစ်၏။
တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအငယ် သည် အဘထံသို့သွား၍ အဘ၊ အကျွန်ုပ်ရထိုက်သောအမွေဥစ္စာကိုဝေ၍ ပေးပါဟုတောင်းပန်လျှင် အဘသည် ဥစ္စာများကိုဝေ၍ သားတို့အားပေး လေ၏။ (လုကာ ၁၅း၁၁၊၁၂)။ ဤလူငယ်သည် ပြဿနာရှိသည်။ ပထမ အချက်မှာသူသည် အိမ်၌ပျော်မွေ့ခြင်းမရှိပါ။ အိမ်ကိုမုန်းသည်။ “ဒီအိမ် က အကျဉ်းထောင်လိုပဲ” ဟုသူ့ကိုယ်သူပြောနေသည်။ “သာယာပျော်ရွှင် တဲ့အိမ်မဟုတ်ဘူး၊ ဒါမစားရ၊ ဒါမသောက်ရ၊ ဟိုဟာမပြောရ၊ ဒီသီချင်း မဆိုရ၊ ဟိုစာအုပ် မဖတ်ရ၊ ဒီဟာမဝတ်ရ၊ ဟိုကိုမသွားရ၊ ဒီအိမ်မှာ စည်းကမ်းတွေများလွန်းတယ်၊ ငါ့လွတ်လပ်မှု ငါလိုချင်တယ်” ဟုမကျေ မနပ်ဖြစ်နေသည်။ ယနေ့ဘုရားသခင်၏ သားသမီးများလည်း ဤကဲ့သို့ နည်းတူပြောဆိုလျက်ရှိသည်။ “ကောင်းကင်ဘုံရှိ ဖခင်သည် ပညတ် တရားတွေများလွန်းတယ်၊ ငါ့ရဲ့ပျော်မွေ့ခြင်းကို ဖျက်ဆီးနေတယ်၊ ငါဘုရားသခင်ထံမှထွက်ပြေးမယ်” ဟုဆိုကြသည်။
လူငယ်၏ဒုတိယပြဿနာသည် သူ့ဖခင်၏စရိုက်ကို နားလည်မှု မှားနေခြင်းပင်ဖြစ်၏။ သူ၏ဖခင်အား ရက်စက်ကြမ်းကြုတ်ကာ ချစ်ခြင်း မေတ္တာကင်းမဲ့သော ဆိုးသွမ်းသည့်ဘုရင်ဟု ယူဆသည် များစွာသော သူတို့သည် ဘုရားသခင်ကို ဤကဲ့သို့ပင် မြင်ကြသည်။ သူတို့သည် ဘုရားသခင်ကို အမျက်ဒေါသကြီးသူ၊ တရားစီရင်သူ၊ ကလဲ့စားချေပသူ၊ အပြစ်သားများကို ငရဲတွင်းထဲသို့ သွတ်သွင်းရန် နှစ်သက်သောသူဟု မြင်ကြသည်။ သို့သော် “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ ၏။” (၁ယော ၄း၈)။ သူသည် ချစ်သနားခြင်းကရုဏာနှင့်ပြည့်စုံ၍ စိတ် ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော--။ (ထွက် ၃၄း၆) ဘုရားသခင် ဖြစ်၏။
လူငယ်၏တတိယပြဿနာသည် သူ၏စိတ်နေသဘောထားဖြစ် သည်။ ဖခင်အိုကြီးမျက်နှာကိုကြည့်ကာ “ငါ့ကိုပေးပါ” ဟု ဖခင်ကြီးသည် သူ့အား အကြွေးဆပ်ရန်ရှိသည့်အသွင်ဖြင့် ပြောသည်။ အမွေသည် အကြွေး မဟုတ်ပါ။ ဆုကျေးဇူးဖြစ်သည်။ မထိုက်တန်ငြားသော်လည်း ဖခင်ကြီးသေဆုံးသည့်အခါ ရရှိမည့်ဆုလာဘ်ဖြစ်သည်။ သို့သော် စော် ကားသည့် သားသည် ချက်ချင်းပေးရန် အမိန့်ပေးနေသည်။ အများသော သူတို့သည်လည်း ဤကဲ့သို့ ရန်လိုသောသဘောဖြင့် ကောင်းကင်ရှိ အဖဘုရားသခင်ကို ဆက်ဆံသည်။ အရာတစ်ခုခု ချွတ်ချော်မှားယွင်းခဲ့ သော် ထိုသို့သောသူတို့သည် ဘုရားသခင်ကို အကြွေးပေးရသကဲ့သို့ ပြည့်စုံအောင်ရရှိဖို့တောင်းဆိုကြ၏။
ဖခင်ကြီးသည် သားငယ်အား ဘယ်လိုပင်ဖျောင်းဖျပြောဆိုသော် လည်းအချည်းနှီးပင်ဖြစ်၏။မိခင်ကြီးတောင်းပန်ငြားသော်လည်း အချည်း နှီးပင်ဖြစ်၏။ ခွဲခွာရမည့်အချိန်ရောက်ရှိလာသည့်အခါ မိခင်၏လည်တွင် ဆိုကာငိုယိုလျက်ရှိစဉ် စိုးရိမ်ပူပန်ချစ်ခင်ယုယသောဖခင်ကြီးသည် ဤသို့ ပြော၏။ “သားရေ၊ ငါတို့ဘယ်လောက်ပဲစိတ်ထိခိုက်သော်လည်း မင်းကို တို့သိစေလိုတာက မင်းကိုတို့ချစ်တုံးပဲ။ မင်းလောကကြီးကို ငြီးငွေ့လာတဲ့ အခါ အိမ်ပြန်လာဖို့သတိရပါ။ မင်းကိုတို့အမြဲစောင့်မျှော်ကြိုဆိုလျက်ရှိ
တယ်။”
ကုန်းဆင်း
လွတ်လပ်မှု၏အရသာဖြင့် ပီတိဖြစ်ကာ လူငယ်သည် ဝေးသော အရပ်သို့ခရီးထွက်ရန် လက်မှတ်ဝယ်လိုက်သည်။ အလွန်ဝေးသောအရပ် ဖြစ်သဖြင့် ဖခင်ကြီးရှာဖွေ၍တွေ့ရှိရန်ပင် မဖြစ်နိုင်သည့်နေရာပင်ဖြစ်၏။ “မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့သွားပြီးလျှင် ထိုပြည်မှာ ကာမဂုဏ်၌လွန်ကျူးသောအားဖြင့် ဥစ္စာကိုဖြုန်းတီး၍” သောက်စား ပျော်ပါးလျက်ရှိ၏။ မြို့တွင်း၌ရှိသောပါတီပွဲတိုင်းတွင် သူသည် အများက အာရုံစိုက် အလေးပေးခြင်းကိုခံရသဖြင့် ဝမ်းမြောက်ပီတိဖြာလျက်ရှိ၏။ ဈေးအကြီးဆုံး ဆေးပြင်းလိပ်နှင့် အရှားပါးဆုံးသော အရက်ကို သောက် ၏။ နေ့တိုင်းယောက်ျားများနှင့်လောင်းကစားပြီး ညတိုင်းမိန်းမများနှင့် အိပ်သည်။ သူသည် အလွန်မြူးထူးပျော်ပါးလျက်ရှိ၏။ ယနေ့ထိုကဲ့သို့ အပျော်အပါးလိုက်စားပြီး မိမိအသက်တာကို ဖျက်ဆီးနေသော ဘုရား သခင်သားသမီးများရှိပါသလား။
သို့သော် အရှည်ဆုံးသောကြိုးသည်ပင်လျှင် အဆုံးရှိ၏။ တစ်နေ့ သော်ထိုလူငယ်သည် “ရှိသမျှကုန်သောအခါ” (ငယ် ၁၄) သူ၏အဖြစ်မှန် အခြေအနေကို နိုးထသိရှိလာလေ၏။ နောက်ဆုံးဒေါ်လာကို လောင်း ကစားလိုက်ပြီး နောက်ဆုံးသောအကကို ဆင်နွှဲခဲ့ပြီ၊ နောက်ဆုံးမိန်းမနှင့် လဲအိပ်ခဲ့လေပြီ။ ဝမ်းနည်းဖွယ်ကောင်းသည့်အမှန်တရားသည်၊ လောက ၏ပျော်မွေ့ခြင်းသည် ထာဝရမတည်မြဲပါ။ စိတ်အတွင်း၌ တောင့်တနေ သောပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ချစ်ခြင်းတို့ကိုလည်း နှစ်သိမ့်ကျေနပ် အောင်စွမ်းဆောင်ခြင်းမရှိပါ။
လူငယ်သည် ဆင်းရဲမွဲတေရုံသာမက ထိုပြည်၌အစာငတ်မွတ် ခြင်း ဒဏ်ကိုလည်း ရင်ဆိုင်နေရတော့သည်။ တစ်နေ့ပြီးတစ်နေ့သူသည် အလုပ်လိုက်လံရှာဖွေလျက်ရှိသည်။ သို့သော်မရရှိပါ။ အလုပ်လက်မဲ့များ တစ်ရက်ပြီးတစ်ရက် ပိုမိုများလာသည့်အခါ နောက်ဆုံး၌ရရာအလုပ်ဖြစ် သည့် ဝက်ကျောင်းစာကျွေးသည့် အလုပ်ကို လက်ခံလုပ်ရတော့၏။ နောက်ဆုံးသူသည် ဝက်ခြံအတွင်းသို့ရောက်ရှိသွားလေတော့သည်။
တစ်နေ့သော် လူငယ်သည် အစာငတ်၍ ခံနိုင်ရည်အားကုန်ခန်း လာတော့သည်။ “သူသည် ဝက်စားတတ်သော ပဲတောင့်ကိုပင် စားချင် မတတ် ငတ်မွတ်လျက်နေ၏။ အဘယ်သူမျှ အစာကို မကျွေးပါ” (ငယ် ၁၆)။ စိတ်မချမ်းမြေ့စရာပင်။ ဝက်သည် စားရန်အစာရှိ၏။ သူ၌မူကား၊ စားရန်ဘာမျှမရှိ၊ ဝက်သည် သူ့ထက်ပင်သာသေး၏။ ဝက်သည် သူ၏ သခင်နှင့်အတူရှိနေ၏။ သို့သော် သူသည် မိမိ၏ဖခင်ထံမှ ထွက်ခွာသွား သူဖြစ်၏။ ထိုကြောင့် သူသည် ငတ်လျက်၊ ငိုလျက်၊ အားပြတ်လျက်၊ ထိုင်လျက်နေ၏။ ဘုရားသခင်ထံမှထွက်ခွာသွားသော အသက်တာသည် အချည်းနှီးသက်သက်ပင်ဖြစ်ပါတကား။
ကုန်းတက်
ပုံပြင်သည် ထိုနေရာ၌ အဆုံးသတ်ခြင်းမရှိသည့်အတွက် ဝမ်းသာ စရာပင်ဖြစ်၏။ သို့သော် အချို့သောသူတို့သည် ဤနေရာ၌ ပြီးဆုံးသွား သည့်အတွက် ဝမ်းနည်းစရာပင်။ ထိုသို့သောယောက်ျား၊ မိန်းမတို့၌ ကျန် ရှိသည့်အသက်တာသည် အပြစ်၏ရွှံ့ဗွက်အိုင်ထဲတွင်နစ်ကာ ရှိနေတော့ မည်ဖြစ်၏။ ကောင်းသည့်သတင်းမှာ ထိုလူငယ်သည် ၎င်းအပြစ်၏ ဗွက် အိုင်ထဲတွင် နစ်ကျန်ခဲ့ခြင်းမရှိခြင်းပင်ဖြစ်၏။
ရုတ်တရက်ဆိုသလို သူသည် “သတိရလျက်” (ငယ် ၁၇) တွင် တွေ့ရှိသည်။ သူ့ကိုယ်သူအဖြစ်မှန်ကိုသိခြင်းပင်ဖြစ်၏။ ပျော်ပါးမြူးထူး နေစဉ်အခါက သူသည် မိမိကိုယ်ကို အမှန်အတိုင်းမသိပါ။ စိတ်မမှန်ပါ။ သူသည် ဝိညာဉ်ရေးရူးသွပ်နေသောသူတစ်ဦးဖြစ်သည်။ ယခု၌မူကား၊ အပြစ်၏မူးယစ်ခြင်းများ ပျောက်ကွယ်သွားပြီးဖြစ်ရာ တန်ဖိုးအသစ် စနစ်ပေါ်ထွက်လာပြီဖြစ်၏။ ကုန်းတက်ရန် ပထမခြေလှမ်းသည် မိမိ၏ ဝိညာဉ်ရေးအခြေအနေမှန်ကိုသိခြင်းပင်ဖြစ်၏။
“ထိုအခါ သတိရလျှင် ငါ့အဘ၏အိမ်၌ အခစားသောသူများတို့ သည် ဝစွာစားရကြ၏။ ငါမူကား၊ ဤပြည်၌ သေအောင်အငတ်ခံရ၏” (ငယ် ၁၇)။ သူ၏ ဒုတိယခြေလှမ်းသည် သူ၏ဖခင်ကိုအသစ်သောအမြင် ဖြင့် တွေ့ရှိရန်ဖြစ်၏။ အကယ်၍ ထိုသို့သော ကျေးကျွန်များကိုပင် ပေါပေါသီသီဖြင့် ကျွေးမွေးထောက်ခံပြုစုပါက သူ၏ ဖခင်ကြီးသည် အလွန်ချစ်နှစ်သက်ဖွယ်ကောင်းသောဖခင်ကြီးဖြစ်မည်မှာအမှန် ဖြစ်၏။ ဘာကြောင့် ငါအမှားကြီးမှားခဲ့ရပါလိမ့်၊ အိမ်သည် အကျဉ်းစခန်းမဟုတ် ပါ။ ပါရတိသုဘုံဖြစ်၏။ ဖခင်ကြီးသည် ရက်စက်ကြမ်းကြုတ်သည့် ဆိုး ယုတ်သောဘုရင်မဟုတ်ပါ။ သူသည် ကရုဏာနှင့်ပြည့်ဝသော ကုသိုလ် ရှင်ဖြစ်၏။
ယနေ့ လမ်းလွဲသောဘုရားသခင်၏ သားသမီးငယ်တိုင်းသည် ကောင်းကင်ဘုံရှိဖခင်ကို အသစ်သော အမြင်ဖြင့် တွေ့မြင်နိုင်ပါက အဘယ်မျှပင်ကောင်းလိမ့်မည်ဖြစ်အံ့။ သူသည် ကလဲ့စားချေသောဘုရား သခင်မဟုတ်၊ သူသည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံတော်မူသော ဘုရား သခင်ဖြစ်၏။ “ကိုယ်တော်သည် သနားစုံမက်တတ်သော ဘုရားသခင် ဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသဘော၊ အပြစ်ဒဏ် ပေးမည့်အမှုကိုနောင်တရတတ်သောသဘောရှိတော်မူကြောင်း”(ယောန ၄း၂)။
ထိုနောက်လူငယ်သည် တတိယခြေလှမ်းကို လှမ်းလိုက်သည်။
ဆုံးဖြတ်ချက်ဖြစ်သည်။ “ငါသည်ထ၍ အဘထံသို့သွားမည်။ (လုကာ ၁၅:၁၈)။
သူအိမ်မှထွက်သွားစဉ် သူ့ဖခင်၏ နောက်ဆုံးပြောသည့်စကားကို သေချာစွာပြန်မှတ်မိသည်။ “မင်းလောကကြီးကို ငြီးငွေ့လာတဲ့အခါ အိမ်ပြန်လာဖို့သတိရပါ။ မင်းကိုတို့အမြဲစောင့်မျှော်ကြိုဆိုလျက်ရှိတယ်။” ထိုဖိတ်ခေါ်ခြင်းသည်ခြွင်းချက်မရှိကြောင်း၊ ကျေးဇူးတင်စွာဖြင့် ပြန်လည် သတိရသည်။ သူ၏အလုပ်ရှင်၏ ဝက်ခြံအတွင်းမှ မြင်ကွင်းကိုရုပ်သိမ်း ကာ စိတ်အာရုံအမြင်ကို မိမိဖခင်၏ နန်းတော်သို့စိုက်ကြည့်လျက် “သာ ယာချမ်းမြေ့အိမ်၊ ကျွန်ုပ်ပြန်လာပြီ။” ယနေ့လမ်းလွဲသောလူငယ်တိုင်းပြု လုပ်ရန်လိုအပ်သည့်လေးနက်သောဆုံးဖြတ်ချက်ပင်ဖြစ်သည်။
ဖခင်နှင့်ပြန်လည်ဆုံတွေ့မည့်မြင်ကွင်းကို ထိုလူငယ်စိတ်ကူးယဉ် လိုက်သည်။ သူဘာကိုပြောမည်ကို စကားလုံးစီကုံးနေသည်။ ခံစားမှု၊ ကြင်နာမှုဖြင့် တစ်လုံးချင်းရွေးနေသည်။ “အဘ၊ ကျွန်ုပ်သည် ဘုရား သခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏ သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှားအရာ၌ အကျွန်ုပ်ကို ထားတော်မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်။” (လုကာ ၁၅း၁၈၊၁၉)။ အပြစ်ကို ဖုံးကွယ်ရန်မရှိ၊ ဝန်ချတောင်းပန်ခြင်းသာ “အကျွန်ုပ်ပြစ်မှားပြီ” ဝါကြွားခြင်းမရှိ၊ နှိမ့်ချကျိုးနွံခြင်းသာ “မခံထိုက်ပါ” ခြွင်းချက်မရှိ၊ သြဇာခံ အရှုံးပေးခြင်းသာ “သူငှားအရာ၌ အကျွန်ုပ်ကို ထားပါ။”
ထိုနောက် ကြံစည်သည့်အတွေးများကို လက်တွေ့အကောင် အထည်ဖေါ်လိုက်သည်။ “ထ၍အဘထံသို့ သွားလေ၏” (ငယ် ၂ဝ)။ မြောက်မြားစွာသော လမ်းလွဲနေသည့် ဘုရားသခင်၏ လူငယ်များသည် တစ်နေ့ကျသော် ပြန်လာရန် မျှော်လင့်လျက်ရှိကြသည်။ သို့သော် ထို လမ်းလွဲသော သားငယ်သည် ယနေ့ကဲ့သို့သော နေ့မရှိဟူသည့်အမှန် တရားကိုသိရှိခဲ့သည်။ နောက်တစ်ရက်ရွှေ့ဆိုင်းရန် သူစောင့်နေခြင်းမပြု ရန် ဆုံးဖြတ်လိုက်သည်။ “ယခုပင်နှစ်သက်ဖွယ်သောအချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလ ရှိ၏။” (၂ကော ၆း၂)။ ကျမ်းစာတော်မြတ်၌ ဆိုသည့်အတိုင်း “ထိုကြောင့် သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူသည် ကား၊ ယနေ့တွင် သင်တို့သည် ကြိုတင်ဟောကြားချက်အသံကို ကြား လျက်ရှိသည်ဖြစ်၍ ခိုင်မာသောစိတ်နှလုံးမရှိစေကြနှင့်။” (ဟေဗြဲ ၃း၇၊၈)။
အနှိုင်းမဲ့အချစ်
သို့သော် ဤပုံပြင်သည် လမ်းလွဲနေသောသားငယ်အကြောင်း သာမဟုတ်ပါ။ ချစ်ဖွယ်ကောင်းလှသောဖခင်ကြီး၏ ပုံပမာဆောင်သော ပုံပြင်လည်းဖြစ်၏။ “ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်" (ငယ် ၂၀)။ ဖခင်ကြီးသည် သူ့အား ဘယ်ကဲ့သို့မြင်သနည်း။ သူ့သားကို စောင့်မျှော်နေခြင်းကြောင့်သာ ဖြစ်ပေ၏။ တစ်နေ့ပြီးတစ်နေ့ သူသည် တံခါးဝတွင်ထလျက် “ဒီနေ့ငါ့သားပြန်လာမှာလား” တစ်ညပြီးတစ်ည ပြတင်းပေါက်တွင်ရပ်ကာ ကြည့်လျက် “ငါ့သား၊ ဒီညပြန်လာမှာလား” နေ့စဉ်နှင့်အမျှ သူ၏ဆုတောင်းပြုခြင်း၌ သား၏နာမည်ကိုခေါ်လျက် တစ်ညပြီးတစ်ည၊ ခါးသီးသည့် မျက်ရည်များ ယိုစီးခဲ့ရသည်။ ယနေ့ ဤကဲ့သို့ပင် အထက်ကောင်းကင်ဘုံရှိ အဖဘုရားသခင်ပြုလုပ်နေသည် မဟုတ်ပါ၏လော။ သူသည် ကရုဏာတံခါး ရှေ့ဝယ်ရပ်ကာ စောင့်မျှော် လျက်၊ ခေါ်လျက်၊ တောင်းပန်လျက်နေ၏။ “အိမ်သို့ပြန်လာပါ။ ပြန်လာ ပါ၊ တံခါးဖွင့်လျက်ရှိတယ်။ ပြန်လာပါ” ကျွန်ုပ်တို့သည် သူ့အားမြင်နိုင်၊ ကြားနိုင်ပြီး သိမ်မွေ့စွာဖိတ်ခေါ်သံကို လက်ခံကာ “သာယာချမ်းမြေ့အိမ်၊ အကျွန်ုပ်ပြန်လာပြီ” ဟုပြောဆိုနိုင်လျှင် အဘယ်မျှအထိ ကောင်းမည် နည်း။
ဖခင်အိုကြီးသည် သူ့ကိုမြင်လျှင် “သနားသောစိတ်ရှိသည်” ဖြစ် ၍ ပီတိများဝေဆာလျက် ပျော်မြူးလျက်ရှိ၏။ သူ၌ရှိသမျှသောကြွက်သား များကို အာရုံစိုက်ကာထုတ်ပြီ။ သားငယ်ထံသို့ “ပြေးသွား” လေတော့ သည်။ ဝက်ခြံထဲမှလွတ်မြောက်လာသော စုတ်ပြတ်ညစ်ပေအနံ့ဆိုးနှင့် ဝတ်ဆင်ထားသောအဝတ်ကို ကြည့်လျက် ဖခင်ကြီးသည် “သား၏လည် ပင်းကို ပိုက်ဖက်နမ်းရှုပ်လေ၏။” (ငယ် ၂၀)။ အဘယ်မျှသောအနှိုင်းမဲ့၊ အတုမရှိသည့် အချစ်ပါတကား။
ထိုနောက်သားငယ်သည် “အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို လည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါဟုဆိုလျှင်” ဖခင်ကြီးက၊ “တော်တော့၊ တော်တော့၊ ရပ်တော့သား၊ မင်းကငါ့သားပါ။ ငါ့သားအစဉ် ဖြစ်ပဲဖြစ်တယ်” ဟုဆိုကာ အခြွေအရံများကိုခေါ်ပြီး “မြတ်သောအဝတ် ကို ယူခဲ့၍ သူ့ကိုခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကိုဆင်ကြ၊ ခြေနင်းကို လည်းစီးစေကြ” ဟုအမိန့်ပေး၏။ “ငါ့သားသည် အထက်က သေ၏။ ရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏” ဟုဆို၏။ (ငယ် ၂၄)။
ကရာနီ
အောင်ပွဲ၊ အောင်ပွဲခံရန်အချိန်ဖြစ်၏။ ပျော်ပွဲရွှင်ပွဲ၏အလယ်တွင် စားပွဲခင်းကျင်းထားသည်။ “ဆူအောင်ကျွေးသော နွားကလေးကိုယူ၍ သတ်ကြ၊ သို့ပြီးမှ ငါတို့သည် စားကြကုန်အံ့။ ပျော်မွေ့ခြင်းကို ပြုကြကုန် အံ့” အောင်ပွဲခံရန် ဤနွားကလေးကို အထူးကျွေးထားသည်။ အပြစ်ကင်း မဲ့သော ဤနွားသငယ်ကို ဤအခါသမယအတွက် လျာထားခဲ့သည်။ နွားငယ်ကိုသတ်သည်၊ အသွေးကိုသွန်းသည်၊ အသားကိုစားသည်၊ နွား သငယ်၏သေခြင်းသည် သူငယ်၏ အသစ်သောအသက်၏ အောင်ပွဲခံဖြစ် ၏။
နှစ်ရာစုနှစ်ထောင်ခန့်က ကရာနီကုန်းပေါ်၌ လူသတ်ပွဲတစ်ခုဖြစ် ပွားခဲ့သည်။ သားကောင်သည် သခင်ယေရှုခရစ်ဖြစ်၏။ လူသတ်ပွဲကြီးကို ကြည့်ပါလေ၊ အပြစ်ကင်းမဲ့သည့်ပူဇော်ခြင်းကို စဉ်းစားပါ။ သူ၏အသွေး တော်ကိုသွန်းလောင်းခဲ့ပြီး အသားကိုချိုးဖဲ့ခဲ့ပြီ၊ သူ၏ အသေသတ်ခံခြင်း သည် အသစ်သောအသက်၏ အောင်ပွဲခံခြင်းဖြစ်၏။ အဘယ်သို့အချစ် နည်း။ အဆုံးအစွန်မရှိသောအချစ်ပါတကား။
အခြားအိမ်
အခြားအိမ်တစ်လုံးရှိသည်။ ကောင်းကင်နိုင်ငံတော်၌ရှိသော အိမ်
ဖြစ်၏။ ယနေ့ ဘုရားသခင်၏ကယ်တင်ခြင်းဝိညာဉ်ရေးအိမ်သို့ဝင်ရောက် သောသူတိုင်းသည် သူ၏ထာဝရအိမ်တော်ထဲသို့ မနက်ဖြန်၌ ဝင်ရကြ မည်။ မကြာမီ တစ်နေ့သောအချိန်၌ ခရစ်တော်သည် သူ၏ကလေးများ ထံသို့ ပြန်လာမည်ဖြစ်၏။ အဘယ်မျှ ကြီးကျယ်ခမ်းနားသော အိမ်ပြန် ခြင်းဖြစ်မည်နည်း။ ပျော်ရွှင်ချမ်းမြေ့စွာ ပြန်လည်ပေါင်းစည်းလျက် ကောင်းကင်တွင် အနားယူပြီးနောက် တစ်ဖန်လေဟာနယ်ခရီးဖြင့် ဤ ကမ္ဘာမြေသို့ အသစ်သောကမ္ဘာကို အမွေခံရန် ပြန်လာမည်ဖြစ်၏။
ကျမ်းစာတော်မြတ်တွင် ကယ်တင်ခြင်းခံရသောသူတို့၏ နေအိမ် ကို “ပြည်” ဟုခေါ်သည်။ (ဟေဗြဲ ၁၁း၁၃-၁၆)။ ကမ္ဘာလောကတစ်ခုလုံး သည် သီးနှံပေါများ ကြွယ်ဝပြီး တန်ခိုးတော်နှင့်ပြည့်ဝခမ်းနားထည်ဝါ သောပြည်ဖြစ်မည်။ “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ် ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ သွေ့ခြောက်သော မြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။” (ဟေရှာ ၃၅း၁၊၂၊၇)။ အဘယ်သူမျှ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ငတ်မွတ်ခြင်းဝေဒနာကို ခံစားရမည်မဟုတ်၊ “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြ လိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။” (ဟေရှာ ၆၅:၂၁၊၂၂)။ ပေါများကြွယ်ဝ ပြီးငြိမ်သက်ခြင်းရှိသော ကမ္ဘာဂြိုဟ် ဖြစ်ပေ၏။
ထိုပြည်၌ သတ္တဝါများသည် အန္တရာယ်ကင်းလိမ့်မည်။ “တောခွေး သည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့် အတူအိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကိုပို့ဆောင် လိမ့်မည်။ နွားမနှင့်ဝံမသည် အတူကျက်စား၍ သူတို့၏ သားငယ်များ သည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့မြက်ကို စား လိမ့်မည်။ ငါ၏သန့်ရှင်းသော တောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲ ခြင်း၊ ဖျက်ဆီး ခြင်းကိုမပြုရကြ။” (ဟေရှာ ၁၁း၆၊၇၊၉)။
တည်ငြိမ်းအေးချမ်းသောမြင်ကွင်းကို စဉ်းစားကြည့်ပါ။ “ကြည် လင်အေးစိမ့်သော စမ်းချောင်းများစီးဆင်းရာဘေး၌ ဝေဆာလျက်ရှိသော အပင်ရိပ်များအောက်ဝယ် ဘုရားသခင်၏ ရွေးနုတ်ခြင်းခံရသောသူများ လျှောက်ရန်လမ်းကို ပြင်ဆင်ထားရှိသည်။ ထိုနေရာ၌ ကျယ်ပြန့်သော လွင်ပြင်များ၌ လှပသောတောင်ကုန်းများသည် စီလျက်ရှိပြီး ဘုရားသခင် ၏တောင်များသည် ထိုတောင်များတို့၏ မြင့်သောတောင်ထိပ်ပေါ်တွင် တည်ရှိလျက်နေ၏။ ထိုငြိမ်သက်သောလွင်ပြင်၊ သက်ရှင်စီးဆင်းနေသော စမ်းရေများအနာ၌ ကြာမြင့်စွာလှည့်လည်ခရီးသွားနေသော ဘုရားသခင် ၏လူတို့သည် သာယာချမ်းမြေ့သည့်အိမ်ကို တွေ့ရှိမည်ဖြစ်၏။ သာယာ ချမ်းမြေ့အိမ်၊ အကျွန်ုပ် ပြန်လာပြီ။
စိတ်ကူးထက်ကျော်လွန်သော
လူသားတို့စိတ်ကူးယဉ်အိပ်မက်ထက် ကျော်လွန်သောအရာများ သည် အမှန်တကယ်ဖြစ်လာမည်။ ဤကမ္ဘာဂြိုဟ်သည် သန့်ရှင်းပျော်ရွှင် ဖွယ်ကောင်းသည့်နေရာဖြစ်လာမည်။ ဖျားနာခြင်းမရှိ၊ ညှဉ်းပန်းနွမ်းနယ် မှုမရှိ၊ ပုရောဖက်၏နှုတ်မှဤသို့ဆို၏။ “ထိုအခါမျက်စိကန်းသောသူတို့ သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်း နှင့်လွှတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့် မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။” (ဟေရှာ ၃၅း၅)။ ဝမ်းနည်းဖွယ်ကောင်းသည့် စကားလုံး (၃) လုံး၊ “ငါနာသည်” ဟု ထိုမြို့သူမြို့သားတို့သည် မဆိုရတော့ပြီ။ (ဟေရှာ ၃၃:၂၄)။
ဖျားနာခြင်းသည် ပပျောက်သွားသည်သာမက သေခြင်းသည် လည်း ထာဝရနှင်ထုတ်ခြင်းကိုခံရလိမ့်မည်။ “ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေး မရှိရ၊ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလဲမရှိရ၊ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာ ၂၁း၄)။ “သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက် ပြည့်စုံလိမ့်မည်။ အိုသေမင်း၊ သင်၏ လက်နက်သည် အဘယ်မှာရှိ သနည်း။ အိုမရဏာနိုင်ငံသင်၏ အောင်မြင်ခြင်းသည် အဘယ်မှာရှိ သနည်း။” (၁ကော ၁၅:၅၄၊၅၅)။
ဝမ်းနည်းခြင်းမရှိ၊ နားမလည်နိုင်သည်ထက်ကျော်လွန်၏။ သေ ခြင်းမရှိ၊ စိတ်ကူးယဉ်သည်ထက်ကျော်လွန်၏။ ထာဝရအသက်သာရှိ၏။ မဆုံး နိုင်သောငြိမ်သက်ခြင်းသာရှိ၏။ ထာဝရဝမ်းမြောက်ခြင်းသာရှိ၏။ သာယာ ချမ်းမြေ့အိမ်၊ အကျွန်ုပ်ပြန်လာပြီ။
မြေကြီးသစ်သည် မြို့တော်တစ်ခုတည်းသာရှိမည်။ ယေရုရှလင် မြို့ဖြစ်၏။ ဤမြို့တော်ကြီးသည် မဖေါ်ပြနိုင်လောက်သည့်ခမ်းနားထည် ဝါခြင်း၊ မရေတွက်နိုင်သော ချမ်းသာကြွယ်ဝခြင်း၊ သာလွန်ကောင်းမြတ် သောလှပခြင်းတို့ဖြင့် ပြည့်စုံလျက်ရှိ၏။ ကြီးမားလှသောပုလဲတံခါးကြီး များ၊ နဂါးသွဲ့ကျောက်ဖြင့်ပြုလုပ်ထားသော ခန့်ညားထည်ဝါလှသည့် မြို့ရိုး၊ မြို့၏လမ်းများသည်လည်း ကြည်လင်သော ဖန်နှင့်တူသော ရွှေစင်ဖြင့် ကျွန်ုပ်တို့၏ စိတ်ကူးယဉ်သည်ထက် ကျော်လွန်နေသည်ကို တွေ့မြင်ရမည်ဖြစ်၏။ “ဘုရားသခင်ကို ချစ်သောသူတို့အဖို့အလို့ငှာ ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့် မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး” (၁ကော ၂း၉)။ သာယာချမ်းမြေ့ သောအိမ်၊ အကျွန်ုပ်ပြန်လာပြီ။
ဘုရားသခင်၏အိမ်ထောင်မိသားစု
ထိုတန်ခိုးတော်နှင့်ပြည့်ဝသော အိမ်တော်တွင် ဘုရားသခင်၏ အိမ်ထောင်စုတစ်ခုလုံးရှိနေမည်ဖြစ်၏။ အာဒံနှင့်ဧဝပထမအိမ်ထောင်မှ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အိမ်ထောင်စုဝင်အားလုံး ထိုနေရာ၌ရှိနေမည်ဖြစ်၏။ လောကနိုင်ငံအပေါင်းသည်လည်း ရှိနေမည် ဖြစ်၏။ ယောဟန်ဖေါ်ပြသည်မှာ “ထိုနောက်မှငါကြည့်လျှင်၊ အသီးသီး ဘာသာစကားကို ပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ ထွက်၍ အဘယ်မျှမရေတွက်နိုင်သော လူများအပေါင်းတို့သည် ထီးနန်းရှေ့၊ သိုး သငယ်ရှေ့မှာရပ်နေကြ၏။” (ဗျာ ၇:၉)။
ချစ်လှစွာသော အဖဘုရားသခင်သည်လည်း ထိုနေရာ၌ရှိ၏။ “ကောင်းကင်မှကြီးသောအသံကား၊ ဘုရားသခင်၏တဲတော်သည် လူတို့ တွင်ရှိ၏။ လူတို့နှင့်အတူကိန်းဝပ်တော်မူမည်။ သူတို့သည် ဘုရားသခင် ၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။” (ဗျာ ၂၁း၃)။ အံ့ဖွယ်ပီတိ ကောင်းလှသောအတွေးလည်း ဘုရားသခင်၏ အိမ်တော်သည် ကောင်း ကင်၌မရှိတော့ပြီ။ ဤကမ္ဘာဂြိုဟ်ပေါ်၌ ပြန်လည်စံမြန်းမည်ဖြစ်၏။ ဤနေရာမှစကြဝဠာ တစ်ခုလုံးကို အုပ်စိုးမည်ဖြစ်၏။ စာတန်၏အခိုင် အမာဖြစ်သော ဤကမ္ဘာမြေကြီးသည် ဘုန်းကြီးရှင်ဘုရားသခင်၏ ထီး နန်းရှိရာအခန်းဖြစ်မည်ဖြစ်၏။ ဘုရားသခင်သည် သူ့လူသားများ၏ အိမ် ထောင်စုနှင့်အတူနေရန် ဝမ်းမြောက်မှုရှိ၏။ အဘယ်မျှပင်စိတ်နှိမ့်ချ သိမ် မွေ့သောအချစ်ပါတကား။
သူ၏အလှအပကို မြင်ရသော ဝမ်းမြောက်ခြင်းသည် မည်ကဲ့သို့ ဖေါ်ပြနိုင်အံ့နည်း။ ကောင်းကင်ဘုံရှိသတို့သားသည် သူအသေခံခဲ့သော သတို့သမီး ဘေး၌ ထိုင်နေတော်မူမည်။ အနှစ်တစ်ထောင်ပျားရည်ဆမ်း ခရီးကုန်ဆုံးသည့်အခါ သူ၏ချစ်သူကို တောက်ပသည့် ကောင်းကင်အိမ် တော်တွင် ကြိုဆိုနေရာချထားပြီး ခရစ်တော်သည် သူ၏ချစ်သူများနှင့် အတူတကွထာဝရနေထိုင်တော့မည်ဖြစ်၏။
ဘုရားသခင်ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လှပနေသည်ကို မြင်ရသောအခါ အဘယ်မျှ ဝမ်းသာလိမ့်မည်နည်း။ သူ့အားမျက်နှာချင်း ဆိုင်မြင်ရသည့်အခါ အဘယ်မျှ အံ့သြလိမ့်မည်နည်း။ “မျက်နှာတော်ကို မြင်ရ၍” (ဗျာ ၂၂း၄) ဟုယောဟန်ဆိုထား၏။ ရွှေဖြင့်ခင်းထားသော လမ်းပေါ်တွင် လျှောက်ခြင်းသည် ကျက်သရေရှိ၏။ ပုလဲတံခါးများကို ဖြတ်ကျော်ဝင်သွားရသည်မှာ အဖိုးထိုက်၏။ သို့သော် ခရစ်တော်ကို မျက်နှာချင်းဆိုင်တွေ့ရခြင်းသည် ထာဝရတစ်လျှောက်လုံး၌ ဝမ်းမြောက် ဖွယ်အကောင်းဆုံး အတွေ့အကြုံဖြစ်မည်သာတည်း။ သူ၏မျက်နှာတော် ကို ကြည့်ခြင်းဖြင့် အဘယ်မျှ ပီတိဝေဖြာစိတ်ကြည်နူးရာဖြစ်မည်နည်း။ သူ၏အသံကိုကြားရခြင်းသည် အဘယ်မျှ သာယာနာပျော်ဖွယ်ကောင်း မည်နည်း။ သူ၏ပြုံးပန်းအလှသည် အဘယ်မျှကျွန်ုပ်တို့အား လွှမ်းခြုံမည် နည်း။ သူ၏အနှိုင်းမဲ့မေတ္တာရိပ် ရောင်ခြည်အောက်တွင် အကျွန်ုပ်ထာဝရ ခိုလှုံရလို၏။
မင်းကိုချစ်တယ်
သို့သော် နက်နဲခြင်း၏အနက်ဆုံးသောအမှတ်သည် ကျန်ရှိနေ မည်ဖြစ်၏။ သူ၏ချစ်ခြင်းကိုဖေါ်ပြသော အမှတ်ဖြစ်၏။ ထာဝရတစ် လျှောက်လုံး၌ ထိုအမှတ်သည် ကျန်ရှိနေမည်ဖြစ်၏။ သူ၏ စွန့်လွှတ်မှု ဆက်ကပ်သည့် အမှတ်ရာများဖြစ်၏။ လက်တော်ကို သံဖြင့်ဖေါက်ထွင်း ထားသည့်ဒဏ်ရာ အမာရွတ်အမှတ်သည် ဘယ်သောအခါမျှ ဖယ်ရှား၍ မရနိုင်ပါ။ နံဘေးတွင် လှံဖြင့်ထိုးဖေါက်ထားသော အမှတ်ရာများသည် ဘယ်သောအခါမျှဖျက်၍ ရနိုင်မည်မဟုတ်ပါ။
ပုရောဖက် ဤကဲ့သို့ဆို၏။ “တန်ခိုးတော်သည် မိုးကောင်းကင်ကို ဖုံးအုပ်လျက် မြေကြီးသည် ဂုဏ်အသရေတော်နှင့် ပြည့်စုံလျက်ရှိ၏။ အဆင်းအရောင်တော်သည် နေရောင်ကဲ့သို့ဖြစ်၏။ လက်တော်မှ ရောင် ခြည်သည် ထွက်၍ တန်ခိုးတော်ကို ကွယ်ကာလေ၏။” (ဟဗက္ကုတ် ၃:၂၊၄)။ အမာရွတ်တစ်ခုစီ၏ လျှို့ဝှက်ချက်အတွင်း၌ သူ၏ တန်ခိုးဖုံး အုပ်ထားလျက်ရှိ၏။ ထိုတန်ခိုးတော်ကား သူ၏အနှိုင်းမဲ့မေတ္တာဖြစ်၏။ သူ၏အမာရွတ်လက်မှထွက်လာသော ရောင်ခြည်သည် သင်နှင့်ကျွန်ုပ် အတွက် ကရာနီကုန်းပေါ်၌ ခံရသောဝေဒနာကို လင်းစေမည်ဖြစ်၏။ သူ၏နံဘေးအမာရွတ်မှ ထွက်ပေါ်လာသော လင်းရောင်ခြည်သည် “အကယ်စင်စစ်ထာဝရမေတ္တာနှင့် သင့်ကို ငါချစ်၏” ဟူသည့်သတင်း စကားကို ထပ်ခါတလဲလဲရုပ်လုံးဖေါ်ပြလျက်ရှိ၏။
သူ၏ခြေတော်ရင်းတွင် ဒူးထောက်ကာ ကျွန်ုပ်တို့၏သရဖူများကို ချထားလျက် လက်တော်မှအမာရွတ်များကို ငေးကြည့်ရသော် အဘယ်မျှ အံ့သြခြင်းဖြစ်မည်နည်း။ တစ်ချိန်တွင် ထာဝရစံမြန်းရာ၌ သံဖြင့်ရိုက် ဖေါက်ထားသည့်အမာရွတ်လက်ကို ဆုပ်ကိုင်လျက် “ငါမင်းကိုချစ်တယ်” ဆိုသည့် ချိုသာသောအသံကိုကြားရန် အဘယ်မျှဝမ်းမြောက်ဝမ်းသာဖြစ် မည်နည်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment