၆။ ထာ၀ရဧဝံဂေလိတရား
ဆုတောင်းခြင်းဖြင့်
အစပြုရန်
ယနေ့ “ထာ၀ရဧဝံဂေလိတရား” အကြောင်းကို
လေ့လာကြမည်။
ဗျာဒိတ်ကျမ်း
၁၄း၆-၇ “မြေကြီးပေါ်မှာ နေသောသူတည်းဟူသော အသီးသီး ဘာသာစကားကို ပြောသော
လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာ၀ရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တစ်ပါးက
ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။
ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို
ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို
ငါမြင်၏။”
ကျမ်းစာတွင်
ရှင်ယောဟန် ရေးခဲ့သော စာစောင်များစွာ ပါဝင်သည်။ ခရစ်ဝင်ကျမ်း ၁ စောင်၊ ဩဝါဒစာ
၃စောင်၊ ဗျာဒိတ်ကျမ်း ၁ စောင်။ သို့သော် တစ်ကြိမ်တည်းသာ မြင်တွေ့ရသည့် ဝေါဟာရမှာ “ထာ၀ရဧဝံဂေလိတရား” ဖြစ်ပါသည်။
တခြားကျမ်းစောင်များနှင့် တွဲ၍ လေ့လာရန် ထာ၀ရဆိုသည့် ဝေါဟာရကို အသုံးပြုခြင်း
ဖြစ်သည်။
မေးခွန်း ၁။ ဧဝံဂေလိတရားကို အဘယ်ကြောင့် “ထာ၀ရဧဝံဂေလိတရား” ဟု ခေါ်ဆိုရသနည်း။
သခင်ခရစ်တော်ထံမှ
အသစ်သော အသက်တာနှင့် ဘုရားသခင်၏ ကျေးဇူး ကရုဏာဖြင့် အသက်တာပြောင်းလဲခြင်း
အခွင့်အရေးသည် ဧဝံဂေလိသတင်းကောင်း ဖြစ်ပါသည်။
မေးခွန်း ၂။ ဧဝံဂေလိတရားကို မည်သူသည်
ထာ၀ရအကောင်းအထည် ဖော်ဆောင်ပါသနည်း။
ဓမ္မဓိဌာန်ကျကျ
နားလည်နိုင်ရန် လူသား၏ ကျဆုံးခြင်း သမိုင်းမှ စတင်လေ့လာမည်။ ကမ္ဘာကြီးနှင့်
လူသားကို ခရစ်တော်ဖန်ဆင်းပြီးစ အချိန်တွင် လူသည် သန့်ရှင်းပြီး
စိတ်သဘောတွင်လည်း သမမျှတပါသည်။ သန့်ရှင်းသော
အလင်းဝတ်လုံဖြင့် ထင်ရှားပေါ်လွင်ပါသည်။ မိမိတို့၏ အခြေအနေတွင် ဖြောင့်မတ်ကြောင်း
အလင်း ဝတ်လုံဖြင့် ဖော်ပြသည်။ “ဘုရားသခင် ပြဌာန်တော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်” ကို နာခံမှုရှိကြောင်း ပေါ်လွင်သည်။
မိမိအတွေး၊ ဆန္ဒကို
ဦးစားပေးသော စာတန်၏ စနစ် “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို ပုန်ကန်သော
ထောင်ချောက်အတွင်းသို့ ရောက်ရှိသွားသော အချိန်မှစတင်၍ အလင်းဝတ်လုံကို
ပထမဆုံးရှုံးသွားပါသည်။ ကျမ်းစာကို ဖတ်ကြပါစို့။
ကမ္ဘာဦးကျမ်း ၂း၂၅
ပညတ်တရားကိုနာခံခြင်းသည် ဖြောင့်မတ်သော သခင်တွင် တည်နေခြင်း ဖြစ်ပါသည်။
တရားတော်ကို လွန်ကျူးမှု မရှိခြင်း ဖြစ်ပါသည်။ ကျမ်းစာတွင် “ထိုသူလင်မယားနှစ်ဦးတို့သည်
အဝတ်မဝတ်ဘဲ နေ၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြ၏။”
ဘုရားသခင်
စေခိုင်းသည်အတိုင်း လုပ်ဆောင်ခြင်းသည် စိတ်ဝိညာဉ်ကို ရှက်ကြောက်ခြင်းမှ
ကင်းဝေးစေသည်။ နာခံခြင်းမရှိသောအချိန်မှ စတင်၍ စိတ်ဝိညာဉ်တွင် လုံခြုံရေးအတွက်
တာဝန်ယူသူမရှိ ဖြစ်လာသည်။ နာခံမှုမရှိခြင်းနှင့် အလင်းဝတ်လုံစွန့်ခွာသွားခြင်းသည်
အတူတူ ဖြစ်ပါသည်။ အလင်းဝတ်လုံစွန့်ခွာ သွားခြင်းဖြင့် သေခြင်းရောက်လာခြင်းဖြစ်သည်။
အဝတ်အချည်းစည်းရှိခြင်းသည် ဖြောင့်မတ်ခြင်း တရားစွန့်ခွာသွားခြင်း ဖြစ်သည်။
နာခံခြင်း၏ အမှတ်သင်္ကေတသည် အလင်းဝတ်လုံ ဖြစ်ပြီ အလင်းဝတ်လုံမရှိသော အဓိပ္ပါယ်မှာ
နာခံမှုမရှိခြင်းဖြစ်သည်။ ထိုကြောင့် အလိုလျောက်သေခြင်း ဆိုက်ရောက်လာခြင်း
ဖြစ်ပါသည်။ ၂ ကော အခန်းကြီး ၅ တွင် ရှင်ပေါလုက သေခြင်းတရားကို
အဝတ်အချည်းစည်းရှိခြင်းဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ အလင်းဝတ်လုံမရှိခြင်း
မှတစ်ဆင့် ကိုယ်ခန္ဓာသည် မြေမှုန့်သို့ ပြန်သွားခြင်း ဖြစ်သည်။
ရောမဩဝါဒစာ ၆း၂၃
တွင် စိတ်ဝိညာဉ်၏ အဝတ်သည် ကိုယ်ခန္ဓာဖြစ်သောကြောင့် အဝတ်မရှိသော ကိုယ်ခန္ဓာ၏
အနက်အဓိပ္ပါယ်မှာ စိတ်ဝိညာဉ်သေဆုံးခြင်း ဖြစ်ပါသည်။ မြေမှုန့်မှ လာသောလူသည်
အဝတ်မရှိသောကြောင့် မြေမှုန့်သို့ ပြန်သွားခြင်း ဖြစ်ပါသည်။ ရှင်ပေါလုက “အပြစ်တရား၏
အခကား သေခြင်းပေတည်း။”
ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား
ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာ၀ရအသက်ပေတည်း။”
၂ ကော အခန်းကြီး
၅း၂၊ ၄ တွင် လူသည် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို
နာခံမှုမရှိခြင်းကြောင့် အလိုအလျောက် အော်တိုမစ်တစ် သေခြင်းသို့ ရောက်ပါသည်။
ပို၍လွယ်ကူစွာ နားလည်စေရန် အပြစ်သည် သူဌေးအလုပ်ရှင်ဖြစ်ပြီး လူသားသည်
အလုပ်သမားဖြစ်ပါသည်။ သူဌေးအတွက် အမှုဆောင်သော သူတိုင်းအတွက် အခကြေးငွေမှာ
သေခြင်းဖြစ်ပါသည်။ လူသည် သေမင်းထံ၌ အမှုထမ်းဖြစ်သည်။ “ဘုရားသခင် ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို ပုန်ကန်သော လုပ်ငန်းရှင်စာတန်အတွက် အာဒံနှင့်ဧ၀
မွေးလာသော သူမှန်သမျှ အလုပ်သမားဖြစ်သည်။ ထို့ကြောင့် သေခြင်းအဖိုးအခကို ရရှိခြင်း
ဖြစ်သည်။ ဘုရားသခင် မိန့်ဆိုသော သေခြင်းသည် ကိုယ်ခန္ဓာသေခြင်းတစ်ခုတည်း မဟုတ်ပါ။
စိတ်ဝိညာဉ်နှင့် ထာ၀ရခွဲခွာသော ဒုတိယသေခြင်းဖြစ်သည်။
ကမ္ဘာဦးကျမ်း ၂း၁၇ “ဘုရားသခင်ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို ဆန့်ကျင်ခြင်းဖြင့် စိတ်ဝိညာဉ်သည်
ထာ၀ရပျက်စီးပျောက်ဆုံးသွားမည်ဟု ဘုရားသခင် မိန့်တော်မူခြင်း ဖြစ်ပါသည်။ “ထိုအပင်၏
အသီးကို ကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညတ်ထားတော်မူ၏။” နှစ်ပေါင်း ၉၃၀
ပြည့်သောအချိန်တွင် သေမည်ဟု ဘုရားသခင် မိန့်တော်မူသည် မဟုတ်။ စားသောနေ့တွင်
သေရမည်ဟု မိန့်တော်မူခြင်း ဖြစ်ပါသည်။ အယူခံဝင်စရာ မလိုပါ။ ချက်ချင်းသေရမည်ဟု
သခင်မိန့်တော်မူခြင်း ဖြစ်ပါသည်။
မေးခွန်း။ အာဒံနှင့်ဧ၀ အသီးကို စားသောနေ့တွင်
အဘယ်ကြောင့် ချက်ချင်း မသေသနည်း။
အလင်းဝတ်လုံစွန့်ခွာသွားသော်လည်း
သေခြင်းကို အဘယ်ကြောင့် ချက်ချင်းမခံရသနည်း။ ဖြောင့်မတ်ခြင်း မရှိ၊
အလင်းဝတ်လုံမရှိ၊ နာခံခြင်း မရှိ၊ စိတ်ဝိညာဉ်သည် ထာ၀ရပျက်စီးပျောက်ဆုံးခြင်းကို
ရင်ဆိုင်ရပြီး မြေမှုန့်သို့ ပြန်ရမည်။ ထိုနေ့ထိုအချိန်တွင် အဘယ်ကြောင့် ဘုရားသခင်
မိန့်တော်မူသည် အတိုင်း ဖြစ်မလာသနည်း။
သေခြင်းကို
ဘုရားသခင် မိန့်တော်မူသည်အတိုင်း ချက်ချင်းမခံရသော အကြောင်းမှ ဘုရားသခင်သည်
အမိန့်ပညတ်ဖြင့် ကျွန်တော်တို့ကို စီရင်တော်မူပြီး ကျေးဇူးတော် ကရုဏာဖြင့်
လူသားကို ဆက်ဆံခြင်းကြောင့် ဖြစ်သည်။ စိတ်ဝိညာဉ် ပြောင်းလဲခြင်း အခွင့်တည်းဟူသော
မဟာကရုဏာစီမံကိန်းကြီးကို ထာ၀ရစီစဉ်ထား ပြီး ဖြစ်ပါသည်။ ကမ္ဘာမြေကြီးကို
ဖန်ဆင်းခြင်း မတိုင်မီကပင် စီစဉ်ထားသည့် အကြံအစည်ဖြစ်သောကြောင့် ထိုသို့
လျှို့ဝှက်သော တရားကို ရှင်ယောဟန်က “ထာ၀ရဧဝံဂေလိတရား” ဟုခေါ်ခြင်းဖြစ်သည်။
အဖေဖြစ်သူ
အာဗြဟံနှင့် သားဖြစ်သူ ဣဇာတ် နှစ်ယောက်အတူတူ ယဇ်ပူဇော်ရန် သွားသည့်အချိန်တွင်
သိမြင်နားလည်ခြင်း မရှိသော၊ အမြင်နိုင်သော၊ သိုးသငယ်စီမံကိန်းဖြစ်သည်။
ထာ၀ရပြင်ဆင်ထားပြီး အပြစ် နွံတွင်းသို့ လူသားကျရောက်သွားပြီးမှ ဆောင်ရွက်သော
အရေးပေါ် အစီအစဉ် မဟုတ်ပါ။
ရှင်ပေတရုဩဝါဒစာ ပထမစောင်မှ အကြောင်းအရာ ချက်
ရှင်ပေတရုဩဝါဒ
ပထမစောင် ၁း၁၈-၁၉ ဖန်ဆင်းခြင်းနှင့် ကယ်တင်ခြင်း စီမံကိန်းသည် ဘုရားသခင်
ကြိုတင်ကြံစည် ဆုံးဖြတ်ထားသည့် အစီအစဉ်အားလုံးဖြစ်ပါသည်။
ဖန်ဆင်းသည့်အရာမှန်သမျှသည် ထာ၀ရတည်မြဲ တည်တံ့ရမည့် အကြံအစည်ဖြစ်သည်။ “မိစဉ်ဘဆက်ကျင်လည်သော
အချည်းနှီးကျင့် ကြံပြုမူခြင်းမှ ရွှေငွေအစ ရှိသော ဖောက်ပြန်ပျက်စီးတတ်သော
ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည် မဟုတ်။ အဘယ်အပြစ်မျှမရှိ။ အညစ်အကြေးနှင့်
ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို
သိမှတ်ကြလော့။”
ကယ်တင်ခြင်း
စီမံကိန်းကို မည်သို့ အကောင်အထည်ဖော်ဆောင်ခဲ့သနည်း။ ဆက်ဖတ်ပါ။
ရှင်ပေတရု ဩဝါဒ
ပထမစောင် ၁း၂၀ အာဒံနှင့် ဧ၀ “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်”ကို ပုန်ကန်သော အချိန်မှစတင်၍ အကောင်အထည်ဖော်ဆောင်ခြင်း ဖြစ်သည်။ “ထိုခရစ်တော်ကား
ဤကမ္ဘာမတည်မရှိမီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍ ကိုယ်တော်အားဖြင့်
ဘုရားသခင်ကို ယုံကြည်သော သင်တို့အဖို့ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။”
အပြစ်အနာအဆာကင်းသော
သိုးသငယ်ကဲ့သို့ စေတနာအလျောက် ခရစ်တော် အသက်စတေးခံရန်နှင့် လူသားအတွက်
အပြစ်ကင်းစင်သော ယဇ်ပုရောဟိတ်မင်းအဖြစ် အမှုဆောင်ရန် ဖန်ဆင်းခြင်း မတိုင်မီကပင်
စီမံဆုံးဖြတ်ထား ပြီး ဖြစ်သည်။
ကျမ်းစာတွင်
အာဒံနှင့် ဧ၀နှစ်ဦးကို ဘုရားသခင်၏ ဘုန်းတော်အလင်း ဝတ်လုံဖြင့် ဖုံးကွယ်ထားပါသည်။
ဘုရားသခင်၏ အမိန့်ကို နာခံခြင်းသည် လူသားအတွက် အလင်းဝတ်လုံဖြစ်ပါသည်။
ဖြောင့်မတ်ခြင်းလည်း ဖြစ်သည်။ ကျမ်းစာတွင် အာဒံနှင့် ဧ၀နှစ်ဦးသည်
အလင်းဝတ်လုံဖုံးကွယ်ခြင်း မရှိသည့် အချိန်မှစ၍ ဖြောင့်မတ်သော အသက်တာကို
ဆုံးရှုံးခြင်း ဖြစ်သည်။
ရှက်ခြင်း၊
ကြောက်ခြင်း၊ သေခြင်းဝင်ရောက်လာမှုတွင် “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်” ကို ပုန်ကန်သော
အချိန်မှ စတင်ကြောင်း ပေါ်လွင်ပါသည်။ အရှက်၊ အကြောက်၊ အသက်ကို ပြန်ဖုံးကွယ်ရန်
အလင်းဝတ်လုံ လိုအပ်ပါသည်။ မည်သည့် နည်းဖြင့် အရှက်၊ အကြောက်၊ အသက်ကို
ပြန်ဖုံးကွယ်နိုင်မည်နည်း။
ကမ္ဘာဦးကျမ်း ၃း၇
ကျမ်းစာတွင် အာဒံနှင့် ဧ၀နှစ်ဦးတို့သည် အသိတရားဝင်လာသည်နှင့် ချက်ချင်း
သင်္ဘောသဖန်းရွက်ကို အသုံးချပြီး အရှက်၊ အကြောက်၊ အသက်ကို ဖုံးကွယ်ကြပါသည်။ “ထိုသူနှစ်ယောက်တို့သည်
မျက်စိပွင့်လင်း၍ မိမိတို့၏ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင် မိမိတို့
ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။”
ဖြောင့်မတ်ခြင်း၊
နာခံခြင်း၊ အလင်းဝတ်လုံမရှိသော အခြေအနေတွင် လူသားနည်း လူသာဟန်ဖြင့်
သင်္ဘောသဖန်းရွက် ဝတ်လုံကို ချုပ်စပ်ပြီး ကြိုးစားဖုံးကွယ်ကြသည်။
ကြိုးစားဖုံကွယ်ကြသော်လည်း အခန်းငယ် ၁၀ ထိဆက်ဖတ်သောအခါ လုံခြုံမှုကို မခံစားရပါ။
ပြင်ပတွင်
သစ်ရွက်ဖြင့် လွှမ်းခြုံထားသော်လည်း စိတ်ဝိညာဉ်အတွင် လုံခြုံမှုမရှိကြောင်းကို
ခံစားနေရဆဲဖြစ်သည်။ ထာ၀ရဘုရား၏ ဘုန်းတော် အလင်းဝတ်လုံမဟုတ်သောကြောင့် လူသား၏
ကြိုးစားခြင်းသည် စိတ်ဝိညာဉ်အတွင်း လုံခြုံရေးအတွက် လုံလောက်မှု မရှိပါ။
စိတ်ပျက်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်မလုံခြုံမှု၊ စိတ်ရှုပ်ထွေးခြင်း
အကြောင်းများစွာ ခံစားနေရဆဲ ဖြစ်ပါသည်။
ထာ၀ရသေခြင်းမှ
ထာ၀ရအသက်ရှင်ခြင်း အခွင့်ကို “ထာ၀ရဧဝံဂေလိတရား” ဖြင့် ဘုရားသခင် ကတိပေးခဲ့ခြင်း ဖြစ်ပါသည်။
ကမ္ဘာဦးကျမ်း ၃း၁၅
ထာ၀ရဘုရားသခင် ကိုယ်တိုင် ပထမဦးဆုံး ဟောကြားခဲ့သော “ထာ၀ရဧဝံဂေလိတရား” ကတိတော်မှ
ကောက်နုတ်ကြပါစို့။ ရှိပြီးသား စီမံကိန်းကြီးကို စတင်ကြော်ငြာပြီး
အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ “သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏
အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ညှိုးဖွဲ့စေမည်။ သူသည် သင်၏
ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည် သူ၏ ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။”
ကယ်တင်ခြင်း
မဟာဗျူဟာအရ ဘုရားသခင်သည် မြွေကို ချေမှုန်းရန် မျိုးစေ့ကို စေလွှတ်မည်။
တိုက်လှန်ပွဲတွင် မြွေက မျိုးစေ့၏ ဖနောင့်ကို ပေါက်မည်။ သူ့ဖနောင့်ကို
ပေါက်ပြီးသည်နှင့် သူ့ဖနောင့်ဖြင့် မြွေ၏ဦးခေါင်းကို ကြိတ်မည်။ နင်းချေမည်။
မေးခွန်း။ မည်သည့်တိုက်ပွဲတွင် မြွေ၏
ဦးခေါင်းကြိတ်ခြင်း ခံရမည်နည်း။ မိန်းမ၏ မျိုးစေ့သည် မည်သည့်နည်းဗျူဟာဖြင့်
မြွေကို အနိုင်ယူအောင်ပွဲခံမည်နည်း။
ကမ္ဘာဦးကျမ်း ၃း၂၁
လူသားဆုံးရှုံးခဲ့ရသည့် အမည်နာမ၊ အာဏာ၊ ရာထူးနှင့် နိုင်ငံတော်ကို
မည်သည့်နည်းဖြင့် ပြန်လည် ရရှိမည်နည်း။ ဘုန်းတော် အလင်းဝတ်လုံကို မည်ကဲ့သို့
ပြန်တည် ဝတ်ဆင်ပေးမည်နည်း။ “ထာ၀ရအရှင်ဘုရားသခင်သည်လည်း၊ လူလင်မယားဖို့ သားရေဖြင့်
ဝတ်လုံကို လုပ်၍ ဝတ်ခြုံစေတော်မူ၏။” ဝတ်လုံကို မည်သူစီစဉ်ပေးသနည်း။
ဘုရားသခင်စီစဉ်ပေးပါသည်။ မည်သည့်ဝတ်လုံ အမျိုးအစားကို စီစဉ်ပေးသနည်း။ သားရေဝတ်လုံ
အမျိုးအစာကို စီစဉ်ပေးသည်။ သားရေဝတ်လုံနှင့် အလင်းဝတ်လုံ မည်ကဲ့သို့ ကွာခြားသနည်း။
သားရေဝတ်လုံကို အဘယ်ကရသနည်း။
အသက်စတေးခံသိုးသငယ်မှ ရရှိသော ဝတ်လုံအတွက်
ဘုရားသခင်၏ မဟာဗျူဟာ
သားရေဝတ်လုံဖြင့်
ပုံဆောင်သော (ဖြောင့်မတ်ခြင်း) သည် သေခြင်းတရားနှင့် စပ်ဆိုင်ပါသည်။
(ဖြောင့်မတ်ခြင်း)သည် သေခြင်းမှ စတင်သည့် အစမူလ အကြောင်းကို ဘုရားသခင်
သိရှိနားလည်စေပါသည်။
အာဒံနှင့် ဧ၀ “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို ပုန်ကန်သော အချိန်မှစတင်၍ တစ်ချိန်တည်းတွင်
သေခြင်းကို ကြုံခဲ့ရပါသည်။ ပြစ်မှားသော သူ၏ သေဆုံးခြင်း အမှုမဟုတ်ပါ။
အပြစ်ကင်းစင်သော သိုးသငယ် အသေခံရခြင်း ဖြစ်သည်။ ကယ်တင်ခြင်း အစီစဉ်ကို
ယဇ်ပူဇော်သည့် နည်းဗျူဟာဖြင့် သခင်ခရစ်တော် ဆောင်ရွက်ခဲ့ပါသည်။
အကာအကွယ်မရှိသော
လူသား၏ အခြေအနေကို ဖြည့်ဆည်းပေးသည့် မဟာဗျူဟာ ဖြစ်သည်။ ယဇ်ပူဇော်ခြင်း စနစ်တွင်
ဘုရားသခင်၏ သားသမီးများ သတိထားလိုက်နာရမည့် အကြောင်း နှစ်ခုမှာ ယဇ်ပုရောဟိတ်သည် အပြစ်အနာအဆာ ကင်းရမည်။ ပူဇော်ခံမည့် သိုးသငယ်သည် အနာအဆာကင်းရမည်။
သေချာစွာ မှတ်သားထားပါ။
ယဇ်ပုရောဟိတ်သည်
အပြစ်အနာအဆာကင်းရမည် အကြောင်း ကျမ်းချက်မှာ၊
ဝတ်ပြုရာကျမ်း
၂၁း၁၇-၂၁ “သင်၏ အမျိုးအစဉ်အဆက်တွင် ကိုယ်၌ အပြစ်ရှိသောသူသည် မိမိဘုရားသခင်၏
ပွဲတော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊
နှာခေါင်းပိသောသူ၊ အင်္ဂါပိုလွန်သောသူ၊ လက်ကျိုးသောသူ၊ ခြေကျိုးသောသူ၊
ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိနာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊
ဝှေးစေ့ပျက်သောသူသည် မချဉ်းမကပ်ရ။ ယဇ်ပုရောဟိတ် အာရုန် အမျိုးတွင် ကိုယ်၌
အပြစ်ပါသောသူ တစ်စုံ တစ်ယောက်မျှ ထာ၀ရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာကို
ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ ကိုယ်၌အပြစ်ပါသောကြောင့် မိမိဘုရားသခင်၏ မုန့်တော်ကို
ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။”
ပူဇော်ခံမည့်
သိုးသငယ်သည် အနာအဆာကင်းရမည် အကြောင်း ကျမ်းချက်မှာ၊
ဝတ်ပြုရာကျမ်း
၂၂း၂၀-၂၂ “အပြစ်ပါသော အကောင်ကို မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့် မတွေ့။
သစ္စာကတိရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ၊ သိုး၊ ဆိတ်၊ နွားကို
ထာ၀ရဘုရားအား ယဇ်ပူဇော်လိုလျှင်
စိတ်တော်နှင့် တွေ့ခြင်းငှါ စုံလင်ရမည်။
အပြစ်တစ်စုံတစ်ခုမျှ မရှိစေရ။ မျက်စိကန်းသော အပြစ်၊ အရိုးကျိုးသော အပြစ်၊
အင်္ဂါချို့တဲ့သော အပြစ်၊ မြင်းဖုရှိသော အပြစ်၊ ဝဲနာ၊ ယားနာစွဲသော အပြစ်
တစ်စုံတစ်ခုရှိလျှင် ထာ၀ရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာ ထာ၀ရဘုရားအား မီးဖြင့်
ပူဇော်သက္ကာ မပြုရ။”
ယဇ်ပုရောဟိတ်သည်
အပြစ်အနာအဆာကင်းရမည်။ ပူဇော်ခံမည့် ယဇ်ကောင်သည်လည်း အနာအဆာကင်း ရမည်။
သခင်ခရစ်တော်၏ ဆက်ကပ် ပူဇော်သော မဟာဗျူဟာကို ဖော်ပြခြင်း ဖြစ်သည်။ သခင်ခရစ်တော်သည်
မိမိစေတနာအလျောက် အသက်စတေးခံခြင်းဖြင့် ဆက်ကပ် အပူဇော်ခံမည့် အကြောင်းကို
ဟေဗြဲကျမ်းတွင် ဖော်ပြထားသည်။
အနာအဆာကင်းသော
ယဇ်ကောင်အဖြစ် စေတနာအရ ပူဇော်ခြင်းကို မခံမီ အပြစ်အနာအဆာ ကင်းသော ယဇ်ပုရောဟိတ်မင်း
အဖြစ် အသက်ရှင်နေထိုင်ပေးခဲ့ပါသည်။ “ထာ၀ရဧဝံဂေလိတရား”ကို
ဖော်ဆောင်ပေးခဲ့သော ယဇ်ပူဇော်ခြင်း မဟာဗျူဟာ ဖြစ်ပါသည်။
တိရစ္ဆာန်
ယဇ်ပူဇော်ခြင်း အမှုတွင် အပြစ်မပြေစေနိုင်ကြောင်း သတိထားရမည်။ သခင်ခရစ်တော်၏
စုံလင်သော အသက်တာဖြင့် စေတနာ အလျောက် အသက်တော်ကို စွန့်၍ စတေးခံခြင်းသာလျှင်
အပြစ်ကို ပြေစေနိုင်သည်။
လူသားများ အပြစ်လွှတ်ခြင်းအခွင့်ကို
ဓမ္မဟောင်းခေတ်တွင် မည်သည့် နည်းဖြင့် ရရှိကြသနည်း။
အနာဂတ်တွင်ကြွလာ၍
အသက်စတေးခံပေးမည့် သခင်ခရစ်တော်ကို မျှော်လင့်ခြင်းဖြင့် အသက်တာ ပြောင်းလဲခြင်း
အခွင့်ကို ခံစားရသည်။ ဘုရားသခင်၏ ကျေးဇူးကရုဏာဖြင့် အခွင့်ထူးကို ခံစားရရှိကြသည်။
ဓမ္မ ဟောင်းခေတ်တွင် ကတိတော်ကို အခြေခံသော မျှော်လင့် ယုံကြည်ခြင်းဖြင့်
လည်းကောင်း၊ ဓမ္မ သစ်ခေတ်တွင် ကတိတော် ပြည့်စုံခြင်းတွင် အခြေခံသော
လက်ဝါးကပ်တိုင်ကြောင့် လူတိုင်း အခွင့်ထူးကို ခံစားကြရသည်။
ဟေဗြဲဩဝါဒစာ ၁ဝး၄
တိရစ္ဆာန် ပူဇော်ခြင်း အမှုတွင် အပြစ်ကို မရွေ့နိုင်ပါ။ သခင်ခရစ်တော် အသက်တော်
စွန့်ခြင်းဖြင့်သာလျှင် အပြစ်သည် ရွေ့နိုင်၏။ သခင်
ခရစ်တော် ပြုလုပ်ဆောင်ရွက်ပေးသော
ကောင်းမှုများကို ယုံကြည်ကိုးစားခြင်ဖြင့်သာ အကျိုးထူးကို ခံစားရပါသည်။ “အကြောင်းမူကား၊
နွား၊ ဆိတ်၏ အသွေးသည် အပြစ်ကို မပယ်နိုင်ရာ။”
“ထာ၀ရဧဝံဂေလိတရား” သည် သခင်ခရစ်တော်
ကောင်းကင်ပလ္လင်ကို စွန့်ခွာရန် ဆုံးဖြတ်သော အချိန်တွင် စတင်ခြင်း ဖြစ်သည်။
ကမ္ဘာမြေပေါ်တွင် ကြွလာပြီး လူ့ဇာတိခံယူသည်။ လူသားများ မတတ်နိုင်သည့် “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို အကြွင်းမဲ့နာခံသော အသက်တာဖြင့်
လူသားအားလုံးအတွက် နေထိုင်ပေးသည်။
ဟေဗြဲဩဝါဒ ၄း၁၅
သခင်ခရစ်တော်သည် ကောင်းကင်ပလ္လင်ကို စွန့်ပြီး ယဇ်ပုရောဟိတ်နည်းတူ ပြည့်၀စုံလင်သော
အသက်တာကို နေပေးပြီး ထိုမှ တစ်ဆင့် အနာအဆာကင်းသော သိုးသငယ်အဖြစ် စေတနာအရ
ပူဇော်ခံခြင်း ဖြစ်သည်။ ကောင်းသောသိုးထိန်းအရှင်သခင် ခရစ်တော်သည် သိုး၏
အခြေအနေတွင် ခံယူခြင်း ဖြစ်ပါသည်။ “ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော
ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သော သူမဟုတ်။ ငါတို့ခံရသည် နည်းတူ၊
အမျိုးမျိုးသော စုံစမ်းနှောင့်ယှက် ခြင်းတို့ကို ခံဖူးသောသူ ဖြစ်တော်မူ၏။
သို့ရာတွင် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။”
အပြစ်ကင်းစင်သည့် ယဇ်ပုရောဟိတ်မင်းဖြစ်သော
သခင်ခရစ်တော်
ဟေဗြဲဩဝါဒ ၇း၂၆
ကျွန်တော်တို့ကို ကယ်တင်ရန် အသင့်လျော်ဆုံး၊ အနီးစပ်ဆုံးသူ သခင်ခရစ်တော်ဖြစ်သည်။ “ထိုသို့သော
ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့်ကင်လွတ်လျက်
အပြစ်ရှိသောသူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သား အပေါင်းတို့ထက် မြင့်မြတ်သောသူ ဖြစ်၍
ငါတို့နှင့် တော်သင့်တော်မူ၏။”
ရှင်ပေတရုဩဝါဒစာ
ပထမစောင် ၁း၁၈၊ ၁၉ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို နာခံသော
အသက်တာဖြင့် အသက်ရှင်ခဲ့ပြီးမှ ပူဇော်ခံရမည့် ယဇ်ကောင်အဖြစ် အပြစ်အကြွေးကို
ပေးဆပ်ခဲ့ပါသည်။ အရာအားလုံးကို ဖန်ဆင်းသော အရှင်ဖြစ်သော ကြောင့် အရာရာတိုင်းကို
ကိုယ်စားပြု
ရွေးနုတ်ခွင့် ရှိသူဖြစ်သည်။ လူသားကို
ဖန်ဆင်းသော ဘုရားအဖြစ်မှ လူသားတိုင်းကို ရွေးနုတ်ပိုင်သော သူဖြစ်လာပါသည်။
“မိစဉ်ဘဆက်ကျင်လည်သော
အချည်းနှီးကျင့်ကြံ ပြုမူခြင်းမှ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီးတတ်သော
ဥစ္စာနှင့်သင်တို့ကို ရွေးတော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိ။ အညစ်အကြေးနှင့်
ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို
သိမှတ်ကြလော့။”
ရှင်ယောဟန် ဩဝါဒစာ
ပထမစောင် ၂း၂ ယဇ်ပုရောဟိတ်မင်း အဖြစ် လူသားတိုင်းအတွက် စုံလင်သော အသက်တာကို
ခရစ်တော် နေထိုင်ပေးခဲ့သည်။ သိုးသငယ်ကဲ့သို့ လူတိုင်းအတွက် ခရစ်တော်
အသက်ပူဇော်ပေးခဲ့သည်။ လူတိုင်း အတွက် အသက်ရှင်ပေးသည်။ လူတိုင်းအတွက်
အသေခံတော်မူသည်။ လူသားမတတ်နိုင်သောအရာကို ပေးတော်မူခြင်း ဖြစ်သည်။ “ထိုသခင်သည်
ငါတို့၏ အပြစ်မက၊ လောကီသား အပေါင်းတို့၏ အပြစ်ဖြေစရာ အကြောင်း ဖြစ်တော်မူ၏။”
ရှင်ယောဟန် ခရစ်ဝင်
၃း၁၆ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့
မရောက်။ ထာ၀ရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို
စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”
ဟေရှာယ
အနာဂတ္တိကျမ်း ၅၃း၆ “ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက် ကိုယ်လိမ်းသို့
အသီးသိး လိုက်သွားကြသည် ဖြစ်၍ ထာ၀ရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို
သူ့အပေါ်တင်တော်မူ၏။”
ဂလာတိဩဝါဒစာ ၃း ၁၃ “ထိုကြောင့်
ဘုရားသခင် ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု
ထင်ရှားလျက် ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသော သူတိုင်း ကျိန်ခြင်းကို
ခံရသောသူ ဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက် ကြောင့်
ကျိန်ခြင်းကို ခံရသောသူ ဖြစ်၍ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ
ရွေးနုတ်တော်မူပြီ။”
လူတိုင်း၏
အပြစ်ကြွေးကို သခင်ခရစ်တော် ပေးဆပ်ခဲ့ကြောင်း လက်ခံပါသလား။
ခေတ်အဆက်ဆက်
လူအားလုံး၏ အပြစ်ကြွေးကို ပေးဆပ်ရန် အသက်စတေးခံသည်ဟု လက်ခံပါသလား။
ခေတ်အဆက်ဆက်
လူသားအားလုံးအတွက် သန့်ရှင်းသော အသက်တာကို လည်း ပေးခဲ့ပါသည်။
ရောမဩဝါဒ ၆း၂၃
ထိုသို့သော နိယာမတရားအရ လူတိုင်းကယ်တင်ခြင်း ခံရသည်မှာ မှန်ကန်ပါသလား။
အသက်တာပြောင်းလဲခြင်း အခွင့်အရေးနှင့် ကျေးဇူးကရုဏာဖြင့် ဆက်ဆံသည့်
ဝိညာဉ်ရေးစနစ်ကို လူတိုင်း လက်ခံယုံကြည်မှု မရှိခြင်းသည် တကယ်ဝမ်းနည်းစရာ
ကောင်းပါသည်။ ဆုကျေးဇူးဖြစ်သော (သခင် ခရစ်တော်၏ ဝိညာဉ်ရေးစနစ်) ကို
လက်ခံယုံကြည်မှသာလျှင် အကျိုးရလဒ် ထူးခြားစွာ ထွက်ပေါ်လာမည်။ “အပြစ်တရား၏ အခကား
သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှု
ခရစ်အားဖြင့် ထာ၀ရ အသက်ပေတည်း။”
ဆုကျေးဇူးတော်
ဆိုသည်မှာ သခင်ယေရှုခရစ်အားဖြင့် ထာ၀ရအသက်ပေတည်း။ အပြစ်၏ အလုပ်သမား ဖြစ်သောကြောင့်
ကျွန်ုပ်တို့ရရှိသော အဖိုးအခမှ သေခြင်း ဖြစ်သည်။ ဘုရားသခင်ပေးသော ဆုကျေးဇူးကို
လက်ခံယုံကြည်သောသူ အတွက်သာ အကျိုးလဒ် ထူးခြားစွာ ဖြစ်ပေါ်လာမည်။
သာဓကအဖြစ်
ကောင်းကင်ဗဟိုဘဏ်တွင် သူဌေးကြီးသည် သခင်ခရစ်တော် ဖြစ်သည် ဆိုကြပါစို့။
လူတိုင်းအတွက် လုံလောက်သော ငွေကို ပို့ပေးသည်။ ယုံကြည်ပြီးသွားရောက် ထုတ်ယူသော
အတွက်သာလျှင် ပြောင်းလဲလာသော အကျိုးရလဒ်ကို ပိုင်ဆိုင်ရသည်။
ကယ်တင်ခြင်းသည်
မိမိယုံကြည်လက်ခံသော အခြေအနေ တစ်ခုပေါ်တွင် မူတည်နေပါသည်။ ယုံကြည်ခံယူလိုသော
စိတ်ဆန္ဒမရှိသောကြောင့် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်”ကို ယုံကြည်ခြင်း မရှိ၊ သွားရောက်တောင်းဆိုမှုမရှိ။ မသွားမထုတ်သော
သူသည် မည်သည့် အရာကို မျှမရ။ ထိုကြောင့် မယုံကြည်သူအတွက် အကျိုးသက်ရောက်မှု
မရှိချေ။
လူသားအားလုံး၏
အပြစ်ကြွေးအတွက် လုံလောက်သော ဆုကျေးဇူးဖြစ်သည်။ သို့သော် ကျွန်ုပ်သည်
ရွေးချယ်မှုဖြင့် တုံ့ပြန်ရမည်။ ထုတ်ယူရမည်။ ယုံကြည်ရမည်။ ကိုးစားရမည်။
တောင်းဆိုရမည်။ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုနာခံရမည်။
တမန်တော်ဝတ္ထု
၅း၃၀၊ ၃၁ “ထာ၀ရဧဝံဂေလိတရား”
သည် (သခင်ခရစ်တော်၏
ဝိညာဉ်ရေးစနစ်) ကိုရွေးချယ်လက်ခံခြင်း အမှု နောက်ဆက်တွဲအကျိုးရလဒ် ဖြစ်ပါသည်။ “သင်တို့သည်
သစ်တိုင်၌ဆွဲ၍ ကွပ်မျက်သော ယေရှုကို ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည်
ထမြောက်စေတော်မူပြီ။ ဣသရလလူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကို
ပေးစေခြင်းငှါ ထိုသူကို အစိုးရသော အရှင်အရာ၌ လည်းကောင်း၊ ကယ်တင်သော သခင်အရာ၌
လည်းကောင်း၊ ဘုရားသခင် ခန့်ထား၍ မိမိလက်ယာလက်တော်နှင့် ချီးမြှင့်တော်မူပြီ။”
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို ဆန့်ကျင်ပုန်ကန်သော အသက်တာမှ နောင်တရခြင်း၊
စိတ်ကြေကွဲခြင်း၊ ယုံကြည်ခြင်း နည်းဗျူဟာအတိုင်း ဇာတိစိတ်သဘောအားလုံးကို
လွှဲပြောင်းပေးရသော စနစ် ဖြစ်သည်။
အတ္တကို ဗဟိုပြုသော
စာတန်၏ စိတ်သဘောအတိုင်း အသက်တာကို အခြေမခံတော့ဘဲ “ဘုရားသခင် ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ၏ ရည်မှန်းချက်အတိုင်း စိတ်နှလုံး အကြွင်းမဲ့ ပြန်လည်
ယုံကြည်လက်ခံခြင်း ဖြစ်သည်။
အတ္တဗဟိုပြုသည့်
စာတန်၏ သဘောထားနှင့် စိတ်ဆန္ဒကို ဝန်ချတောင်းပန်ခြင်းဖြင့် ဘုရားသခင် ထံတော်သို့
လွှဲပြောင်းပေးရသည်။ ဘုရားသခင် လက်ခံတော်မူကြောင်း သခင်ခရစ်တော်၏ ဝတ်လုံ
(ဖြောင့်မတ်ခြင်း) ကို ကျွန်တော်တို့ ရရှိရန် လွှဲပြောင်းပေးပါသည်။ ထို့ကြောင့်
နောင်တတရားအမှန်နှင့် ဝန်ချတောင်းပန်ခြင်းဖြင့် သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်း
(ဝတ်လုံ) နှင့် စုံလင်သော အသက်တာကို ကျွန်ုပ်တို့ ရရှိပါသည်။
တမန်တော်ဝတ္ထု
၁ဝး၄၃ ဝန်ချတောင်းပန်ခြင်းဖြင့် ကျွန်ုပ်တို့၏ အပြစ်ကို လွှဲပြောင်းပေးရသည်။
ဖြောင့်မတ်သော ဝတ်လုံကို လွှဲပြောင်းပေးခြင်းဖြင့် သခင်ခရစ်တော်
လက်ခံအသိမှတ်ပြုပါသည်။ “ထိုသခင်ကို ယုံကြည်သော သူရှိသမျှတို့သည်
နာမတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်း
ကျေးဇူးကို ခံရကြလတ္တံ့ဟူ၍ ပုရောဖက်ပေါင်းတို့သည် ထိုသခင်၏ သက်သေခံဖြစ်ကြသည်ဟု
ပေတရုမြွက်ဆို၏။”
ဟေဗြဲဩဝါဒ ၇း၂၅ “ထိုကြောင့်
အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင် အထံတော်သို့ ချဉ်းကပ်ကြ၏။ ထိုသူတို့၏
အမှုကို ကိုယ်တော်သည် စောင့်လျက် ကာလအစဉ်အသက်ရှင်သောကြောင့် သူတို့ကို
အစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။”
ရှင်ယောဟန်ဩဝါဒစာ
ပထမစောင် ၁း၉ “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍
ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊
ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။”
ကျမ်းစာ၏
ခွင့်လွှတ်ခြင်း အမှုမှာ အခြေအနေတစ်ခုပေါ်တွင် မူတည်နေပါသည်။
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို ဆန့်ကျင့်ပုန်ကန်သော အသက်တာမှ အပြစ်ကို
ဝန်ချတောင်းပန်ခြင်း၊ အပြစ်မှ နောင်တရခြင်း၊ ဇာတိစိတ်သဘောကို ချန်ထားလိုက်ပြီး “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုဝန်ခံရွေးချယ်ခြင်း ဖြစ်သည်။
ဖြောင့်မတ်ခြင်း
(ဝတ်လုံ) ကို ကျွန်တော်တို့ ရရှိပိုင်ဆိုင်နိုင်သော သခင်ခရစ်၏ မဟာဗျူဟာ ဖြစ်သည်း
ဂလာတိဩဝါဒစာ ၃း၂၆၊
၂၇ အပြစ်တရားဖြစ်သော ပညတ်တော် လွန်ကျူးခြင်းအမှုနှင့် ဖြောင့်မတ်ခြင်း (ဝတ်လုံ)
ကို သခင်ခရစ်တော် လဲလှယ်ပေးခြင်းဖြင့် စိတ်ဝိညာဉ်ထဲတွင် အဝတ်မရှိခြင်း အမှုကို
ဖြည့်ဆည်းပေးပါသည်။ ထို့ကြောင့် ကျေးဇူးကရုဏာဖြင့် ဝတ်လုံကို ပြန်လည်
ရရှိခြင်းဖြစ်ပါသည်။ အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည်
ယေရှုခရစ်ကိုယုံကြည်သဖြင့် ဘုရားသခင်၏သားဖြစ် ကြ၏။ ခရစ်တော်၌ ဗတ္တိဇံကို ခံသောသူ
ရှိသမျှတို့သည် ခရစ်တော်ကိုယူတင်ဝတ်ဆောင်သော သူဖြစ်ကြ၏။”
ဤနေရာ၌
ခရစ်ယာန်အများစုသည် ကျေနပ်ပြီး ရပ်နေကြပါသည်။ ခရစ်တော်ကို ယူတင်ဝတ်ဆောင်ပြီးပြီ။
သိပါပြီ၊ နားလည်ပါပြီ၊ လောဒိကိအသင်းတော်ဖြစ်ပါသည်။ ဤနေရာ၌ ခရစ်ယာန်အများစု၏
မဟာအမှားက ဤမျှဖြင့်သာ ကျေနပ်နေကြခြင်း ဖြစ်သည်။
“ထာ၀ရဧဝံဂေလိတရား” ၏ အရေးကြီးဆုံး မျက်နှာစာ
ဤနေရာ၌
ခရစ်ယာန်အများစုသည် ကျေနပ်ပြီး အရေးအကြီးဆုံးသော အပိုင်းကို ချန်ကြပါသည်။ “ထာ၀ရဧဝံဂေလိတရား” ၏အသီးသီးခြင်း
အပိုင်း ဖြစ်ပါသည်။ အမှန်ဝမ်းနည်းကြေကွဲသည်။ နောင်တရသည်။ အမှန်ဝန်ချတောင်းပန်လျှင်
အသက်တာသည် အမှန်တကယ်ပြောင်းလဲပြီး စိတ်ဝိညာဉ်အသစ်တွင် ဝိညာဉ်တော်၏ အသီးများ
အမှန်ပေါ်ထွက်လာပါမည်။ သက်သေအထောက်အထား ဖြစ်သော အကျိုးရလဒ် အသီးသီးခြင်းဆိုသည်မှာ
သန့်ရှင်းသော ဝိညာဉ်တော်၏ ထုတ်ကုန်ဖြစ်ပါသည်။
“ဘုရားသခင်ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို နာခံခြင်းဖြင့် သခင်ခရစ်တော်တွင်ရှိသော စိတ်သဘောသည်
စတင်မွေးဖွားလာပြီး ကြီးထွားလာပါသည်။ သခင်ခရစ်တော်၏ စာရိတ္တသည် သန့်ရှင်းသော
ဝိညာဉ်တော်ထုတ်လုပ်ပေးသော ပုံသဏ္ဌာန်ဖြစ်ပါသည်။
ဗတ္တိဇံခံယူစဉ်အချိန်တွင်
အမှန်တကယ်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်တွင် ဇာတိစိတ်သဘောကို စတေးခံသည်။
မြုပ်နှံသည်။ အသစ်သော အသက်တာမှ အမှန်ထမြောက်ကြီးထွားသည်မှန်လျှင် သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်း (ဝတ်လုံ) ကို
ခံယူတာမှန်လျှင် ဘ၀ဟန်ပန်တွေ ပြောင်းလဲမှာပဲ။
သခင်ခရစ်တော်မှလာသော
မျိုးစေ့တွင် အသစ်သော အကြား၊ အမြင်၊ အထိအတွေ့၊ နားသောတဆင်၊ အပြောအဆို အပြုအမူ၊
ဦးစာပေးခြင်း၊ တွေးတောဆင်ခြင်စဉ်းစာခြင်း တည်းဟူသော အကိုင်းအခက်များ
ဖြစ်ပေါ်လာပါသည်။ ပြောင်းလဲခြင်းသည် ဧကန်အမှန်နောင်တဖြင့် ဝန်ချတောင်းပန်ခြင်းမှ
ပေါ်ထွက်လာသော အကျိုးရလဒ် ဖြစ်ပါသည်။ သခင်ခရစ်တော်က “ ငါ၌တည်နေလျှင်
များစွာသောအသီးကို သီးလိမ့်မည်။”
“ထာ၀ရဧဝံဂေလိတရား” မှန်ကန်ထိရောက်သော
အတွေ့အကြုံမရှိခြင်းကြောင့် အသီးမရှိခြင်း ဖြစ်သည်။ ဝိညာဉ်တော်၏ အသီးသည် မိမိ၏
ကိုယ်ကျင့်တရားမှ ထွက်လာသော ထုတ်ကုန်မဟုတ်ပါ။
“ထာ၀ရဧဝံဂေလိတရား” မှသက်ရောက်လာသည့်
အကျိုးရလဒ်ဖြစ်သည်။ အကျိုးရလဒ်သည် သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်း ထင်ရှားလာသော
သင်္ကေတ
ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်လက်တွေ့
ဦးဆောင်ခွင့်မရသော အသက်တာသည် ပြောင်းလဲကြပါ။
အသီးအားဖြင့်
စိတ်သဘောကို သိရသည်။ အသီးကို မမြင်ရပါက “ထာ၀ရဧဝံဂေလိတရား” ၏
အတွေ့အကြုံမရှိခြင်းသာ ဖြစ်သည်။ သခင်ခရစ်တော်၌ တည်နေခြင်းဖြင့်
အသီးကိုသီးလိမ့်မည်ဟု ကတိတော် ရှိပါသည်။
ပထမကောင်းကင်တမန်သတင်းစကားသည်
ဘ၀အသက်တာပြောင်းလဲခြင်း သတင်းစကားဖြစ်ပါသည်။ ထာ၀ရဘုရားကို ကြောက်ရွံ့ရိုသေပါ။
ထာ၀ရဘုရားကို ချီးမွမ်းပါ။ ထာ၀ရဘုရားကို ဝတ်ပြုကိုးကွယ်ပါ။ “ဘုရားသခင်ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို နာခံခြင်းဖြင့် ပြန်လည်ယုံကြည်ခြင်း ဖြစ်သည်။
ဗျာဒိတ်ကျမ်း ၁၄း၆၊
၇ ကျွန်တော်တို့၏ စရိုက်လက္ခဏာ မပြောင်းလဲခြင်းသည် သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်း
ဝတ်လုံကို ချွတ်ထားသော ပြဿနာဖြစ်သည်။ အပြစ်မှ နောင်တရခြင်း၊
ဝန်ချတောင်းပန်ခြင်းမှန်လျှင် ပြောင်းလဲခြင်း အတွေ့အကြုံကို အမှန်ခံစားရမည်။ “မြေကြီးပေါ်မှာ
နေသော သူတည်းဟူသော အသီးသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား
ထာ၀ရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တစ်ပါးက ဘုရားသခင်ကို ကြောက်ရွံ့၍
ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊
သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့ဟု
ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။”
“ထာ၀ရဧဝံဂေလိတရား” ဖြင့်
မည်သည့်အရာကို တောင်းဆိုသနည်း။ စိတ်ဝိညာဉ်၏ သဘောကို တောင်းဆိုနေသည် မဟုတ်လား။
တိတုဩဝါဒ ၂း၁၁-၁၄
ဘုရားသခင် ဖြစ်တော်မူသည်အတိုင်း အမြင်မှန်သို့ ပြောင်းလဲကြရန်၊ အယူမှန်ရရှိစေရန်၊
ကိုးကွယ်မှု အမှန်တည်ဆောက်နိုင်ရန် ပထမကောင်းကင်တမန်၏ ဆင့်ဆိုချက်
သတင်စကားသုံးချက်ဖြင့် တောင်းဆိုထားသည်အတိုင်း “ဘုရားသခင် ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်” ကိုနာခံခြင်း ဖြင့်
ထူးခြားသည် အကျိုးရလဒ်ကို ပိုင်ဆိုင်နိုင်ရန် ဖြစ်သည်။ “ထာ၀ရဧဝံဂေလိတရား” သည်
အခွင့်အရေးတာဝန် နှင့် အကျိုးရလဒ်ကို ဒွန်တွဲထားခြင်းဖြစ်သည်။ “အကြောင်းမူကား၊
မင်္ဂလာရှိသော မြော်လင့်ရာကိုလည်းကောင်း ကြီးမြတ်သော ဘုရားသခင် တည်းဟူသော
ငါတို့ကို ကယ်တင်မူသော အရှင်
သခင်ယေရှုခရစ်၏ ဘုန်းအသရေတော်
ထင်ရှားပေါ်ထွန်းခြင်းကိုလည်းကောင်း၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏
ကျေးဇူးတော်သည် ထင်ရှားပေါ်ထွန်းလျက်ရှိ၏။ ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး၍
ပိုင်ထိုက်တော်မူသော အမျိုးကို မိမိအဖို့ စင်ကြယ်စေခြင်းငှါ လည်းကောင်း၊ ကိုယ်ကိုကိုယ်စွန့်ကြဲတော်မူပြီ။”
ဧဖက်ဩဝါဒ ၂း၈-၁၀
ဘုရားသခင်၏ ကျေးဇူးတော်သည် အပြစ်သားကို ပြောင်းလဲပေးရန် ရည်ရွယ်တော်မူသော
သခင်ခရစ်တော်၏ ဆက်ဆံရေးစနစ်ဖြစ်သည်။ ပြောင်းလဲပေးရန် အစွမ်းတန်ခိုးလည်း ရှိသည်။
ကောင်းသောအကျင့် (အလင်း) အသီးသီးစေရန် ပေးထားခြင်း ဖြစ်သည်။ “ယုံကြည်သောအားဖြင့်
ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည် မဟုတ်။
ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့
ရောက်သည်မဟုတ်၊ သို့ဖြစ်၍ အဘယ်သူမျှဝါကြွားစရာ အခွင့်မရှိ။ အဘယ်ကြောင့်နည်း
ဟူမူကား၊ ငါတို့သည် ကောင်းသော အကျင့်တို့ကို ကျင့်ရမည်အကြောင်း ယေရှုခရစ်၌
ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည်
ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။”
ဘုရားသခင်၏
ချစ်ခြင်း မေတ္တာကို အမှန်ခံယူရရှိသောသူသည် ထိုမေတ္တာကို ပြန်လည်အလင်းရောင်
ပြန်ဟပ်ပြီး ပေါ်လွင်ထင်ရှားနေမည်။
ရှင်ယာကုပ်ဩဝါဒစာ
၂း၁၄-၂၄ “ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူက ငါသည် ယုံကြည်ခြင်း ရှိ၏ဟု
ပြောလျက် အကျင့်ကို မကျင့်ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုနည်းတူ၊ အကျင့်နှင့်
ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်း ရှိသောကြောင့် အသေဖြစ်၏။ တစ်နည်းကား၊ သင်သည်
ယုံကြည်ခြင်းရှိ၏။ ငါသည် အကျင့် ရှိ၏။ သို့ဖြစ်၍ သင်သည် အကျင့်မရှိဘဲ
သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ ယုံကြည်ခြင်းကို ပြမည်ဟု
ပြောစရာရှိ၏။ အကျင့်နှင့် ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော
ငါတို့အဘအာဗြဟံသည် မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မျာ တင်လÈပူဇော်သောအခါ
အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။ ယုံကြည်ခြင်းသည်
အကျင့်နှင့်အတူ ပြုပြင်၍ အကျင့်အားဖြင့် စုံလင်သည်ကို သိမြင်ရ၏။ အာဗြဟံသည်
ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့
မှတ်တော်မူ၏ဟူသော ကျမ်းစာစကားပြည့်စုံလေ၏။
အာဗြဟံသည်လည်း ဘုရားသခင်၏ အဆွေဟူ၍ ခေါ်ဝေါ်ခြင်းကို ခံရ၏။ လူသည်
ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်၊ အကျင့်အားဖြင့်
ရောက်သည်ကို သင်တို့သိမြင်ရကြ၏။”
မည်သည့်နည်းဖြင့်
ကျွန်တော်တို့ ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်း၏ အခြေခံအုတ်မြစ် အကြောင်းကို
ရှင်ပေါလုဟောပြောခြင်း ဖြစ်ပါသည်။ ရှင်ယာကုပ်က “ဘုရားသခင် ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို ယုံကြည်နာခံခြင်းမှန်လျှင် အကျင့်အလင်းဖြင့်
သိသာထင်ရှားကြောင်း ရှင်ယာကုပ်က ဟောပြောပါသည်။
ရှင်ပေါလုက “ထာ၀ရဧဝံဂေလိတရား” ၏
အရင်းအမြစ်အကြောင်းကို ဟောပြောပါသည်။
ရှင်ယာကုပ်က
ထာ၀ရဧဝံဂေလိတရား ၏ အသီးအကြောင်းကို ဟောပြောခြင်း ဖြစ်သည်။
တစ်ဦးက
ကယ်တင်ခြင်း၏ အရင်းအမြစ် အကြောင်းကို ဟောပြောခြင်းဖြစ်သည်။
တစ်ဦးက
ကယ်တင်ခံရသောသူ၏ အသီးအပွင့်အကြောင်းကို ဟောပြောခြင်း ဖြစ်သည်။
“ထာ၀ရဧဝံဂေလိတရား” ကိုကမ္ဘာအရပ်ရပ်သို့
ဟောပြောရမည်။ “ထာ၀ရဧဝံဂေလိတရား”ကို ဘယ်အထိ ဟောရမည်နည်း။ ကယ်တင်ခံရသော သူတိုင်း
အသီးသီးချိန် အထိ ဟောပြောရမည်။ “ထာ၀ရဧဝံဂေလိတရား”သည် ပြည့်စုံသောတရား၊ အကောင်အထည်ဖော်သော တရား၊
နားထောင်ကောင်းရုံအတွက် လောက်သာဟောရမည့် တရားမဟုတ်ပါ။ ယုံကြည်ခြင်းနှင့် အလင်း
(အကျင့်) ဒွန်တွဲထားသော တရားဖြစ်သည်။
“ထာ၀ရဧဝံဂေလိတရား”သည် ကျွန်ုပ်တို့၏
ကိုယ်ခန္ဓာတွင် လက်တွေ့ အကျိုးသက်ဝင်သည့် မြင်သာထင်ရှားစေသော တရားဖြစ်သည်။
“ဧဝံဂေလိတရား”နှင့် “ထာ၀ရဧဝံဂေလိတရား” ကွာခြားချက်ကို
သိပြီဟု ယူဆပါသည်။ ထိုကြောင့် ကျွန်ုပ်တို့ အားလုံး “ထာ၀ရဧဝံဂေလိတရား” ကိုဟောကြစို့။
အသက်ရှင်ကြစို့။
ဗျာဒိတ်ကျမ်း
၇း၉-၁၂ ဖြောင့်မတ်ခြင်းတရားမှ သန့်ရှင်းခြင်းတရားအဖြစ်သို့ တိုးတက်ကြီးထားလာရန်
ပထမကောင်းကင်တမန် ဆင့်ဆိုသောသတင်း
စကားဖြင့် လေ့ကျင့်သုံးကြပါ။
နာခံခြင်းဝတ်လုံကို ဝတ်ဆင်ထားပါ။ နောက်ဆုံးတွင် အောင်ပွဲခံမည့် “ထာ၀ရဧဝံဂေလိတရား” ဖြင့် ဘုရားသခင်၏
လူများသည် အလင်းဝတ်လုံဖြင့် ကွယ်ကာခြင်းကို ခံရဦးမည်။ “ထိုနောက်မှ ငါကြည့်လျှင်
အသီးသီး ဘာသာစကားကို ပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက်၍ အဘယ်သူမျှ
မရေတွက်နိုင်သော လူများ အပေါင်းတို့သည် ဖြူသော ဝတ်လုံကို ဝတ်ဆင်လျက်၊
စွန်ပလွံခက်ကို ကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာ ရပ်နေကြ၏။
သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့် သိုးသငယ်သည်
ကယ်တင်တော်မူခြင်း ချမ်းသာရှိတော်မူစေသတည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။
ပလ္လင်တော်မှစသော အသက်ကြီးသူတို့နှင့် သတ္တဝါလေးပါး၏ ပတ်ဝန်းကျင်၌ ရပ်နေသော
ကောင်းကင်တမန်အပေါင်းတို့သည် ပလ္လင်တော်ရှေ့မှာ ပျက်ဝပ်၍ ဘုရားသခင်ကို
ကိုးကွယ်လျက်၊ အာမင်။ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက်ကောင်းချီးမင်္ဂလာ၊ ဘုန်း၊
ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိရှိတော်မူစေသတည်း။”
သခင်ခရစ်တော်သည်
ပညတ်တရားဖြင့် ကျွန်တော်တို့ကို စီရင်တော်မူပြီး မေတ္တာကရုဏာဖြင့်
ကျွန်တော်တို့ကို ဆက်ဆံတော်မူသည်။ သခင်ခရစ်တော်ကို ယုံကြည်သောသူသည် ထိုသခင်နှင့်
အတူ ကြီးထွားရင့်ကျက်လာမည်။
ပထမကောင်းကင်တမန်သခင်းစကားသည်
ဘ၀အသက်တာပြောင်းလဲခြင်း သတင်းစကားဖြစ်ပါသည်။ ထာ၀ရဘုရားကို ကြောက်ရွံ့ရိုသေပါ။
ထာ၀ရဘုရားကို ချီးမွမ်းပါ။ ထာ၀ရဘုရားကို ဝတ်ပြုကိုးကွယ်ပါ။ “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို နာခံခြင်းဖြင့်
ပြန်လည်ယုံကြည်ခြင်းဖြစ်သည်။
ထိုသို့
ပြောင်းလဲခြင်းကို “ထာ၀ရဧဝံဂေလိတရား” ဟုခေါ်ပါသည်။ “ထာ၀ရဧဝံဂေလိတရား” ကို ဟောကြားဖို့
လိုအပ်နေပါပြီ မိတ်ဆွေ။
အားလုံအပေါ် ဘုရားသခင်
ကောင်းချီးသွန်းလောင်းချပေးပါစေ။ အာမင်။
No comments:
Post a Comment