- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၁၇) ငြိမ်းချမ်းစွာအတူတကွငွေရေးကြေးရေးစီမံခန့်ခွဲခြင်း
အိမ်ထောင်ရေးတွင် အကြီးကျယ်ဆုံးသော ပြဿနာဖြစ်ပေါ်နိုင် သော နယ်ပယ်တစ်ခုသည် ငွေရေးကြေးရေးစီမံခန့်ခွဲခြင်း ဖြစ်သည်။ မှန်ကန်စွာ စီမံခန့်ခွဲပါက ပျော်ရွှင်ရာဖြစ်၏။ မှားယွင်းစွာကိုင်တွယ်ပါက ခါးသီးမှု၏ အရင်းအမြစ်ဖြစ်၏။ ထိုကြောင့် အိမ်ထောင်စုတိုင်းသည် ငြိမ်းချမ်းစွာ အတူတကွ ငွေရေးကြေးရေးစီမံခန့်ခွဲမှုအစီအစဉ်ကို ချမှတ် လေ့လာပြီး အကောင်အထည်ဖေါ်ရန် အလွန်အရေးကြီးလှပါသည်။
ငွေကြေးစီမံခန့်ခွဲရေးအစီအစဉ်များ
တစ်ဦးတည်းခွန်အားဖြင့်စိုးမိုးသည့်အစီအစဉ်
တချို့အိမ်ထောင်များတွင် ဤစနစ်ကိုအသုံးပြုသည်။ များသော အားဖြင့် လင်ယောက်ျားသည် ငွေရှာသူတစ်ဦးဖြစ်သည့်အလျောက် ငွေကြေးကိစ္စအားလုံးကို ချုပ်ကိုင်ထားခြင်းဖြစ်သည်။ ဇနီးဖြစ်သူသည် ဝင်ငွေဘယ်လောက်ရရှိသည်ကိုမသိ၊ အသုံးစရိတ် မည်မျှကုန်သည်ကို လည်းမသိပါ။ သူသည် သူမအား အိမ်မှုကိစ္စအရပ်ရပ်ကို ဆောင်ရွက်ရန် ငွေကိုအကန့်အသတ်ဖြင့်ပေးပြီး ကျန်သည်ကို စုဆောင်းထားရှိသည်။ သူမည်မျှစုဆောင်းထားသည်ကို သူမမသိပါ။ အမှန်ပင် စုဆောင်းခြင်းရှိ/ မရှိကိုလည်း မမေးရဲပါ။ သူမသည် အရဲစွန့်ပြီးမေးလိုက်ပါက သူသည် ရှုတ်ချသောအဖြေဖြင့် သူမ၏နေရာမှန်ကို ပြန်ပို့လိုက်သည်။ “ဒါကငါ့ ပိုက်ဆံပဲ၊ ငါကြိုက်သလိုသုံးမယ်၊ ငါဒီမှာဦးစီးပဲ၊ မင်းငွေကြေးအကြောင်း ပြောချင်၊ မင်းဟာမင်း ထွက်ရှာပေါ့” ဆိုသည့် နိုင်ထက်စီးနင်းအပြောနှင့် ပိတ်လိုက်သည်။
ဤအရာသည် တစ်ဦးတည်းကို ခွန်အားဖြင့်စိုးမိုးသည့် စနစ်ဖြစ် သည်။ သူပြောသည်မှာ “ငါ့ပိုက်ဆံ” နောက်ပြီး “မင်းငွေ” မဟုတ်။ ဤအရာသည်ဘုရားသခင်၏အစီအမံမဟုတ်ပါ။အဘယ်ကြောင့်ဆိုသော် ခရစ်တော်ကိုယ်တိုင်ချမှတ်ထားသည့် အိမ်ထောင်ရေးအခြေခံစည်းမျဉ်း ကို မဖြစ်မြောက်အောင် အန်တုတားဆီးခြင်းဖြစ်သည့်အတွက်ကြောင့် ဖြစ်၏။ “ထိုကြောင့် သူတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏” (မဿဲ ၁၉း၆)။
နှစ်ဦးခွန်အားဖြင့်စိုးမိုးသည့်အစီအစဉ်
တချို့ဇနီးသည်တို့သည် နှုတ်ဖြင့်ဆဲဆိုမှုကိုခံရသည်မှာ မောပန်း လာတော့သည်။ ထိုကြောင့် အပြင်ထွက်ငွေရှာပြီး ကလဲ့စားချေလိုသည့် စိတ်ဖြင့် ပြန်လာသည်။ ထိုနောက် သူတို့နှစ်ဦးသည် လွန်ဆွဲပွဲကဲ့သို့ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်လေတော့သည်။ ဤစနစ်တွင် ယောက်ျားနှင့် မိန်းမနှစ်ဦး ရရှိဝင်ငွေကို သတိနှင့်စောင့်ရှောက်ကာကွယ်ပြီး တစ်ဦးနှင့် တစ်ဦးဝင်ရောက်စွက်ဖက်ခြင်းကို ရက်စက်ကြမ်းကြုတ်စွာဖြင့် ကာကွယ် လေ၏။ အသုံးစရိတ်နှင့်ပတ်သက်ပြီး သူက ဘာအတွက်ပေးရမည်ဆို သည့် အစီအစဉ်ကိုပြုလုပ်ထားသည်။ သူတို့နှစ်ဦးသည် ဘယ်သူကဘယ် လောက်ဝင်ငွေရှိသည်ကိုမသိ၊ ဘယ်ရွေ့ဘယ်မျှ စုဆောင်းထားသည်ကို လည်းမသိ၊ ဤအရာများသည် သေချာစွာထိန်းသိမ်းထားသည့် လျှို့ဝှက် ချက်များဖြစ်သည်။
“ဒါက မင်းငွေ၊ ဒါကငါ့ငွေ” ဆိုသည့်စနစ်သည် နှစ်ဦးခွန်အားဖြင့် စိုးမိုးသည့် အစီအစဉ်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး မယုံသင်္ကာဖြစ်စေ၏။ တစ်ဦးနှင့်တစ်ဦး အမြဲချောင်းမြောင်းကြည့်ရှုလျက်ရှိပြီး အခွင့်အရေး ရရှိ သော် အခြားတစ်ဦးထံမှပင် ခိုးဝှက်ယူရန်စိတ်ရှိသည်။ ဤအစီအစဉ် သည်လည်း ဘုရားသခင်၏ အိမ်ထောင်အတွက် အစီအစဉ်မဟုတ်ပါ။ အထက်ဖေါ်ပြသည့်စနစ်ကဲ့သို့ပင် ဤစနစ်သည် အိမ်ထောင်ရေးအတွက်
ဘုရားသခင်၏ သြဝါဒသဘောထားကိုမတရားပြုခြင်းကြောင့်ဖြစ်၏။
နှစ်ဦးဖက်စပ်အစီအစဉ်
ထိုနောက် နှစ်ဦးဖက်စပ်စီမံခန့်ခွဲသည့်အစီအစဉ်ရှိသည်။ ဤအစီ အစဉ်၏ ဥပဒေသသည် ဇနီးမောင်နှံနှစ်ဦးသည် အိမ်ထောင်ကို ပြုစုပျိုး ထောင်သည့်မြင့်မြတ်သောအရာသည် နှစ်ဦးနှစ်ယောက်လုံး၌ပင် ညီမျှ စွာတာဝန်ရှိရမည်။ သူတို့သည် တူညီသောရပိုင်ခွင့်နှင့်ဝတ္တရားများရှိကြ သည်။
ထိုကြောင့် တစ်ဦးတည်းသာဝင်ငွေရှာခဲ့သော် ဤတစ်ခုတည်း သော ဝင်ငွေသည် “ဒို့ဝင်ငွေ” ဟု သတ်မှတ်ကြ၏။ “ဒို့အိမ်” “ဒို့ဝင်ငွေ” ဖြစ်၏။
အကယ်၍ ဇနီးမောင်နှံနှစ်ဦးလုံးဝင်ငွေရှာသူများဖြစ်သော် ၎င်းတို့ ၏ဝင်ငွေကိုပေါင်းစပ်ပြီး တစ်ခုတည်းဖြစ်စေ၏။ “မင်းပိုက်ဆံ” “ငါ့ပိုက် ဆံ မဟုတ်တော့ပြီ။ “ငါတို့ရဲ့ဝင်ငွေ”ဟုသာဖြစ်လေတော့သည်။ နှစ်ဦးပိုင် ဆိုင်ရာဖြစ်ပြီး အသုံးစရိတ်များကို အတူတကွဆုံးဖြတ်ကြ၏။ ထိုနောက် သူတို့သည် အိမ်ထောင်၏ရသုံးငွေစာရင်းကို ရေးဆွဲပြီး ငွေကြေးသုံးစွဲမှု တွင် အတူတကွဆုံးဖြတ်ကြလေ၏။
ဤစနစ်တွင် ဗိုလ်ကျစိုးမိုးသူမရှိပါ။ ဇနီးမောင်နှံနှစ်ဦးသည် ညီတူ ဆက်စပ်ဖြစ်သည်။ သူတို့သည် ငြိမ်းချမ်းစွာအတူတကွ စီမံသူများဖြစ် သည်။ လျှို့ဝှက်ချက်များမရှိ၊ မယုံသင်္ကာမှုများမရှိ၊ မသမာလျှို့ဝှက် ကြံ စည်မှုများလည်းမရှိပါ။ တစ်ကိုယ်လုံး၏ ငွေကြေးခိုင်မာတောင့်တင်းမှု အတွက် ဦးခေါင်းနှင့်နှလုံးသားသည် အတူတကွအလုပ်ဆောင်ရွက်လျက် ရှိ၏။ ဤအစီအစဉ်သည် ဘုရားသခင်၏ အိမ်ထောင်အတွက် ‘စံပြ’ ဖြစ်၏။ ဘုရားသခင်သတ်မှတ်ထားသည့် အိမ်ထောင်ရေးစည်းမျဉ်း ဖြစ် သည်။ “နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏” ဆိုသော စည်းမျဉ်းကို သရုပ်ဆောင်ဖေါ်ပြခြင်းကြောင့် ဖြစ်၏။
ပါဝင်သက်ဆိုင်မှုများ
နှစ်ဦးဖက်စပ်အစီအစဉ်တွင် အရေးကြီးသည့် ပါဝင်သက်ဆိုင်မှု များရှိသည်။ “တို့ငွေ” ကိုစုဆောင်းရာ၌လည်းကောင်း၊ သုံးစွဲရာ၌လည်း ကောင်း နှစ်ဦး၏စုပေါင်းဆုံးဖြတ်ချက်များလိုအပ်ပါသည်။ အကြွေးကိစ္စ နှင့် ပတ်သက်မှုကိုလည်း စုပေါင်းဆုံးဖြတ်ချက်လိုအပ်ပါသည်။ တတ်နိုင် သမျှအကြွေးကို ရှောင်ရှားသင့်သည်။ လုပ်ရိုးလုပ်စဉ်ဝယ်နေကျအရာများ ကိုလည်း ရှောင်ရှားသင့်သည်။ သို့သော် တစ်ခါတစ်ရံအကြီးစားပစ္စည်း များဝယ်ယူရန်အတွက် အကြွေးယူရန် လိုအပ်လာပါသည်။ ထိုသို့သော အကြွေးယူသည့်ကိစ္စတွင် စုပေါင်းဆုံးဖြတ်ခြင်းကို လိုအပ်သည်သာမက အကြွေးယူသည့်အရာသည် အသုံးတည့်သည်ဟု သေချာစွာသိနိုင်သော စုပေါင်းအသိဉာဏ်ကိုလည်း လိုအပ်သည်။
အသိဉာဏ်မည်မျှလိုအပ်ပါသနည်း။ ယခုခေတ်မီဒီယာသတင်း ကြေညာတို့သည် ကျွန်ုပ်တို့ မလိုအပ်သောအရာများကို အမှန်တကယ် လိုအပ်သည်ဟု ညှို့ဆွဲသွေးဆောင်ခြင်းကြောင့် ဦးနှောက်ရှင်းရှင်း မျက်စိ လင်းလင်းဖြင့် ယတိပြတ် “မလိုဘူး” ဟု ပြောဆိုရန် ပြတ်သားသည့်ဆုံး ဖြတ်ချက် ရှိရမည်။ ယနေ့လူများသည် မိမိအလိုဆန္ဒကို ပြေစေရန် ဆင်းရဲမွဲတေဘဝသို့ တွန်းပို့ခြင်းကို သန်မာမြဲမြံသော လက်များဖြင့် “မလိုဘူး” ဟုပြောနိုင်စိတ်ရှိရမည်။ ဤအချိန်ကာလတွင် “သူများရှိသလို ကျွန်ုပ်လည်းရှိရမယ်” ဆိုသည့်သဘောဖြင့် လိုက်၍ မမီသောအပြေးကို ရှုံးတော့မည်ဟူသောစိုးရိမ်မှုဖြင့် ခြေကိုဘရိတ်အုပ်နင်းကာ “မလိုဘူး” ဟု ပြောဆိုရန် လိုအပ်မည်ဖြစ်၏။
နှစ်ဦးနှစ်ဖက်အစီအစဉ်သည် ငွေကြေးစုဆောင်းရန် အတူတကွ ဆုံးဖြတ်ချက်ချရမည်။ အနာဂတ်သည် မသိရှိနိုင်သော အရာဖြစ်သည့် အတွက် စုဆောင်းခြင်းအစီအစဉ်သည် ပညာသတိရှိရန် လိုအပ်သည်။ တိကျခိုင်မြဲသောစုဆောင်းခြင်းသည် မည်မျှပင်နည်းစေကာမူ၊ အချိန် ကာလနှင့်အညီ ကြီးမားသည့်အမြတ်အစွန်း ဖြစ်ပေါ်နိုင်သည်။ ပုရွက် ဆိတ်တို့၏ဆိုရိုးစကားပုံကဲ့သို့ ခရစ်ယာန်ဇနီးမောင်နှံတို့သည် အသက် တာ၏ ဆောင်းတွင်းအအေးဒဏ်ခံနိုင်ရန် အသက်တာ၏ နွေကာလ၌ စုဆောင်းရမည်ဖြစ်သည်။ (သု ၆း၆-၈)။ နှစ်ဦးဖက်စပ်စနစ်သည် အတူ တကွစုဆောင်းခြင်း လိုအပ်ပေသည်။ အချုပ်အားဖြင့်ဖေါ်ပြရသော် ယောက်ျား၏ဝင်ငွေအားလုံး၊ မိန်းမ၏ဝင်ငွေအားလုံးသည် ဇနီးသည်နှင့် လင်သားနှစ်ဦးလုံးပိုင်ဆိုင်သောဝင်ငွေများဖြစ်သည်။
သို့သော် သတိပြုရန်အချက်များရှိ၏။ အကြင်လင်မယားနှစ်ဦး အနက် တစ်ဦးသည်သေရည်သေရက်သောက်စားခြင်းဖြင့်လည်းကောင်း၊ မူးယစ်ဆေးသုံးစွဲခြင်းဖြင့်လည်းကောင်း၊ လောင်းကစားခြင်းဖြင့်လည်း ကောင်း၊ အခြားသော အသုံးအဖြုန်းများဖြင့် ငွေကြေးဖြုန်းတီးသည့် အကျင့်စရိုက်ရှိပါက အတူတကွ ငွေကြေးစုပေါင်းစုဆောင်းခြင်းသည် အစဉ်သဖြင့် ကြွေးမြီပေးရန် တာဝန်မကင်းဖြစ်နိုင်ဖွယ်ရှိပြီး မိသားစု၏ ကောင်းကျိုးဖြစ်နိုင်မည်မဟုတ်ပါ။
အကယ်၍ ပေါင်းဖေါ်ဖက်တစ်ဦးသည် ကြွေးမြီများနှင့်သော် လည်းကောင်း၊ မိမိကိုယ်ပိုင်ဆိုင်သည့်ပစ္စည်းများ ဘေးအန္တရာယ်ကျ ရောက်စေသည့် စွန့်စားရသောအလုပ်ဖြင့်လည်းကောင်း၊ ထိမ်းမြားခြင်း ပလ္လင်သို့လာရောက်သော် ငွေရေးကြေးရေးကိစ္စသတင်းပြန်ကြားချက်နှင့် အစီအစဉ်များကို အတူတကွပြုလုပ်ကြပြီး ငွေကြေးလုပ်ဆောင်မှုတွင်ကို မူ သီးခြားဆောင်ရွက်ရန် ပို၍ကောင်းမည်ဖြစ်၏။ တစ်ဦးချင်းဘုရား သခင်မှပေးသည့် အသိဉာဏ်ပညာဖြင့် မိမိတို့၏အခြေအနေကို အကဲ ဖြတ်ကာ တစ်ဦးအတွက်သော်လည်းကောင်း၊ စုပေါင်းအတွက်သော် လည်းကောင်း အကျိုးရှိစေရန် အတူတကွသဘောတူ ဆုံးဖြတ်ကြရန် ဖြစ်၏။
သုံးဦးဖက်စပ်အစီအစဉ်
အိမ်ထောင်အတွက် စတုတ္ထငွေကြေး အစီအစဉ်ရှိသည်။ သုံးဦး ဖက်စပ်အစီအစဉ်ဖြစ်သည်။ တတိယပုဂ္ဂိုလ်သည် “ရွှေနှင့်ငွေကို ငါပိုင် သည်” ဟုဆိုသော ဘုရားသခင်ဖြစ်၏။ (ဟဂ္ဂဲ ၂း၈)။ လောကီ၏ဥစ္စာဓန အားလုံးသည် ဘုရားသခင်ပိုင်ဆိုင်တော်မူသည်။ “ထာဝရဘုရားသခင် သည် မြေကြီးနှင့်မြေကြီးတန်ဆာကိုလည်းကောင်း၊ လောကဓာတ်နှင့် လောကသားတို့ကိုလည်းကောင်း ပိုင်တော်မူ၏။” (ဆာလံ ၂၄း၁)။ ထိုကြောင့် မယား၏ ပိုင်သောငွေကြေး၊ ယောက်ျား၏ ပိုင်ဆိုင်သော ငွေကြေးအားလုံးသည် အစ၌ ဘုရားသခင်သာလျှင် ပိုင်ဆိုင်သည်။ ပထမ ဦးစွာသူပြုလုပ်တော်မူသည်။ ထိုနောက်ပေးခဲ့သည်။ ငွေကြေးရှာရန် သူ သည် အသက်၊ ကျန်းမာခြင်းခွန်အားနှင့် ဉာဏ်ပညာကို ပေးတော်မူသည်။
ဘုရားသခင်သည် ပိုင်ရှင်ဖြစ်သည်နှင့်အညီ ကျွန်ုပ်တို့သည် ဘဏ္ဍာစိုးများ (သို့မဟုတ်) စီမံခန့်ခွဲသူများဖြစ်ကြ၏။ (၁ကော ၄း၂)။ ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိသမျှတို့ကို ဘုရားသခင်ပြောသည်မှာ “ဤအရာ အားလုံးငါပိုင်တယ်။ အသိပညာဉာဏ်နှင့် စီမံခန့်ခွဲနိုင်ရန် မင်းတို့ကိုငါအပ် ထားတယ်။ ငါကပိုင်ဆိုင်တဲ့သခင်ဖြစ်တယ်။ မင်းက၊ ငါ့ရဲ့ မန်နေဂျာဖြစ် တယ်။ ပညာရှိစွာဖြင့် အသုံးပြုပါ။ ဘာကြောင့်လဲဆိုရင် ဘဏ္ဍာစိုးအနေနဲ့ မင်းရဲ့ လုပ်ရပ်အားလုံးကို မင်းတာဝန်ယူပြီး ငါ့ကိုတင်ပြရမယ်။” ခရစ်တော်သည် စုံတွဲတိုင်းကို သူ့အားတတိယပုဂ္ဂိုလ်အဖြစ်သတ်မှတ်ရန် ဖိတ်ခေါ်လျက်ရှိ၏။
ပညာရှိသူတိုင်းသည် မိမိပိုင်ဆိုင်သောအရာတစ်ခုကို အခြားသူ တစ်ဦးအား အပ်နှံထားပါက ၎င်း၏ပိုင်ဆိုင်မှုသက်သေအထောက်အထား ကို ရယူထားရှိသည်။ လက်ဖြတ်ပိုင်းအမှတ်တံဆိပ် (သို့မဟုတ်) အခြား ပိုင်ဆိုင်မှုအထောက်အထားသက်သေကို ကိုင်ထားသည်။ ဧဒင်ဥယျာဉ် တွင် ဘုရားသခင်သည် ၎င်း၏ပိုင်ဆိုင်မှုသက်သေကို ဖွဲ့စည်းတည်ထောင် ထားသည်။ အာဒံကိုပြောသည်မှာ “ငါကဥစ္စာပိုင်ရှင်၊ မင်းကငါ့ရဲ့ မန်နေ ဂျာ၊ ငါ့ရဲ့ပိုင်ဆိုင်မှုနဲ့မင်းရဲ့ဘဏ္ဍာစိုးအမှုကို သက်သေအထောက်အထား ဖြစ်စေရန် ငါအပင်တစ်ပင်ကို သီးခြားထားမည်။ မင်းအခြားအပင်၏ အသီးအားလုံးစားနိုင်တယ်။ ဒါပေမယ့် ဒီအပင်ကို မင်းလက်နဲ့မထိနဲ့” တားမြစ်ထားသောအပင်သည် အဆိပ်ပင်မဟုတ်ပါ။ ပိုင်ဆိုင်မှုသက်သေ အထောက်အထားသာ ဖြစ်သည်။ သူတို့နှစ်ဦးသည် ဘုရားသခင်၏ ပိုင်ဆိုင်မှုကို တပ်မက်ခဲ့သည်။ ဘုရားသခင်၏အမှတ်တံဆိပ်ကို အန်တု ဆီးတားပြီး ဤဂြိုဟ်ပေါ်တွင် တော်လှန်သည့်လမ်းကြောင်းကို ချပေး လိုက်သည်။ သူတို့သည် ၎င်းတို့၏ဝါရင့်ဖက်စပ်အဖေါ်ပေါ် သစ္စာပျက်ခဲ့ လေပြီ။
ထိုနောက် ဘုရားသခင်သည် အခြားသစ္စာရှိမှုအထိမ်းအမှတ် တစ်ခုကို ထပ်မံဖွဲ့စည်းတည်ဆောက်လိုက်သည်။ “စပါးဖြစ်စေ၊ သစ်သီး ဖြစ်စေ၊ မြေကဖြစ်သော အသီးအနှံဆယ်စုတစ်စုသည် ထာဝရဘုရား သခင်၏ ဘဏ္ဍာတော်ဖြစ်၏။ ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။” (ဝတ်ပြု ၂၇း၃ဝ)။ ထိုကြောင့် ဝင်ငွေကျပ်တစ်ဆယ်ရလျှင် တစ်ကျပ်သည် ဘုရားသခင်ကိုပြန်လည်ပေးအပ်ရမည်။ ဤအရာသည် သူ၏ ပိုင်ဆိုင်မှု နှင့် ကျွန်ုပ်တို့ဘဏ္ဍာစိုးအမှု၏ သက်သေဖြစ်၏။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် “သင်ဆယ်ခုကိုပိုင်ဆိုင်ကြောင်း ကျွန်ုပ်အသိအမှတ်ပြုပါ၏။ တစ်ခုကို ပြန်လည်ပေးပြီး ကျန်ကိုးခုကို သင်၏ဆန္ဒအတိုင်း ကျွန်ုပ်အစီအမံပြုပါ မည်။ ကျွန်ုပ်တို့သည် ဖက်စပ်လုပ်ကိုင်သူဖြစ်ပြီး သင်သည် ကျွန်ုပ်တို့၏ ဝါရင့်ဖက်စပ်ဖေါ်ဖြစ်၏” ဟု ပြောဆိုနိုင်မည်ဖြစ်၏။
ကျိန်ဆဲခြင်း (သို့မဟုတ်) ကောင်းချီးမင်္ဂလာ
ဘုရားသခင်တည်ထောင်ထားသည့် အဖွဲ့အစည်းသည် ဓမ္မသစ် ကျမ်းခေတ်အချိန်ကာလရှိ လူများရိုသေစောင့်ရှောက်ကြပါသည်။ အာဗြ ဟံ လိုက်နာကျင့်သုံး၏။ (က ၂၈း၂၂) ဣသရေလတို့လိုက်လျှောက်ကြ၏။ (နေဟမိ ၁၀း၃၇၊၃၈) သခင်ယေရှုလည်း ထောက်ခံအတည်ပြု၏။ ဖါရိရှဲ များသည် ဆယ်ဖို့တစ်ဖို့ကို စောင့်ရှောက်ကြသော်လည်း “တရားသဖြင့် စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကို လှပ်၍ထားကြ၏။ အလျင်ဆို သောအရာကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကိုကျင့်ရမည်" ဟု ခရစ်တော်ပြောဆိုခဲ့သည်။” (မဿဲ ၂၃း၂၃)။
တမန်တော်ပေါလုသည် ဆယ်ဖို့တစ်ဖို့စည်းမျဉ်းကို ထပ်မံအင် အား ဖြည့်လိုက်သည်။ ကပ်တိုင်ရှေ့ပိုင်းတွင် ယဇ်ပုရောဟိတ်များသည် တဲတော်ထဲ၌ရှိသောဆယ်ဖို့တစ်ဖို့ဖြင့် ထောက်ပံ့ရပြီး ကပ်တိုင်၏နောက် ပိုင်းတွင် ဧဝံဂေလိဓမ္မဆရာများသည် ထိုနည်းတူ ပေးဆပ်ရမည်ဖြစ် ကြောင်း ညွှန်ပြထားပါသည်။ “ထိုနည်းတူ၊ ဧဝံဂေလိတရားကိုဟောသော သူတို့သည် ဧဝံဂေလိကိုအမှီပြု၍ အသက်မွေးရမည်အကြောင်း သခင် ဘုရား၏ပညတ်တော်မူချက်ရှိ၏” ဟု ဖေါ်ပြထားသည်ကို တွေ့ရှိရ၏။ (၁ကော ၉း၁၄)။ ဘုရားသခင်၏ လူတို့သည် ဆယ်ဖို့တစ်ဖို့ကိုပေးရန် ငြင်းပယ်ထားရှိတိုင်း ကျိန်ဆဲခြင်းကို တွေ့ကြုံခံစားရမည်ဖြစ်သည်။ “သင်တို့သည် များစွာသောမျိုးစေ့ကိုကြဲသော်လည်း အသီးအနှံနည်းပါး ရ၏။ စားရသော်လည်း ဝစွာမစားရကြ။ သောက်ရသော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးထွေးစွာ မဝတ်ရကြ။ အလုပ်လုပ်၍ အခကိုခံရသော်လည်း မလုံသော အိတ်ထဲမှာသိုထားရကြ ၏။” သင်တို့သည် များစွာရမည်ဟု မြော်လင့်သော်လည်း ရသောဥစ္စာ ခေါင်းပါးရ၏။ အိမ်သို့ရောက်သောအခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့် နည်းဟု---ထာဝရဘုရားသခင်မေးတော်မူ၏။ ငါ့အိမ်သည် ပျက်လျက်ရှိ သောကြောင့်လည်းကောင်း၊ သင်တို့သည် အသီးအသီး မိမိအိမ်သို့ပြေး သောကြောင့်လည်းကောင်း ဖြစ်သတည်း။” (ဟဂ္ဂဲ ၁း၆၊၉)။ ဘုရားသခင် သည် လေးနက်သော စွဲချက်ကိုတင်လိုက်သည်။ “သင်တို့သည် ငါ့ဥစ္စာကို လုယူပြီး--- ဆယ်ဖို့တစ်ဖို့ကို--- လုယူပြီ။ သင်တို့သည် ကျိန်ခြင်း အမင်္ဂ လာကို ခံရကြ၏။ အကြောင်းမူကား၊ ငါ့ဥစ္စာကိုလုယူကြပြီ” (မာလခိ ၃း၈၊၉)။
အခြားတစ်ဘက်၌ လူတို့သည် ဘုရားသခင်ကို ဆယ်ဖို့တစ်ဖို့နှင့် အလှူတော်ငွေများပြန်လည်ပေးတိုင်း ကောင်းချီးမင်္ဂလာကို ခံစားရကြ ၏။ “ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်းလော့၊ ငါ့အိမ်၌ စားစရာရှိစေခြင်းငှာပြုလော့။ ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ ကိုဖွင့်၍ ကောင်းချီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်၊ မသွန်း လောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်မိန့်တော်မူ၏” (ငယ် ၁၀)။ အိမ်ထောင်တိုင်း ဤ ကြွယ်ဝလှသောကောင်းချီးမင်္ဂလာကို အသုံးပြုနိုင်သည်။
သုံးဦးဖက်စပ်လက္ခဏာ
နှစ်ဦးဖက်စပ်အစီအစဉ်ဆိုသည်မှာ လင်ယောက်ျား၏ ငွေအား လုံး၊ ဇနီးသည်မိန်းမ၏ ငွေအားလုံးသည် ၎င်းတို့နှစ်ဦးလုံး ပိုင်ဆိုင်ကြ သည်။ ၎င်းတို့နှစ်ဦးသည် ညီတူတန်းတူဖြစ်၏။ သို့သော် သုံးဦးဖက်စပ် အစီအစဉ်သည် ကျယ်ပြန့်သည့်အတိုင်းအတာရှိသည်။ ဖက်စပ်ဖေါ်နှစ်ဦး စလုံးသည် ဘုရားသခင်နှင့်ဆိုင်သည်။ ၎င်းတို့၏ ငွေအားလုံးသည် ဘုရား သခင်နှင့်ဆိုင်သည်။ ထိုကြောင့် ခရစ်တော်သည် ၎င်းတို့၏ တတိယ ဖက်စပ်ဖေါ်ဖြစ်လာ၏။ ဆယ်ဖို့တစ်ဖို့ပြန်လည်ပေးအပ်ခြင်းဖြင့် ဘုရား သခင်၏ ပိုင်ဆိုင်မှုကိုလည်းကောင်း၊ သူတို့၏ ဘဏ္ဍာစိုးအမှုကိုလည်း ကောင်း အသိအမှတ်ပြုကြပြီ။
ဤအစီအစဉ်၌ လင်ယောက်ျားနှင့်ဇနီးသည်မိန်းမသည် တန်းတူ ညီတူဖက်စပ်ဖေါ်များဖြစ်၏။ သူတို့သည် အိမ်ထောင်ကိုပြုစုပျိုးထောင် ရာ၌လည်းကောင်း၊ အရင်းအမြစ်များကို စုပေါင်းဝင်ငွေအဖြစ်လည်း ကောင်း၊ မိမိပညာဉာဏ်ကို အတူတကွပေါင်းစည်းပြီး အသုံးစရိတ်များကို ဆုံးဖြတ်ခြင်းဖြင့်လည်းကောင်း ငြိမ်းချမ်းစွာ အတူတကွဆောင်ရွက်ကြ ၏။ သူတို့၏ ပထမဦးဆုံးအသုံးစရိတ်သည် ဘုရားသခင်၏ ဆယ်ဖို့ တစ်ဖို့နှင့်အလှူငွေဖြစ်၏၊ သူတို့၏ တတိယဖက်စပ်ဖေါ်ကို အမြဲဦးစား ပေးအဆင့်တွင်ထားရှိသည်။ သူ၏အကြံပေးချက် “ဘုရားသခင်၏ နိုင်ငံ တော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာကြလော့” ကို သတိရ၏။ (မဿဲ ၆း၃၃)။ ထိုနောက် သူတို့သည် ဘုရားသခင်၏ ပြုလုပ်မည့်နိမိတ် လက္ခဏာကို စောင့်ကြည့်လေတော့သည်။ အံ့ဖွယ်လက္ခဏာသည် ဘုရား သခင်ကိုလည်းကောင်း၊ ၎င်း၏ပိုင်ဆိုင်မှုကို ဦးစွာခွဲဝေပေးသော် ကျန်ရှိ နေသောအရာများကို ဘုရားသခင်သည် တိုးပွားစေပြီး ကျွန်ုပ်တို့လိုအပ် သည့်အရာအားလုံးကို ဖြည့်ဆည်းပေးခြင်းပင်ဖြစ်၏။
လွန်ခဲ့သောနှစ်ရာပေါင်းများစွာက မုဆိုးမတစ်ဦးနှင့် သူ၏ သား သည် ထိုကဲ့သို့သော အံ့ဖွယ်နိမိတ်လက္ခဏာကို တွေ့ကြုံခံစားခဲ့ရသည်။ သူတို့နှစ်ဦးသည် နောက်ဆုံးစားစရာကိုချက်ရန် ထင်းများလိုက်လံရှာဖွေ စုဆောင်းလျက်ရှိသည်။ ပါလတိနတိုင်း၏ အစာရေဆာငတ်မွတ်သည့် ကပ်ဘေးဒဏ်ကြောင့် သူတို့သည် “စားပြီးသေမည်” ဟု အကြံရှိရာ ထို အချိန်၌ ဘုရားသခင်၏ ပုရောဖက်သည်ရောက်လာ၍ ၎င်းတို့၏ နောက် ဆုံးစားစရာကို အတူတကွ ဝေငှစားသုံးရန် တောင်းပန်လေ၏။ သူမသည် ၎င်း၏ဆီနှင့်မုန့်အနည်းငယ်သာရှိကြောင်း ဧလိယအား ပြောကြားသည့် အခါ ဧလိယ၏ ညွှန်ကြားချက်သည် အံ့ဖွယ်ကောင်းပြီး ပြတ်သားလှ၏။ “မစိုးရိမ်နှင့်--- သွား၍ ငါ့အဖို့ မုန့်ပြားငယ်တစ်ပြားကို အလျင်လုပ်၍ ယူခဲ့လော့။ နောက်မှသင်နှင့်သင်၏ သားငယ်အဖို့လုပ်လော့” (၃ရာ ၁၇း၁၃)။
မည်သို့သောစမ်းသပ်ခြင်းနည်း၊ မည်သို့သော စိန်ခေါ်ခြင်းနည်း၊ မည်သို့သောဆုံးဖြတ်ခြင်းနည်း။ သူမသည် ထင်းများရှာဖွေစုဆောင်းစဉ် ထိုမျှသောယုံကြည်ခြင်းကိုလည်း ရှာဖွေစုဆောင်းနိုင်မည်လော့။ မှန်ပေ ၏။ “ထိုမုဆိုးမသည် သွား၍ဧလိယစကားအတိုင်းပြုသဖြင့်” ဟု ဖေါ်ပြ သည်ကို တွေ့ရ၏။ (ငယ် ၁၅)။
ထိုနောက်အံ့သြဖွယ်နိမိတ်လက္ခဏာဖြစ်ပေါ်လာလေသည်။ သူမ ၏ မိသားစုနှင့်ဧလိယအတွက် နေ့စဉ်စားစရာအဖို့ မုန့်ရှိ၏။ “အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသောဆီမလျော့” (ငယ် ၁၅)။ “ငါ့ကိုစမ်းသပ် လော့” ဟု ဘုရားသခင်ပြောသောအချက်မဟုတ်ပါ၏လော့။ (မာလခိ ၃း၁၀)။ သုံးဦးဖက်စပ်အစီအစဉ်ကို အသုံးပြုခြင်းဖြင့် “ငါ့ကိုစမ်းသပ်ပါ။”
အသက်တာ၏ပေါင်းဖေါ်ဖက်
ခရစ်တော်သည် ကျွန်ုပ်တို့ ငွေကြေးဖက်စပ်ပေါင်းဖေါ်ဖက်သာ အလိုရှိသည်မဟုတ်၊ သူသည် ကျွန်ုပ်တို့အသက်တာ၏ ပေါင်းဖေါ်ဖက် ဖြစ်ရန် အလိုရှိသည်။ သူသည် ကျွန်ုပ်တို့၏ ဝင်ငွေဆယ်ဖို့တစ်ဖို့ကိုသာ အလိုရှိသည်မဟုတ်၊ ကျွန်ုပ်တို့အသက်တာ၏ဆယ်ပုံပုံ၊ ဆယ်ပုံကိုအလိုရှိ တော်မူသည်။
အခွန်ခံမဿဲသည် ငွေကြေးလောကတွင် ဂုဏ်သရေကြီးမြင့်သူ တစ်ဦးဖြစ်သည်။ အခွန်ကောက်ခံသူဖြစ်သည့်အလျောက် ဝင်ငွေကိုနှစ် မျိုးကောက်ခံရန် စီစဉ်ထားရှိသည်။ တချို့ဝင်ငွေကို ရောမဘဏ္ဍာတိုက် ထဲသို့လည်းကောင်း၊ တချို့ကိုမိမိပိုင်ဘဏ်ထဲသို့လည်းကောင်း ပေးသွင်း ရန်ဖြစ်သည်။ သူသည် တစ်နေ့ထက်တစ်နေ့ပို၍ချမ်းသာလာ၏။ မုန်းတီး သည့် ဤအခွန်ခံသည် သူ၏ ယုဒလူမျိုးများအတွက် စက်ဆုပ်ရွံရှာဖွယ် ဖြစ်၏။ ဘာဂရုစိုက်ဖို့လိုမည်နည်း။ ပိုပြီးကြီးသော အိမ်ကို အဘယ် ကြောင့် မရယူမည်နည်း။ လယ်များကိုတိုးချဲ့ပြီး ဇိမ်ခံပစ္စည်းများလည်း များပြားအောင် အဘယ်ကြောင့် မဖြစ်နိုင်မှာလဲ၊ ဦးမဿဲဇနီးမောင်နှံ နှစ်ဦးတို့သည် ဝင်ငွေများကိုနေ့စဉ်စစ်ဆေးတွက်ချက်ပြီး ယေရုရှလင် မြို့ရှိ ဘဏ်တိုက်သို့သွားသည်ကိုစဉ်းစားကြည့်ပါ။
မမေ့နိုင်သောနေ့တစ်နေ့တွင် နာဇရက်မြို့ သားယေရှုသည် အခွန်ခံရုံးရှေ့တွင်ရပ်လျက် အပြစ်သား၏ မျက်စိတည့်တည့်ကိုကြည့်ပြီး “ငါနောက်သို့လိုက်လော့” ဟု အမိန့်ပေးလိုက်သည်။ ထိုအချိန်နာရီသည် သူဆုံးဖြတ်ချက်ပေးရန်ဖြစ်၏။ ထိုခေါ်ဖိတ်သံသည် သူ၏ ငွေကြေးနှင့် ပတ်သက်သည်သာမက သူ၏ အသက်တာတစ်ခုလုံးနှင့် သက်ဆိုင်၏။ သူ၏နေထိုင်မှုအဆင့် ဘယ်ကဲ့သို့ဖြစ်မည်နည်း။ မိတ်ဆွေများဘယ်ကဲ့သို့ ထင်မြင်မည်နည်း။ သူ့ဇနီး ဘယ်ကဲ့သို့ပြောမည်နည်း။ ရှေ့လာမည့် အနာ ဂတ်နှစ်များဘယ်ကဲ့သို့ဖြစ်မည်နည်း။
ထိုမေးခွန်းများ၏အဖြေကို မဿဲမရှာတော့ပြီ။ သူသည် ထ၍ နောက်တော်သို့လိုက်လေ၏” (မဿဲ ၉း၉)။ သူ့ဆရာ၏ ပုံပမာနည်းတူ သူသည် ထွက်လာခဲ့သည်။ “ငါတို့သခင်ယေရှုသည် စည်းစိမ်ရှိသော် လည်း ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှာ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသောကျေးဇူးတော်ကို သင်တို့သိကြ၏။” (၂ကော ၈း၉)။
ရုတ်တရက်မဿဲနှင့်ယေရှုသည် ပေါင်းဖေါ်ဖက် ဖြစ်သွားလေ၏။ နောက်သုံးနှစ်အတွင်း ခရစ်တော်နှင့်မသည် ဆက်လက်ပေါင်းဖေါ်ဖက် အဖြစ် တည်ရှိသွား၏။ ထိုထက်မက အသက်တာ၏တွဲဖက်လုပ်ဆောင် သူဖြစ်၏။ ထိုနောက် ခရစ်တော်၏ ကတိတော်များကို နေ့စဉ်ကြားရ၊ ကြုံတွေ့ခံစားရလေ၏။ ထိုနောက် သူသည် ရေး၍မှတ်သားထားရှိ၏။” ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာ ကြလော့၊ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။” (မဿဲ ၆း၃၃)။ အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။ ထိုသူသည် အဆ တစ်ရာသောအကျိုးကိုရ၍ ထာဝရအသက်ကို အမွေခံရလတ္တံ့။” (မဿဲ ၁၉:၂၉)။
ထာဝရပေါင်းဖေါ်ဖက်
ခရစ်တော်နှင့်ပေါင်းဖေါ်ခြင်းသည် ထာဝရပေါင်းဖေါ်ခြင်းဖြစ်၍ အချိန်ကာလ၏ဘောင်ခတ်ထားခြင်းမရှိဘဲ ကာလအစဉ်တည်ရှိသွားမည် ဖြစ်သည်။ လူတစ်ဦးသည် လောကီအသက်တာရှိသမျှကို သခင်ယေရှုထံ တွင် ရင်းနှီးမြုပ်နှံပါက ခရစ်တော်သည် ထာဝရအသက်အားလုံးကို ထိုသူ နှင့် ပေါင်းဖက်ပြီး ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
သခင်ယေရှုနှင့်မဿဲသည် မြေကြီးသစ်တွင် ပြန်လည်ဆုံဆည်း သည်ဟု စိတ်ကူးယဉ်ကြည့်ပါ။ ခရစ်တော်က “ယေရုရှလင်မြို့ဟောင်းရဲ့ လမ်းမှာမင်းရွှေတွေကို ဆက်ကပ်လိုက်တာမှတ်မိလား။ မင်းရဲ့ဆုလာဘ် က အခုယေရုရှလင်မြို့သစ်ရဲ့ ရွှေလမ်းမကြီးအပေါ် လျှောက်ပါတော့” ဟုဆို၏။ “မြို့လမ်းမသည် ကြည်လင်သောဖန်ကဲ့သို့သောရွှေစင်ဖြစ်၏” (ဗျာ ၂၁း၂၁)။
သခင်ယေရှုဆက်လက်ပြောသည်မှာ “မင်းက၊ ယေရုရှလင်မြို့ ဟောင်းရဲ့အခွန်ခံတိုင်မကြီးဖြစ်ခဲ့တာမှတ်မိလား။ အခုငါမင်းကို ယေရုရှ လင်မြို့သစ်ရဲ့ မြို့ရိုးအမြစ်အဖြစ်ပြုလုပ်မည်။ မြို့ရိုးပေါ်မှာ မင်းရဲ့နာမည် ကို ကြည့်ပါလေ” ဟုဆို၏။ “မြို့ရိုးအမြစ်သည် တစ်ဆယ့်နှစ်ထပ်ရှိ၏။ သိုးသငယ်၏တမန်တော်တစ်ဆယ့်နှစ်ပါး၏ နာမတို့သည် မြို့ရိုး အမြစ် ပေါ်၌ ရေထားလျက်ရှိကြ၏။” (ဗျာ ၂၁း၁၄)။ ဆက်ပြီးပြောသည်မှာ မဿဲ တို့တတွေဟာ လွန်ခဲ့တဲ့ အချိန်မှာတွဲဖက်လုပ်လာခဲ့တယ်။ ရှေ့ဆက်ပြီး ထာဝရပေါင်းဖေါ်ဖက်များ ဖြစ်ကြအုံးမယ်။”
ထိုသို့သောအဖိုးထိုက်သည့်ကောင်းချီးမင်္ဂလာသည် မဿဲတစ်ဦး တည်းနှင့်သက်ဆိုင်သည်မဟုတ်ပါ။ သင်နှင့်ကျွန်ုပ်နှင့်လည်း သက်ဆိုင်ပါ သည်။ ဤလောကအဟောင်းကြီးပေါ် ရွှေများအပ်နှံခဲ့သော လူတိုင်း အတွက် လောကသစ်ပေါ်ရှိ ရွှေလမ်းမပေါ်၌ လျှောက်လှမ်းရမည်ဖြစ် သည်။ ခရစ်တော်ကို တတိယဖက်စပ်ပေါင်းဖေါ်အဖြစ် ငွေကြေးစီမံမှုနှင့် အသက်တာ၏ ခန့်ခွဲမှုတွင် ခေါ်ယူသောသူတိုင်းသည် သခင်ယေရှုနှင့် ထာဝရဖက်စပ်ပေါင်းဖေါ်ဖက်အဖြစ် ကာလအစဉ်အဆက် ပျော်ရွှင်စွာ ဝင်စားရမည်ဖြစ်၏။ မဿဲကိုကြိုဆိုသည့်အခါ ခရစ်တော်သည် သင်နှင့် ကျွန်ုပ်ကိုလည်း ကြိုဆိုမည်ဖြစ်သည်။ “ငါ့ခမည်းတော်ထံ ကောင်းချီး မင်္ဂလာကိုခံသောသူတို့ ကမ္ဘာဦးကပင် သင်တို့အဖို့ပြင်ဆင်သော နိုင်ငံကို လာ၍ အမွေခံကြလော့” ဟုဆို၏။ (မဿဲ ၂၅း၃၄)။
ရှုခင်းကိုစိတ်ကူးယဉ်ကြည့်ကြပါစို့။ “ထိုသူတို့သည် ဘုရားသခင် ၏ ပလ္လင်တော်ရှေ့မှာ ဘုရားဝတ်ကိုနေ့ညမပြတ်ပြုရကြ၏။ ထီးနန်းပေါ် မှာထိုင်တော်မူသောသူသည် သူတို့တွင် ကိန်းဝပ်တော်မူမည်။ သူတို့သည် နောက်တစ်ဖန်ရေစာကို မငတ်မမွတ်ရကြ--- ထီးနန်းအတွင်း၌ရှိသော သိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍ အသက်စမ်းရေတွင်းသို့ လမ်းပြ လိမ့်မည်။” “သိုးသငယ်သွားလေရာရာအရပ်သို့ နောက်တော်၌လိုက် သောသူဖြစ်ကြ၏။” (ဗျာ ၇း၁၄-၁၇။ ၁၄း၄)။ မည်မျှငြိမ်းချမ်းသောပေါင်း ဖေါ်ဖက်ဖြစ်ပါ၏နည်း။ ထာဝရစဉ်ဆက်မပြတ်ကာလတိုင် တည်မည် ဖြစ်သတည်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment