၉။ ဗာဗုလုန်၏
မတရားသော မေထုန်
ဆုတောင်းခြင်းဖြင့်
အစပြုပါ။
လွန်ခဲ့သော
သင်ခန်းစာကို အတိုချုပ်ပြန်ပြောပါ။
ဗျာဒိတ်ကျမ်း
၁၇း၁-၂ ခရစ်တော်၏ သစ္စာတရား “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်” ကိုဆန့်ကျင်သူ
အကြောင်းဖြစ်သည်။ “ဖလားခုနစ်လုံး ရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တစ်ပါးသည်
လာပြီလျှင်၊ ငါ့ကို နှုတ်ဆက်၍၊ လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည့်တန်ဆာကြီး၌
စီရင်ခြင်း အမှုကို ငါပြမည်။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်
ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု
ပြောဆိုလျက်။”
ဗျာဒိတ်ကျမ်း
၁၈း၁-၃ နိုင်ငံရေးနှင့် ဘာသာရေးသည် သဘာ၀မတူသော စနစ်နှစ်မျိုး ဖြစ်ပြီး မတူသော
သဘာ၀နှစ်မျိုးကို ရောနှောခြင်းဖြင့် တရားမျှတမှု ဆုံးရှုံးပါသည်။ ထိုမတရားသော
မေထုန်မှာ အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်မှု စတင်ရာ အုတ်မြစ်ဖြစ်သည်။ “ထိုနောက်မှ
ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသော တန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်က
ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင် လျက်ရှိ၏။ သူသည်
ကျယ်သောအသံနှင့် ကြွေးကြော်၍ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ။ နတ်ဆိုးနေရာ
ဖြစ်လေပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်း ဖြစ်လေပြီ။ ညစ်ညူး ၍ စက်ဆုပ်ဖွယ်သော
ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။ အကြောင်းမူကား၊ လူမျိုး အပေါင်းတို့သည်။ သူ၏
မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကိုသောက်ကြပြီ။
လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့် ပြုကြပြီ။ လောကီကုန်သည်တို့သည်
သူ၏ ကာမဂုဏ် စည်းစိမ်းကြွယ်၀ခြင်း အားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။”
နောက်ဆုံးကာလတွင် ဘုရားသခင်ကို ဆန့်ကျင်မည့်
မဟာမိတ်တပ်ဖွဲ့မှာ။
၁။ နိုင်ငံရေး
အသိုက်အဝန်းတွင် ပါဝင်သော အုပ်ချုပ်သူ အာဏာပိုင်များ။ (နဂါး)
၂။ ခရစ်တော်၏
သစ္စာတရားနှင့် ဆန့်ကျင်သော ပြည့်တန်ဆာအမျိုးသမီး။ (သားရဲ)
၃။ ဘုရားနှင့်
ဆန့်ကျင်သော စနစ်ကို ထောက်ခံသော ပြည့်တန်ဆာ၏ သမီးများ။ (ဆင်းတု)
ရှင်မဿဲ မရစ်ဝင်
၂၂း၁၅-၁၇ လောကီနိုင်ငံကို အုပ်စိုးသော အစိုးရမင်းများ၏ တာဝန်နှင့် စီရင်ပိုင်သော
အခွင့်အာဏာကို သခင်ခရစ်တော်၏ အမြတ်သဘောထားဖြင့် ကျော့ကွင်း၌ ကျော့မိစေရန်။ “ထိုအခါ
ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင်၊ ငါတို့သည် သူ၏ စကားကို ချောင်းမြောင်း၍
အပြစ်ပြုခွင့်ကို အဘယ်သို့ ရနိုင်သနည်းဟု မေးမြန်း တိုင်ပင်ပြီးမှ၊
မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့ စေလွှတ်၍ အရှင်ဘုရား၊
ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကို မထောက်ဘဲ ဘုရားသခင်၏
တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။ သို့ဖြစ်၍
ကိုယ်တော်သည် အဘယ်သို့ထင်တော်မူသနည်း။ ကဲသာဘုရင်အား အခွန်ကို ဆက်အပ်သလော၊
မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။”
ရှင်မဿဲခရစ်ဝင်
၂၂း၁၈-၂၁ လောကီနိုင်ငံတော်နှင့် ကောင်းကင်နိုင်ငံတော်နှစ်မျိုး ရှိကြောင်း
ခရစ်တော် သက်သေခံခြင်း ဖြစ်သည်။ “ယေရှုသည်
ထိုသူတို့၏ ဆိုးညစ်သော သဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့်
ငါ့ကို စုံစမ်းနှောင့်ယှက်ကြသနည်း။ အခွန်ငွေတစ်ပြားကို ပြပါဟု မိန့်တော်မူ၍၊
ဒေနာရိတစ်ပြားကို ယူခဲ့ကြ၏။ ဤပုံဤလိပ်စာကား အဘယ်သူ၏ ပုံ အဘယ်သူ၏ လိပ်စာဖြစ်သနည်းဟု
မေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း၊
ကဲသာဘုရင်၏ ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အား
ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။” ဤကျမ်းချက်တွင် ဖော်ပြချက်အရ ကဲသာဘုရင်ကို သခင်ခရစ်တော်
အသိမှတ်ပြုသည်။ ဘုရားသခင် နိုင်ငံတော်ကိုလည်း သခင်ခရစ်တော် အသိမှတ်ပြုသည်။
ကျွန်ုပ်တို့သည် လောကီနှင့် ကောင်းကင်နိုင်ငံနှစ်ခု စလုံးတွင် နိုင်ငံသားဖြစ်သော
ကြောင့် လူသားများ၏ တာဝန်သည် နှစ်ခုစလုံးတွင် သီးခြားနာခံရမည့် တာဝန် ရှိပါသည်။
တရားဟောရာကျမ်း
၄း၁၃ ပညတ်တော် ဆယ်ပါးကို ကျောက်ပြားသုံးချပ်ပေါ်တွင် မရေးဘဲ ဘာကြောင့်
ကျောက်ပြားနှစ်ချပ်ပေါ်တွင် ရေးသနည်း။ “သင်တို့ကျင့်စရာဖို့ မှာထားတော်မူသော ပဋိညာဉ်တရားတည်းဟူသော
ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြတ်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ၏။”
ဘုရားသခင် အပေါ်လူသား၏ ဆက်ဆံရေးတာဝန်ကို
ပထမကျောက်ပြားပေါ်တွင် ရေးပါသည်။ လူသားအချင်းချင်း၏ ဆက်ဆံရေးတာဝန်ကို
ဒုတိယကျောက်ပြားပေါ်တွင် ရေးပါသည်။
တရားဟောရာကျမ်း
၆း၄-၅ “အိုဣသရေလအမျိုး၊ နားထောင်လော့၊ ငါတို့၏ ဘုရားသခင် ထာ၀ရဘုရားသည်
တစ်ဆူတည်းသော ထာ၀ရဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင် ထာ၀ရဘုရားကို
စိတ်နှလုံးအကြွင်းမဲ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။”
ဝတ်ပြုရာကျမ်း
၁၉း၁၈ “သင့်အမျိုးသားချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍
မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်ရမည်။ ငါသည်
ထာ၀ရဘုရား ဖြစ်၏။”
ရှင်မဿဲခရစ်ဝင်
၂၂း၃၄- ၄၀ ဓမ္မဟောင်းကျမ်းတွင် ဖော်ပြသော သမ္မာတရားကို သခင် ခရစ်တော်ထပ်လောင်း
အတည်ပြုခဲ့သည်မှာ “ အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည် သာ၍ ကြီးသနည်းဟု
မေးလျှောက်သော ယေရှုက၊ သင်၏ ဘုရားသခင် ထာ၀ရဘုရားကို စိတ်နှလုံးအကြွင်းမဲ
ဥာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပထမပညတ်ဖြစ်၏ ကြီးမြတ်သော
ပညတ်လည်းဖြစ်၏။ ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ
ချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ ဤပညတ်နှစ်ပါးတို့ကား
ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင် ဖြစ်သတည်းဟု
မိန့်တော်မူ၏။”
လောကီနိုင်ငံကို
အုပ်စိုးသော အစိုးရမင်းများ၏ တာဝန်သည် ဒုတိယကျောက်ပြားတွင် ပါဝင်သော
ပညတ်တရားခြောက်ပါးကို အသက်သွင်းအကောင်အထည်ဖော်
ဆောင်ရမည့် တာဝန်ရှိပါသည်။ အစိုးရမင်းများသည်
ဒုတိယကျောက်ပြားတွင် ပါဝင်သော ပညတ်တရား ချိုးဖောက်သော သူကို အပြစ်ပေးပိုင်သော
အခွင့်အာဏာပေးထားပါသည်။ ခိုးသောသူကို ဖမ်းဆီးထောင်ချ ပိုင်ခွင့် ရှိပါသည်။
လူအသက်သတ်သောသူကိုလည်း အရေးယူအပြစ်ပေးပိုင်ခွင့် ရှိပါသည်။ ဒုတိယကျောက်ပြားတွင်
ပါဝင်သော အခြေခံတရားဖြင့် တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရန်
လောကအစိုးရမင်းများ၌ ဘုရားသခင်သည် အခွင့်အာဏာနှင့် တာဝန်ကို ပေးထားသည်။
လောကအစိုးရမင်းသည်
ယုံကြည်ကိုးကွယ်မှုဆိုင်ရာ သဘောတရားနှင့် ပတ်သက်ပြဌာန်းရန် ဘုရားသခင်သည်
အခွင့်အာဏာနှင့် တာဝန်ကို ပေးထားခြင်း လုံး၀မရှိပါ။ ထိုကြောင့် ဖာရိရှဲများသည်
ဒုတိယကျောက်ပြားအပေါ်တွင် ပါဝင်သော အခြေခံတရား ခြောက်ချက်ဖြင့် နိုင်ငံတော်မှ
ပြဌာန်းသည့် တရားဥပဒေ (ရာဇသတ်) ကိုလိုက်နာမှု မရှိကြောင်းဟူ၍ စွပ်စွဲခံရသော
အပြစ်မျိုးမရှိပါ။
ရှင်မာကု ခရစ်ဝင်
၂း၇ နိုင်ငံတော်မှ ပြဌာန်းသည့် တရားဥပဒေဖြင့် အပြစ်ရှာ၍ မရသော အခြေအနေတွင်
ဂျူးလူမျိုးမျာသည် သခင်ခရစ်တော်ကို ပထမကျောက်ပြားတွင် ပါဝင်သည့် အခြေခံတရားဖြင့်
အမှားရှာကြပါသည်။ “ထိုအရပ်၌ ထိုင်သော ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည်
ဘုရားကိုလွန်ကျူး ၍ အဘယ်ကြောင့် ဤသို့ ပြောရသနည်း။ ဘုရားသခင်မှတစ်ပါး အဘယ်သူသည်
အပြစ်ကိုလွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။”
ရှင်ယောဟန်ခရစ်ဝင်
၁ဝး၃၃ ဒုတိယကျောက်ပြားတွင် ပါဝင်သော အခြေခံတရား ခြောက်ချက်ဖြင့်
လုံး၀သက်ဆိုင်ခြင်း မရှိပါ။ “ယုဒလူတို့က၊ ကောင်းသောအမှုကြောင့်ခံနှင့်
ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို
လွန်ကျူးသော စကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။”
ဘုရားသခင်ဖြစ်ယောင်ဆောင်၍
ဘုရားသခင်ကို လွန်ကျူးသော စကားကြောင့် ဖာရိရှဲတို့၏ ဥပဒေအရ အပြစ်ရှိသည်ဟု
(ပထမကျောက်ပြားတွင် ပါသော အခြေခံတရားဖြင့်) အမှားရှာကြသည်။
ရှင်ယောဟန်ခရစ်ဝင်
၉း၁၆ မျက်စိမမြင်သောသူတစ်ဦးကို သခင်ခရစ်တော်သည် ဥပုသ်နေ့တွင် ကုသပေးသောကြောင့်
ဖာရိရှဲများက။ “ဖာရိရှဲအချို့
တို့က၊ ထိုသူသည် ဥပုသ်မစောင့်၊ ဘုရားသခင်
စေလွှတ်တော်မူသော သူမဟုတ်ဟု ဆိုကြ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော
နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်သနည်း ဟု ဆိုကြ၏။ ထိုသို့အချင်းချင်း မသင့်
မကွဲပြားခြင်းသို့ ရောက်ကြ၏။”
ရှင်ယောဟန်ခရစ်ဝင်
၅း၁၆-၁၈ ပထမကျောက်ပြားတွင် ပါသော စတုတ္ထပညတ်ကို စောင့်ထိန်း ရိုသေမှု မရှိကြောင့်
အသေသတ်ခြင်း အခွင့် ရှိစေရန် ယုဒလူတို့သည် ယေရှုကို ညှဉ်းဆဲကြ၏။ “ထိုအမှုကို
ဥပုသ်နေ့၌ ပြုတော်မူသော ကြောင့်၊ ယုဒလူတို့သည် ယေရှုကို ညှဉ်းဆဲကြ၏။ ယေရှုကလည်း၊
ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည် ဖြစ်၍ ငါသည်လည်း လုပ်၏ဟု
ပြန်ပြောတော်မူ၏။ သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည် သာမက၊ ဘုရားသခင် ကို မိမိအဘ
ဟုခေါ် ၍ မိမိကို ဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒ လူတို့သည်
ကိုယ်တော်ကို သတ်ခြင်းငှာ သာ၍ ရှာကြံကြ၏”
ဂျူးလူမျိုး၏
ထုံတမ်းစဉ်လာယုံကြည်ကိုးကွယ်မှု အတိုင်း လိုက်နာခြင်း မရှိသောကြောင့် ခရစ်တော်
စွပ်စွဲခံရခြင်း ဖြစ်သည်။ (လွပ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်မရှိ)
ရှင်ယောဟန် ခရစ်ဝင်
၈း၅၈-၅၉ စတုတ္ထပညတ်ကို စောင့်ထိန်းရိုသေမှုမရှိခြင်းသာမက ဘုရားသခင်နှင့် တန်းတူ
မိမိကိုယ်ကို သဘောထားသော အပြစ်ကြောင့် ခရစ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ
ကျောက်ခဲတို့ကို ကောက်ယူကြ၏။ “ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မီ
ငါဖြစ်၏ ဟု မိန့်တော်မူ၏။ ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ ကျောက်ခဲတို့ကို
ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ လျှောက်သွားပြီလျှင်
ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။”
ပထမကျောက်ပြားပေါ်တွင်
ပေးထားသည့် ပညတ်လေးချက်တွင် ဘုရားသခင်ကို လူသား ဆက်ဆံရမည့် တာဝန် အတွက်
ဆင့်ဆိုချက်ဖြစ်ပြီး၊ ဒုတိယကျောက်ပြားတွင် ပေးထားသည့် အခြေခံတရားခြောက်ချက်သည်
လူသားအချင်းချင်း ဆက်ဆံရမည့် တာဝန် အတွက် ဆင့်ဆိုချက် ဖြစ်သည်။ တရားဥပဒေ
စိုးမိုးရေးအတွက် လောကရှင်ဘုရှင်မှ တာဝန်ယူရသည့် အပိုင်းဖြစ်သည်။
လောကရှင်ဘုရင်သည်
ပထမကျောက်ပြားပေါ်တွင် ပေးထားသည့် ပညတ်လေးချက်ကို စီရင်ဆုံးဖြတ်ရန် လုံး၀အခွင့်
အာဏာ ပေးထားခြင်းမရှိပါ။
ရှင်မဿဲ ခရစ်ဝင်
၄း၁၀ နိုင်ငံရေးနှင့် ဘာသာရေးကို ရောနှောကျင့်သုံးရန် စာတန်သည် ယေရှုခရစ်တော်ကို
မကြခဏ တိုက်တွန်းသွေးဆောင်သည်။ ရောမလူမျိုးလက်အောက်မှ
ဂျူးလူမျိုးလွတ်မြောက်ရေးအတွက် ခေါင်းဆောင်ပေးရန် လောကီအခွင့်အရေးဖြင့်
သွေးဆောင်သည်။ ခရစ်တော်ကြွလာသည့် ရည်ရွယ်ချက် မှ လမ်းလွဲမှု မရှိပါ။ “ယေရှုကလည်း
အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်၏ ဘုရားသခင် ထာ၀ရဘုရားကို ကိုးကွယ်ရမည်။
ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်ကျမ်းစာလာသည် ဟု မိန့်တော်မူ၏။”
ရှင်ယောဟန် ခရစ်ဝင်
၆း၁၅ လောကီနိုင်ငံရေးလောကသို့ ဝင်ရောက်ခြင်း ဖြင့် ဘုရားနှင့်
ဆက်ဆံရေးလွဲချော်သွားစေရန် စာတန် ရည်ရွယ်ပါသည်။ “ထိုသူတို့သည် ကိုယ်တော်ကို
ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ လာ၍ အနိုင်အထက်ပြုကြမည် အကြောင်းကို ယေရှုသည်
သိတော်မူလျှင်၊ တောင်ပေါ်သို့တစ်ယောက်တည်း ကြွတော်မူပြန်၏။”
ရှင်လုကာ ခရစ်ဝင်
၉း၅၅-၅၆ လောကရှင်ဘုရင်၏ နိုင်ငံရေးအခွင့်အာဏာဖြင့် ကောင်းကင်နိုင်ငံတည်ထောင်ရန်
သခင်ယေရှု လက်ခံခြင်း မရှိပါ။ ရှမာရိလူမျိုးနှင့် ယုဒနှစ်စုကြားတွင် ရှိသော
အမုန်းတရားကို ဖြေရှင်းပေးရန် တိုက်တွန်းခံရသော အခါ ယေရှုက။ “ယေရှုသည်
လှည့်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ။ လူသားသည် လူတို့၏အသက်ကို
သတ်အံ့သောငှာ ကြွလာသည် မဟုတ်ပါ။ ကယ်တင်အံ့သောငှာ ကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊
အခြားသောရွာသို့ ကြွတော်မူ၏။”
မည်သည့်အကြမ်းဖက်သော
လမ်းစဉ်ကိုမျှ သခင်ခရစ်တော်လက်မခံပါ။ ခရစ်တော်တည်ထောင်သည့် နိုင်ငံသည်
ဝိညာဉ်ရေးဖြင့် တည်ဆောက်သောနိုင်ငံဖြစ်သည်။ လောကီနိုင်ငံမဟုတ်ပါ။
ရှင်လုကာ ခရစ်ဝင်
၁၇း၂၀-၂၁ ဘုရားသခင်၏ နိုင်ငံတော်သည် ကျွန်တော်တို့ စိတ်နှလုံးတွင် တည်နေသည်။
ပြင်ပပေါ်လွင်မှု ဖြစ်သော ဝါးကြွားခြင်း အမြင်တွင် တည်နေခြင်း မဟုတ်။
မုန့်စိမ်းနှင့် တဆေးကို ကြည့်ပါ။ တဆေးသည် မုန့်စိမ်းအထဲမှ စတင်၍ ပျံ့နှံ့ပါသည်။
ဟောပြောသော တရားကို ကြားနာရသော သူ၏ နှလုံးသားမှ စတင်ပြောင်းလဲသော
နိုင်ငံတော်ဖြစ်သည်။ “ဖာရိရှဲတို့သည် လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှ
တည်ပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ ယေရှုက
ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သော အရာ၌
မတည်။ ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊
ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏ အထဲ၌ ရှိသည်ဟု မိန့်တော်မူ၏။”
ရှင်ယောဟန် ခရစ်ဝင်
၁၁း၄၇-၅၀ နိုင်ငံတော်သည် သိမြင်သူများ လာပြီ ခရစ်တော်၏ နောက်လိုက်သော
သူများလာသောအခါ ဖာရိရှဲတို့သည် စိုးရိမ်ပူပန်သော စိတ်ဖြင့် “ထိုအခါ
ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည် လွှတ်အရာရှိတို့ကို စည်းဝေးစေပြီလျှင်၊
ငါတို့သည် အဘယ်သို့ ပြုလျက် နေကြသနည်း။ ထိုသူသည် များစွာသော နိမိတ်လက္ခဏာကို ပြ၏။
သူ့ကို ဤသို့ အလွယ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။
ရောမလူတို့သည်လည်း လာ၍ ငါတို့ အရပ်ဌာနကိုလည်းကောင်း၊ ငါတို့ အမျိုးကိုလည်းကောင်း
သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။ ထိုသူတို့အဝင်၊ ထိုနှစ်တွင်
ယဇ်ပုရောဟိတ်မင်း ဖြစ်သော ကယာဖ အမည်ရှိသောသူက၊ သင်တို့သည် အလျင်းမသိကြ။ ယုဒလူမျိုး
အကုန်အစင် ပျက်စီးသည်ထက်၊ လူတစ်ယောက်သည် လူများတို့ အတွက် သေသော် သာ၍ ကောင်းသည်ကို
မဆင်ခြင်ပါတကားဟု ပြောဆို၏။”
လူထု၏ထောက်ခံအားပေးခြင်း
ဆုံးရှုံးသော အမှုသည် ဖာရိရှဲများ အဓိက စိုးရိမ်ပူပန်သော အကြောင်း ဖြစ်သည်။
ရောမအာဏာပိုင်များ အမြင်မှားခြင်းဖြင့် ဌာနေအရပ်နှင့် လူမျိုးစု အခွင့်အရေး
ဆုံးရှုံးမှာကို စိုးရိမ်ကြသည်။ လောကနိုင်ငံရေးစနစ်နှင့် မတူသော ဝိညာဉ်ရေးနိုင်ငံ
ခရစ်တော်တည်ထောင်ခြင်း ဖြစ်ကြောင်း နားမလည်ကြပါ။ တပည့်တော် ပေတရုလည်း နားမလည်ပါ။
ရှင်မဿဲခရစ်ဝင်
၂၆း၅၀-၅၂ ခရစ်တော်၏ န်ိုင်ငံတော်သည် ဘုရားသခင် ၏ ဝိညာဉ်တော် တန်ခိုးကို မှီခိုလျက်
တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းဖြင့်
ဘုရားသခင်ကို မှီခိုပြီးတည်ထောင်သော နိုင်ငံဖြစ်သည်။ ကျမ်းစာက၊ “ယေရှုကလည်း
အဆွေအဘယ်အခင်း ရှိ၍ လာသနည်းဟု မေးတော်မူပြီးမှ၊ ထိုသူများတို့သည် လာ၍ ကိုယ်တော်ကို
ဆွဲကိုင်ဖမ်းဆီးကြ၏။ ထိုအခါ ယေရှုနှင့် ပါသော သူတစ်ယောက်သည် လက်ကို ဆန့်၍ ဓားကို
ဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။
ယေရှုကလည်း သင်ဓားကို သူ့နေရာ၌
ပြန်ထားလော့။ ဓားကိုကိုင်သော သူရှိသမျှတို့သည် ဓားဖြင့် ဆုံးခြင်းသို့
ရောက်ကြလိမ့်မည်။”
ရှင်မဿဲ ၂၆း၅၇ “ဓား” ကိုသူ့နေရာ၌
စနစ်တကျထားရမည်။ ဓားကို ကိုင်သော သူရှိသမျှသည် ဓားဖြင့် သေဆုံးခြင်းသို့
ရောက်လိမ့်မည်။ ဗျာဒိတ်ကျမ် ၁၃း၁၀ မှ စကားလုံးနှင့် တူပါသည်။ “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို တာဝန်ယူဆောင်ရွက်ခြင်း ရှိမရှိကို
စစ်ဆေးခြင်း ဖြစ်သည်။ “ကိုယ်တော်ကို ဖမ်းဆီးသော သူတို့သည် ကျမ်းပြုဆရာ၊
လူအကြီးအကဲများ စည်းဝေးရာ ယဇ်ပုရောဟိတ် မင်းကယာဖထံသို့ ဆောင်သွားကြ၏။”
မည်သည့်
ဝိညာဉ်ရေးစနစ်နှင့် ခံယူချက်ကို ပထမဦးဆုံး စစ်ဆေးခြင်း ဖြစ်ပါသည်။ ဗာဗုလုန်၏
ဘာသာရေးစနစ်နှင့်ကွာခြားချက်ကို ဆန်းစစ်ပါ။ “ဘုရားသခင် ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုယုံကြည်နာခံသော ဝိညာဉ်ရေးစနစ်တွင် သခင်ခရစ်တော်
တည်နေခြင်း ဖြစ်ပါသည်။ စာတန်၏ သဘောတရားနှင့် ဆန့်ကျင်သည့် ဝိညာဉ်ရေးစနစ်ဖြစ်ပါသည်။
“ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုဆန့်ကျင်ပုန်ကန်သော စာတန်၏ သဘောတရားသည်
ဂျူးလူမျိုးများ၏ ထုံးတမ်းစဉ်လာနှင့် ဥပဒေ ဖြစ်လာပါသည်။
သခင်ခရစ်တော်ကို စစ်ဆေးသော တရားခွင်ကို
ကြည့်ပါ။
၁။ သခင်ခရစ်တော်အမှု၌
မမှန်သော သက်သေကို ထွက်ဆိုစေသည်။
၂။ ညအချိန်တွင်
တရားစီရင်စေသည်။
၃။ စီရင်ချက်ချခြင်း
မတိုင်မီ ရိုက်နှက်ပါသည်။
၄။ သခင်ခရစ်တော်အတွက်
ရှေ့နေခေါ်ခွင့်မပေးပါ။
၅။ သခင်ခရစ်တော်ကို
အတင်းဝန်ခံစေပါသည်။
၆။ လူထုရှေ့တွင်
အမှုကို စီရင်ခြင်း မဟုတ်ပါ။
၇။ ယုဒလူမျိုး၏
အထူးသော ပွဲတော်နေ့တွင် စီရင်သည်။
ရှင်မဿဲခရစ်ဝင်
၂၆း၅၈-၆၅ “ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင် ကိုယ်တော်နှင့်
ဝေးစွာလိုက်၍ အတွင်းသို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကို သိမြင်ခြင်းငှာ
မင်းလုလင်တို့နှင့် အတူထိုင်နေ၏။ ယဇ်ပုရောဟိတ် အကြီး
တို့နှင့် လူအကြီးအကဲ၊
လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကို သတ်ရမည် အကြောင်း မမှန်သော သက်သေကို
ရှာသော်လည်း မတွေ့ကြ။ မမှန်သော သက်သေခံအများလာသော်လည်း သက်သေကို မတွေ့။ နောက်ဆုံး၌
မမှန်သော သက်သေခံနှစ်ယောက်တို့သည်လာ၍၊ ဤသူက ငါသည် ဘုရားသခင်၏ ဗိမာန်တော်ကို
ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင်သည်ဟု ပြောပါသည်ဟု သက်သေခံကြ၏။
ယဇ်ပုရောဟိတ်မင်းသည် ထ၍၊ သင်သည်
တစ်ခွန်းမျှ ပြန်၍ မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်းဟု
ဆိုလျှင်၊ ယေရှုသည် တိတ်ဆိတ်စွာ နေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း၊ သင်သည်
ခရစ်တော် တည်းဟူသော ဘုရားသခင်၏ သားတော်မှန်သည် မမှန်သည်ကို ငါတို့အား
ပြောစေခြင်းငှာ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏
ဟုဆိုလျှင်၊ ယေရှုက သင်ဆိုသည် အတိုင်းမှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌
လူသားသည် တန်ခိုးတော်၏ လက်ယာလက်၌ ထိုင်လျက်၊ မိုးတိမ်ကို စီး ၍ ကြွလာသည်ကို
သင်တို့မြင် ရကြလတ္တံ့ဟု မိန့်တော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို
ဆုတ်လျက် ဤသူသည် ဘုရားကို လွန်ကျူး ၍ ပြောပြီ။ အဘယ်သက်သေကို လိုသေးသနည်း၊ ဘုရားကို
လွန်ကျူး ၍ ပြောသောစကားကို ယခုပင် သင်တို့ ကြားရပြီ။”
ယဇ်ပုရောဟိတ်
အဖွဲ့မှ ယေရှုအသေခံထိုက်သည်ဟု ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတွင် ခရစ်တော်ကို စီရင်ချက်
ချပါသည်။ မည်သူသည် ခရစ်တော်ကို သေဒဏ် စီရင်သနည်း။ လောကီဘုရင်လား၊ မဟုတ်ပါ။
မည်သူသည် စုံစမ်းစစ်ဆေးခြင်း အမှုကို ပြုလုပ်သနည်း။ လောကီဘုရင်လား။ မဟုတ်ပါ။
မည်သည့် တရားဥပဒေ ဖြင့် စီရင်သနည်း။ ဒုတိယ ကျောက်ပြားတွင် ပါဝင်သော အခြေခံ
ပညတ်ခြောက်ပါးဖြင့် စီရင်ပါသလား။
ရှင်မဿဲခရစ်ဝဝ်
၂၇း၁-၂ သေဒဏ်ပေးရန် ယဇ်ပုရောဟိတ်မင်းက စီရင်သည်။ သို့တော် ယဇ်ပုရောဟိတ်မင်းသည်
သေဒဏ်ပေးပိုင်သော အခွင့်အာဏာမရှိပါ။ ထိုသူတို့ မည်သို့ ဆက်လုပ်သနည်း။ ထိုကြောင့်
သေဒဏ် စီရင်နိုင်သောလောက ရှင်ဘုရင် ရောမအာဏာပိုင် ထံသို့ သွားကြပါသည်။ “နံနက်အချိန်ရောက်လျှင်
ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲ ဖြစ်သောသူအပေါင်းတို့သည်။
ယေရှုကို သတ်အံ့သော ငှာ တိုင်ပင်၍၊
ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလက်ထံသို့ ဆောင်သွား ၍
အပ်လိုက်ကြ၏။”
ရှင်ယောဟန် ခရစ်ဝင်
၁၈း၂၉-၃၀ သာသနာအာဏာပိုင် များသည် သခင်ခရစ်တော်ကို သေစေလိုသည့် စိတ်ဆန္ဒဖြင့်
လောကီအစိုးရ ရောမအာဏာကို အသုံးချခြင်း ဖြစ်ပါသည်။ “ထိုကြောင့် ပိလတ်မင်းသည် သူတို့
ရှိရာသို့ ထွက်၍ ဤသူ၌ အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊ ဤသူသည်
လူဆိုးမဟုတ်လျှင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်၌ မအပ်ပါဟု လျှောက်ကြ၏။”
ဂျူးလူမျိုး
ထုံးတမ်းစဉ်လာနှင့် ဥပဒေ၊ ပညတ်များ လက်မခံသောသူကို မတရားသော မေထုန်နည်းဖြင့် စီရင်
ကွပ်မျက်ခြင်း ဖြစ်သည်။
ရှင်ယောဟန် ခ၇စ်ဝင်
၁၈း၃၁ နိုင်ငံ၏ တရားဥပဒေကို လွန်ကျူးခြင်း မရှိ သော်လည်း နိုင်ငံရှင်ဘုရင်၏
လုပ်ပိုင်ခွင့်အာဏာကို လိုအပ်သောကြောင့် လိမ်ညာ သက်သေခံခြင်း အမှုကို ကျမ်းစာတွင်
မတရားသော မေထုန်ဟု ခေါ်ပါသည်။ “ပိလတ်မင်းလည်း၊ သူ့ကိုယူ၍ သင်တို့ဓမ္မသတ်အတိုင်း
စီရင်ကြဟု ဆို၏။ ယုဒလူတို့ကလည်း၊ အကျွန်ုပ်တို့သည် အဘယ်သူကို မျှ မသတ်ပိုင်ပါဟု
လျှောက်ကြ၏။”
ဓမ္မသတ်အတိုင်း
ယုံကြည်မှုနှင့် ခံယူချက်မတူသောသူကို ဘာသာရေးအသင်းအဖွဲ့၏ သမ္မတရားဖြင့်
သေဒဏ်စီရင်ပိုင်သော အခွင့်အာဏာ မရှိပါ။ သင်တို့၏ ဓမ္မတရားဖြင့် သေဒဏ်စီရင်ပိုင်သော
အခွင့်အာဏာမရှိပါ။ သင်တို့၏ ဓမ္မသတ်အတိုင်း စီရင်ကြပါဟု ဖော်ပြခြင်း ဖြင့်
ပိလတ်မင်းသည် ပညတ်တရားနှစ်ခြမ်း ရှိကြောင်း အသိမှတ်ပြုခြင်း ဖြစ်ပါသည်။
သခင်ယေရှုကို
သေလိုသော ဆန္ဒဖြင့် ပြည့်တန်ဆာမိန်းမ (ဖောက်ပြန်သောအသင်းတော်) သည် နိုင်ငံတော်မှ
အကူအညီ လိုသောကြောင့် လိမ်ညာသက်သေခံခြင်း အမှုမျိုးကို ယေရှုခရစ်တော်
ကြုံရသကဲ့သို့ နောက်ဆုံးကာလတွင်လည်း မတရားသော မေထုန် အမှုကို မြင်တွေ့ ရဦးမည်။ “ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို ဆန်ကျင်သည့် သဘောသဘာ၀ကို နားလည်မည်ဟု
ယူဆပါသည်။
ရှင်လုကာ ခရစ်ဝင်
၂၃း၂ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို
ဆန့်ကျင်ပုန်ကန်သည် သဘောသဘာ၀ကို နားလည်မည်ဟု ယူဆပါသည်။ “ဤသူသည်
ပြည်သူပြည်သားများကို လှည့်ဖြား ၍၊ မိမိသည်
ခရစ်တော်တည်းသူသော ရှင်ဘုရင် ဖြစ်ကြောင်းကို
ဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့ တွေ့ပါပြီဟု
အပြစ်တင်ကြ၏။”
လောကီဘုရင်ရှေ့တွင်
မမှန်သော သက်သေဖြင့် လိမ်ညာပြီး၊ ဖာရိရှဲတို့သည် မတရားသော မေထုန်နည်းဖြင့်
သခင်ခရစ်တော်ကို ကွပ်မျက်ရန် ကြံစည်ကြသော အမှုဖြစ်သည်။
နောက်ဆုံးကာလတွင်လည်း
ဘာသာရေးသွန်သင်ချက်နှင့် ဩဝါဒ ပညတ်အတိုင်း လက်မခံသောသူကို ဖောက်ပြန်သော
အသင်းတော်သည် မတရားသော မေထုန်နည်းဖြင့် ကွပ်မျက်ဖို့ စီရင်ကြမည်။
ရှင်ယောဟန်ခရစ်ဝင်
၁၈း၃၆ သခင်ခရစ်တော်သည်လည်း နိုင်ငံတော်နှစ်ခု ရှိကြောင်း အသိမှတ်ပြုလျက်
သွန်သင်ခဲ့ပါသည်။ လောကနိုင်ငံရေးနှင့် လုံး၀ပတ်သတ်မှု မရှိသော ခရစ်တော်၏
နိုင်ငံတော်ဖြစ်ပါသည်။ “ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့် မစပ်ဆိုင်။
ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည်ယုဒလူတို့ လက်သို့ မရောက်စေခြင်းငှာ
ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့်
မစပ်ဆိုင်ဟု မိန့်တော်မူ၏။”
ဘာတွေဖြစ်ပျက်ခဲ့သည်ကို
နားလည်ပါသလား၊ ကွာခြားချက်တွေကို တွေ့ရှိပါသလား။
ရှင်ယောဟန် ခရစ်ဝင်
၁၈း၃၇ သခင်ခရစ်တော်သည် ဝိညာဉ်ရေးနိုင်ငံတော် အသစ်ကို စိတ်နှလုံးအတွင်းမှ
စတင်တည်ထောင်သော ရှင်ဘုရင်ဖြစ်ပါသသည်။ ခရစ်တော်သည် လောကီနိုင်ငံရေး စနစ်ကို
ပြောင်းလဲပြုပြင်ရန် ကြွလာခြင်း မဟုတ်ပါ။ “ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည်
ရှင်ဘုရင်မှန်သလောဟု မေးသော် ယေရှုက မင်းကြီးမေးသည်အတိုင်း ငါသည် ရှင်ဘုရင်မှန်၏။
ထာ၀ရတည်မြဲသော ကောင်းကင်နိုင်ငံတွင် မိမိသည် ရှင်ဘုရင် မှန်ကန်ကြောင်း၊
အာဏာတော်ကိုလည်း ထာ၀ရအစဉ် ရရှိမာ ဖြစ်ကြောင်း၊ သခင်ခရစ်တော် ဝန်ခံခြင်း ဖြစ်ပါသည်။
သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ ငါသည် မွေးဖွားခြင်းကို ခံ၍ ဤလောကသို့ ကြွလာပြီ၊
သမ္မာတရားနှင့် စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကို နားထောင်ကြသည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန် ခရစ်ဝင်
၁၈း၃၈ သမ္မာတရားအတွက် သခင်ခရစ်တော် မွေးဖွားလာပြီး နိုင်ငံတော်ကို စိတ်နှလုံးတွင်
တည်ထောင်ဖို့ ဖြစ်သည်။ သခင် ခရစ်တော်
၏ မေရှိယအလုပ်ကို ပိလတ်မင်း ကောင်းကောင်း
သဘောပေါက်သွားပါသည်။ “ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သို့နည်းဟု မေးပြီးမှ
တစ်ဖန်ယုဒလူတို့ ရှိရာသို့ ထွက်၍ ဤသူ၌ အဘယ်အပြစ်ကို မျှငါမတွေ့။”
ရှင်ယောဟန် ခရစ်ဝင်
၁၉း၄ ဒုတိယကျောက်ပြားတွင် ပေးထားသည့် အခြေခံတရား ခြောက်ချက်ဖြင့် ပိလတ်မင်း
စစ်ဆေးသောအခါ ပြစ်ချက်မရှိသော ကြောင့် “ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ
ငါမတွေ့ကြောင်းကို သင်တို့ သိစေခြင်းငှာ၊ သူ့ကို သင်တို့ ရှိရာသို့ ငါထုတ်ပြသည်ဟု
ဆို၏။”
ရှင်ယောဟန် ခရစ်ဝင်
၁၉း၆ ပထမကျောက်ပြားတွင် ပါဝင်သည့် အခြေခံတရားဖြင့် စွဲချက်တင်သော အမှုကို
လောကရှင်ဘုရင်၌ စီရင်ဆုံးဖြတ်ပိုင်သော အခွင့်အာဏာ ဘုရားသခင် ပေးထားခြင်း မရှိပါ။ “ယဇ်ပုရောဟိတ်
မင်းကြီးတို့နှင့် လုလင်များတို့က ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။
ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းက၊ သင်တို့သည် သူ့ကို ယူ၍ လက်ဝါးကပ်တိုင်မှာ
ရိုက်ထားကြ။ ငါသည် သူ၌ အပြစ်ကို မတွေ့ဟု ဆိုလျှင်။”
လောကီနိုင်ငံကို
အုပ်စိုးသော အစိုးရမင်းများ၏ တာဝန်သည် ဒုတိယကျောက်ပြားပေါ်တွင် ရေးထားသော
ပညတ်တရားခြောက်ပါးကို အသက်သွင်း အကောင်ထည်ဖော်ဆောင် ရမည့် တာဝန်ရှိပါသည်။
ရှင်ယောဟန် ခရစ်ဝင်
၁၉း၇ ပိလတ်မင်းက ဒုတိယကျောက်ပြားတွင်ပေးထားသော ပညတ်တရားခြောက်ပါးတွင်
အမှားမရှိကြောင်း ဝန်ခံသောအခါ ဘာသာရေးခေါင်းဆောင်များက ပထမကျောက်ပြားတွင်
ကျူးလွန်သော အပြစ်ရှိကြောင်း စွပ်စွဲခြင်း ဖြစ်ပါသည်။ “ယုဒလူတို့က၊ ဤသူသည်
ဘုရားသခင်၏ သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ ရှိသော ဓမ္မသတ်အတိုင်း
သေထိုက်ပါသည်ဟု လျှောက်ကြ၏။”
ရှင်ယောဟန် ခရစ်ဝင်
၁၉း၁၁ ဖာရိရှဲတို့၏ ထုံးတမ်းစဉ်လာဖြင့် သခင်ခရစ်တော်သည် သေဒဏ်အပြစ်ကို ခံရမည်။
ပညတ်တော်ဆယ်ပါးအရမဟုတ်ကြောင်း ယောဟန် ရေးခဲ့သော ခရစ်ဝင်ကျမ်းတွင် “အထက်အရပ်မှ
အခွင့်ကို မရလျှင် မင်းကြီးသည် ငါ့ကို အဘယ်သို့ မျှ မပြုနိုင်။ ထိုကြောင့် ငါ့ကို
မင်းကြီး လက်သို့ အပ်နှံသောသူသည် သာ၍ ကြီးသော အပြစ်ရှိသည်ဟု မိန့်တော်မူ၏။
ကမ္ဘာပေါ်တွင်
ဖြစ်ပျက်သမျှ အကြောင်းအရာ အားလုံးကို ကောင်းကင်မှ ပြဌာန်းထားခြင်း ဖြစ်ပါသည်။
ထိုကြောင့် အထက်အရပ်မှ ရရှိသော အခွင့်ကြောင်းသာလျှင် လောကီဘုရင်များ တာဝန်ကို
လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်သည်။ တိုင်းပြည်အစိုးရ၏ အာဏာကို သခင်ခရစ်တော်
အသိအမှတ်ပြုပါသည်။
၁။ ပိလတ်မင်းသည်
လူထုကို ကြောက်သည်။ လူထု၏ ထောက်ခံမှုကို အမှန်တရားထက်ပို၍ လိုလား နှစ်သက်သည်။
လူထု၏ အသိအမှတ်ပြုခြင်းကို အပေးအယူလုပ်ခြင်း ဖြင့် ခံယူလိုသည်။
၂။ အာဏာနှင့်ရာထူးကို
အမှန်တရားထက်ပို၍ တန်ဖိုးထားသူဖြစ်သည်။
ရှင်ယောဟန်ခရစ်ဝင်
၁၉း၁၂ သို့သော် လောကီရှင်ဘုရင်များသို့ ပေးထားခြင်းမရှိသော အခွင့်အာဏာကို
ပိလတ်မင်း ကျင့်သုံးခဲ့ပါသည်။ “ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကို
လွှတ်ခြင်းငှါ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကို လွှတ်လျှင် ကိုယ်တော်သည်
ကဲသာဘုရင်၏ အဆွေမဟုတ်ပါ။ ရှင်ဘုရင်လုပ်သော သူမည်သည်ကား၊ ကဲသာဘုရင်၏
ရန်သူဖြစ်ပါသည်ကို လျှောက်ကြ၏။”
ရှင်မဿဲခရစ်ဝင်
၂၇း၂၀ သခင်ခရစ်တော်ကို ဓမ္မဟောင်းအချိန်မှ ဣသရေလလူမျိုးများ ဘုရားသခင်နှင့်
အပြီးပိုင် ကွာရှင်းပြတ်စဲသကဲ့သို့ သခင်ခရစ်တော်ကို လက်မခံကြောင်း ကြော်ငြာခြင်း
ဖြစ်သည်။ “လူအစုအဝေးတို့သည် ဗာရဗ္ဗကို တောင်း၍ ယေရှုကို သတ်စေခြင်းငှာ
ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏။”
ရှင်ယောဟန်ခရစ်ဝင်
၁၉း၁၃-၁၅ ရှင်ဘုရင်ကို အကြပ်ကိုင်သော ဘာသာရေးခေါင်းဆောင်များ၏ အန္တရာယ်သည်
အကြီးမားဆုံး ဖြစ်ပါသည်။ နောက်လိုက်ငယ်သားများ မဟုတ်ပါ။ “ထိုစကားကို ကြားလျှင်
ပိလတ်မင်းသည် ယေရှုကို ပြင်သို့ ထုတ်ပြိးမှ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသ အမည်ရှိ ၍
ကျောက်ခင်းဟု ခေါ်ဝေါ်သော အရပ်၌ တရားပလ္လင်ပေါ်မှာ ထိုင်လေ၏။ ထိုနေ့အချိန်ကား၊
ပသခါ အဖိတ်နေ့ တစ်ချက်တီးအချိန်လောက် ရှိ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ ရှင်ဘုရင်ကို
ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊ ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်
မှာ ရိုက်ထားပါဟု လူများ ဟစ်ကြော်ကြ၏။ ပိလတ်မင်ကလည်း သင်တို့၏ ရှင်ဘုရင်ကို
လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရောဟိတ်အကြီး
တို့က၊ အကျွန်ု့တို့ ၌ ကဲသာဘုရင်မှတစ်ပါး
အဘယ်ရှင်ဘုရင်မျှ မရှိပါဟု ပြန်ပြောကြ၏။”
မတရားသော မေထုန်ကို
ရှင်ဘုရင်နှင့် ကျူးလွန်ခြင်း အားဖြင့် မဟာကရုဏာတံခါးကို မတရားသော မေထုန်ဖြင့်
အပြီးသတ်တံခါးပိတ်ခြင်း ဖြစ်သည်။
အမျိုးသားပျက်စီး
ဆုံးရှုံးရခြင်း ဘေးဒဏ်သည် အမျိုးသားဖောက်ပြန်ခြင်းမှ စတင်လာခြင်း ဖြစ်သည်။
နိုင်ငံတော် ပျက်စီးဆုံးရှုံးရခြင်းသည် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်” ကို နာခံမှု
မရှိသောကြောင့် ဖြစ်သည်။
ရှင်လုကာ ခရစ်ဝင်
၁၉း၄၁-၄၄ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို
ငြင်းပယ်ခြင်းဖြင့် မိမိတို့ကို ကယ်တင်ပြီး ကာကွယ်ပေးသော လုံခြုံရေးစနစ်
တစ်ခုလုံးကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။ “ယေရုရှလင်မြို့အနီးသို့ရောက်၍
ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊ အချင်းမြို့၊ သင်၏ငြိမ်းသက်ခြင်းနှင့် စပ်ဆိုင်သော
အရာတို့ကို သင်၏ လက်ထက်ယခုကာလ၌ ပင် သင်သည် သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊
ထိုအရာတို့ကို သင်၏ မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက် ရှိ၏။ အကြောင်းမူကား၊
သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင်၏
ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝန်းရံလျက် ချုပ်ထားပြီးလျှင်၊
သင်၏ ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့် တညီတည်းညှိသဖြင့်၊ သင်၌
ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ တစ်ဆင့်၍ မကျန်ရစ်စေခြင်းငှာ ပြုကြသော အချိန်ကာလသည်
ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။”
ဘုရားသခင်
ရွေးချယ်ထားသော အသင်းတော်သည် အုပ်ချုပ်ရေးအာဏာဖြင့် မတရားသော မေထုန်ကို
ပြုခြင်းကြောင့်။
၁။ ညှဉ်းပန်းနှိပ်စက်ခြင်းဟာ
အလိုလိုလိုက်လာပါသည်။ အသင်းတော်သည် သခင်ခရစ်တော်ကို ငြင်းပယ်ပြီး
လောကအုပ်ချုပ်ရေးအာဏာဖြင့် ဘာသာရေးစနစ်သစ် တည်ထောင်ခြင်းသည် မတရားသော
မေထုန်ဖြစ်သည်။
ဧဖက်ဩဝါဒစာ ၆း၁၇
ကောင်းကင်နိုင်ငံတော် တည်ထောင်ရန် အသင်းတော်တွင် ဝိညာဉ်တော်၏ “ဓား” ကိုပေးထားပါသည်။ “ကယ်တင်ခြင်းတည်းဟူသော
သံခမောက်လုံးကို လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏
ဓားကိုလည်းကောင်း ယူကြလော့။”
“ဓား”သည်
နှုတ်ကပတ်သမ္မာတရား မှန်လျှင်၊ အသင်းတော်သည် မည်သည့်နည်းဖြင့် အသုံးပြုရမည်နည်း။
တမန်တော်ဝတ္ထု ၁း၈
အသင်းတော်သည် တရားဟောပြောခြင်း၊ သွန်သင်ခြင်း၊ သက်သေခံခြင်းဖြင့် နှုတ်ကပတ်တော်
ဓားကို အသုံးပြုပါသည်။ “သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ
သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှ စသော ယုဒပြည်၊ ရှမာရိပြည်၊
မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။”
သမ္မာကျမ်းစာကိုကိုင်ပါ။
အုပ်ချုပ်ရေးအာဏာနှင့် ပေါင်းပြီ သာသနာပြန့်ပွားအောင် လုပ်ပါဟု သခင်ခရစ်တော်
အမိန့်ပေးထားခြင်း ရှိပါသလား။ တမန်တော်များ သည်လည်း ရောမ၏ အုပ်ချုပ်ရေး အာဏာကို
အသုံးချပြီး သာသနာတော်ကို မဖြန့်ကြပါ။
ရောမအုပ်ချုပ်ရေးအာဏာကို
အသုံးချပြီး ဂျူးလူမျိုးမျာသည် ထုံးတမ်းစဉ်လာ သာသနာကို ကာကွယ်ခဲ့ကြပါသည်။
နှုတ်ကပတ်တော် “ဓား”ဖြင့် နတ်ဆိုးကို
ကာကွယ်တိုက်ခိုက်ရန် အခွင့်ပေးထားသော်လည်း နှုတ်ကပတ် “ဓား” ကြောင့် လူ့အသက်ကို
သတ်ရန် အခွင့်ပြုထားခြင်း မရှိပါ။
ဂျူးလူမျိုးများ
ထပ်ခါထပ်ခါ ကျူးလွန်သော အမှားမျိုးကို နောက်ဆုံးကာလတွင် ဖောက်ပြန်သော အသင်းတော်
ကျင့်သုံးဦးမည့် အနာဂတ္တိစကားဖြစ်ပါသည်။
တမန်တော် ဝတ္ထု
၁၂း၁-၄ သခင်ခရစ်တော် လူ့ဇာတိခံယူစဉ်အချိန်တွင် ခံစားခဲ့ရသော
ညှဉ်းပန်းနှိပ်စားခြင်း စနစ်ကဲ့သို့ သခင်သခရစ်တော်၏ ဝိညာဏကိုယ်ခန္ဓာဖြစ်သည့်
အသင်းတော်သည် ညှဉ်ပန်းနှိပ်စက်ခြင်းကို ခံစားရမည့် အနာဂတ္တိစကားဖြစ်ပါည်။
ပုံစံနမူနာတစ်ခုကို ကြည့်ပါ။ “ထိုအခါ ဟေရုဒ်မင်းကြီးသည် သင်းဝင်သူ အချို့တို့ကို
ညှဉ်းဆဲခြင်းငှာ စီရင်၍၊ ယောဟန်၏ အကိုဖြစ်သော ယာကုပ်ကို ဓားနှင့်ကွပ်မျက်လေ၏။
ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည်ကို မြင်လျှင် အဇုမပွဲနေ့ရက်တို့၌
တစ်ဖန်ထပ်၍၊ ပေတရုကိုလည်း ဖမ်းဆီးပြီးမှ ပသခါပွဲလွန်လျှင် လူများတို့အား
ထုတ်ပေးမည် အကြံနှင့် အစောင့်အရှောက် စစ်သူရဲတစ်ကျိပ်ခြောက်ယောက်တို့၌ အပ်၍
ထောင်ထဲမှာလှောင်ထားလေ၏။”
ဟေရုဒ်မင်းကြီးသည်
ဖောက်ပြန်သော အသင်းတော်၏ ထောက်ခံမဲကို လိုလားသောကြောင့် ပြည့်တန်ဆာ
မိန်းမကြိုက်နှစ်သက်သမျှအားလုံး ဆောင်ရွက်ပေးသည်။ အုပ်ချုပ်ရေးဘုရင့်အာဏာဖြင့်
သာသနာတော် ကာကွယ်ခြင်း အမှုကို ကျမ်းစာကို မတရားသော မေထုန်ဟု ခေါ်ပါသည်။
၁။ ဖောက်ပြန်သော
အသင်းတော်သည် နှစ်ခြင်း ဆရာယောဟန်ကို သတ်သည်။
၂။ ဖောက်ပြန်သော
အသင်းတော်သည် တမန်တော်များကိုသတ်သည်။
၃။ ဖောက်ပြန်သော
အသင်းတော်သည် အမှောင်ခေတ်တွင် ခရစ်ယာန်များကို သတ်သည်။
၄။ ဖောက်ပြန်သော
အသင်းတော်သည် နောက်ဆုံးကာလတွင် သားရဲတံဆိပ် မခံယူသူကို သတ်မည်။
“ဓား”နှစ်မျိုးရှိသည်။
ဘုရားသခင် ပိုင်ဆိုင်သော နှုတ်ကပတ်တော် အာဏာ “ဓား”က တစ်မျိုး၊ လောကရှင်ဘုရင်မင်း
ပိုင်ဆိုင်သောအာဏာ “ဓား” ကတစ်မျိုး၊
အသင်းတော်သည် လောကဘုရင်မင်းပိုင်သော အာဏာ “ဓား” ကိုလှည့်စားပြီး အသုံးပြုခြင်းသည် မတရားသော
မေထုန်ဖြစ်ပါသည်။
ရောမဩဝါဒစာ ၁၃း၁-၃
လောကရှင်ဘုရင်မင်း ဘဏ္ဍာစိုး အဖြစ် အပ်နှံထားသော အာဏာ “ဓား” မှာ “အစိုးရသော
မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်း ဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏
အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာ
ဖြစ်သတည်း။ ထိုကြောင့် မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို
ဆန်သောသူ ဖြစ်၏။ ထိုသို့ ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။ မင်းမူကား၊
ကောင်းသောအကျင့်ကို ကျင့်သောသူ ကြောက်ဖို့ ဖြစ်သည်မဟုတ်၊ မကောင်းသော အကျင့်ကို
ကျင့်သော သူကြောက်ဖို့ဖြစ်၏။ မင်းအာဏာကို မကြောက်ဘဲ နေချင်သလော။
ကောင်းသောအကျင့်ကို ကျင့်လော့။ ကျင့်လျှင် မင်းအာဏာကြောင့် ချီးမွမ်းခြင်းကို ခံရလိမ့်မည်။”
လောကီအစိုးရမင်းများ၏
တာဝန်မှာ ဒုတိယကျောက်ပြားပေါ်တွင် ပါဝင်သော ပညတ်တရားခြောက်ပါးကို
အသက်သွင်းအကောင်အထည် ဖော်ဆောင်ရမည့် တာဝန်ရှိပါသည်။ မကောင်းသော အကျင့်ကို ကျင့်သော
သူများ ကြောက်ဖို့ ဖြစ်သည်။
အသင်းတော်သည် လောကီအစိုးရမင်း ဆိုင်သော အာဏာကို
လှည့်စာပြီး သာသနာပြုခြင်းသည် မဟာအမှားဖြစ်သည်။
နိုင်ငံတော်
အုပ်ချုပ်ရေးအာဏာဖြင့် သာသနာကို ရောနှောပြီး သခင်ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင်
ငြင်းပယ်သည့် နည်းအတိုင်း သခင်ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်ကို
ညှဉ်ဆဲခြင်း နည်းလမ်းဖြင့် ငြင်းပယ်လိမ့်မည်။ ယုံကြည်ခြင်း အမှုတွင် မင်းအာဏာဖြင့်
ညှဉ်းဆဲပြီး အသင်းဝင် စေလိမ့်မည်။
ရှင်မဿဲခရစ်ဝင်
၂၇း၁၉ သတိထားရမည့် အကြောင်းမှာ ပိလတ်မင်းသည် အပြစ်မရှိသော သူကို ဘယ်သောအခါမျှ
ကာကွယ်မည် မဟုတ်ပါ။ မိမိ၏ နေရာ၊ ရာထူးစည်းစိမ်အတွက် အပြစ်မဲ့သော သူ၏ အသွေးကို
သွန်းလောင်းရန် ရွေးချယ်မည်ဟု ကျမ်းစာက “ထိုမှတစ်ပါး တရားပလ္လင် ပေါ်မှ
ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တစ်ယောက်ကို စေလွှတ်၍၊ ထိုဖြောင့်မတ်သော သူကို
အဘယ်သို့မျှ မပြုပါနှင့်၊ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာ
ခံရပါပြီဟု မှာလိုက်၏။”
လောကအာဏာကို
ဘဏ္ဍာစိုးအဖြစ် ပိုင်ဆိုင်သော အစိုးရမင်းများကိုလည်း သတိပေးပါ။ မိမိ၏ နိုင်ငံရေး
ဂုဏ်သိက္ခာအတွက် ဖြောင့်မတ်သော သူ၏ အသွေးကို သွန်းလောင်းမည်လား။
ရှင်မဿဲ ခရစ်ဝင်
၂၇း၂၄ နောက်ဆုံးတွင် ဟန်ဆောင်ပန်ဆောင် ဖြင့် လက်ကို ဆေးရင်း ဖြောင့်မတ်သူ၏
အသွေးနှင့် ငါကင်းရှင်းပါသည် ဟူသော စကားသံထပ်ပြောမည်လား။ “ပိလတ်မင်းသည်
မိမိမနိုင်၊ လူများသာ၍ ရုန်းရင် ခတ်မျှ ပြုကြသည် ကိုမြင်လျှင်၊ ရေကို ယူ၍
လူများရှေ့တွင် မိမိလက်ကို ဆေးလျက်၊ ဖြောင့်မတ်သော သူ၏ အသွေးနှင့်
ငါသည်ကင်းရှင်း၏။ ဤအမှုကို သင်တို့ကြည့်ကြလော့ဟု ဆို၏။”
ရှင်ယောဟန် ခရစ်ဝင်
၁၆း၁-၃ ယနေ့အစိုးရမင်း အာဏာပိုင်များ၏ အနေအထားကို သက်သေပြနေသည်။ သန့်ရှင်းသော
ဝိညာဉ်တော်သည် အသင်းတော်ကို တရားလမ်းအတိုင်း လိုက်ရန်
တိုက်တွန်းသွေးဆောင်သည်နည်းတူ ယနေ့ဖောက်ပြန်သော ဘာသာရေးသည်လည်း မင်းအာဏာပိုင်နှင့်
ပူးပေါင်းကြရန် တိုက်တွန်းသွေးဆောင်ပါသည်။ “သင်တို့သည် စိတ်မပျက် စေခြင်းငှာ
ဤစကားကို ငါဟောပြော၏ လောကီသားတို့သည် သင်တို့ကို တရားစရပ်မှ နှင်ထုတ်လိမ့်မည်။
သင်တို့ကို သတ်သောသူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သော အချိန်ကာလ
ရောက်လိမ့်မည်။ ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း
မသိသောကြောင့် ထိုသို့ ပြုကြလိမ့်မည်။”
ရာဇဝင်သမိုင်းသည်
မိတ်ဆွေအတွက် အသစ်အဆန်း ဖြစ်ပါသလား။ အမှောင်ခေတ်သမိုင်းက သက်သေပြနေပါသည်။ အမှားကို
ထပ်ပြီးမကျူးလွန်မိအောင် မင်းအာဏာပိုင်များကို သတိပေးရမည်။ ဟောပြောရမည်။
အသင်းတော်များ၊ ဘာသာရေးအဖွဲ့အစည်းများကိုလည်း အသိပေးရမည်။ လူတိုင်းကို လည်း
သတိပေးရမည်။ ပိလတ်မင်းကဲ့သို့ လက်ကို ရေဖြင့် ဆေးကြောခြင်း အမှုကို
ဘုရားသခင်လက်ခံမည် မဟုတ်ပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် လုံလောက်မှု မရှိပါ။
သန့်ရှင်းသော
ဝိညာဉ်တော်၏ ဆေးကြောခြင်းသာလျှင် ကျွန်တော်တို့ကို ကာကွယ်ပေးပါလိမ့်မည်။
သခင်ခရစ်တော်ကို ဆန့်ကျင်နေသည့် ဘာသာရေးစနစ်သည် “ဘုရားသခင် ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ငြင်းပယ်သော ဝိညာဉ်ရေးစနစ် ဆိုးဖြစ်သည်။ နှုတ်ကပတ်တော်တွင်
တည်နေခြင်းဖြင့် မတရားသော မေထုန်မှ အကောင်းဆုံး ရှောင်ရှားသော နည်းလမ်း ဖြစ်ပါသည်။
မိတ်ဆွေ၊ မတရားသော မေထုန်၏ အန္တရာယ်ကို သတိထားပါ။
အားလုံးအပေါ်
ဘုရားသခင် သွန်းလောင်းချပေးသော ကောင်းချီးမင်္ဂလာကို မိတ်ဆွေပိုင်ဆိုင်နိုင်ပါစေ။
အာမင်။
No comments:
Post a Comment